ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောခုနစ်စီးကို ကနီမြို့နယ်အရောက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ယခုလ ၁၂ ရက်က စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကို အတည်ပြုပြောပါတယ်။
“ ကျွန်တော်တို့ စနိုက်ပါကို အဓိကထားအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်လို့ ခွေးသုံးကောင်သေတယ်။ သေတာကို ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ ခွေးအိုင်ကွန်နံပါတ်ကို ကျွန်တော်တို့ရထားတဲ့အတွက် လိုင်းပူးပြီး သူတို့ပြောတာနဲ့ ကျွန်တော်တို့အတည်ပြုနိုင်ခဲ့တာ” လို့ သူကပြောပါတယ်။
အဲဒီ့စစ်ကောင်စီတပ်သင်္ဘောအုပ်စုဟာ မုံရွာကနေစထွက်လာကတည်းက မြစ်ကမ်းတစ်လျောက်မှာရှိတဲ့ သူတို့မသင်္ကာတဲ့ရွာတွေကို လက်နက်ကြီးငယ်နဲ့ရမ်းသမ်းပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ KLG တပ်မဟာက တာဝန်ရှိသူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ခန္တီးမြို့ကနေ ကျောက်စိမ်းတင်လာတဲ့ စစ်သင်္ဘောအုပ်စုတစ်ခုလည်း မြစ်ကြောင်းအတိုင်းစုန်ဆင်းလာနေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
“ကျောက်စိမ်းတင်လာတဲ့ သင်္ဘော ၁၂ စီးအုပ်စုက ကလေးဝနဲ့ နီးနီးနားရောက်နေပြီ။ ကနီကို ဒီနေ့မရောက်ရင် မနက်ဖြန်တော့ သေချာပေါက်ရောက်မှာ။ မုံရွာကနေ သယ်မလား၊ မန္တလေးကျမှ ကျောက်စိမ်းတွေသယ်မလားတော့မသိဘူး။ စစ်ရေးကတော့ တင်းမာဦးမှာဗျ” လို့ သူကပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆန်သွားလာနေတဲ့ စစ်သင်္ဘောအုပ်စုတွေဟာ ကမ်းတစ်လျောက်မှာရှိတဲ့ ကျေးရွာတွေကို ပစ်ခတ်တာတွေရှိတာကြောင့် စစ်သင်္ဘောတွေထွက်လာတာသတင်းရတာနဲ့ ရွာတွေက ဒေသခံတွေထိခိုက်မှုမရှိအောင် ကြိုတင်စစ်ရှောင်ခိုင်းရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းကို ခြေလျင်စစ်ကြောင်းထိုးတာ၊ မြစ်ကြောင်းကနေပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် ယင်းမာပင်နယ်ထဲက ကျေးရွာအများအပြားက စစ်ရှောင်တစ်သောင်းကျော်အထိရှိနေပြီး စာနပ်ရိက္ခာအရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပုံစာ-ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ယင်းမာပင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ
ဓာတ်ပုံ-ကျောက်လုံးကြီးတပ်မဟာ KLG
#Dailynews

