ရန်ကုန်-၂၀၂၄ ဇွန် ၂၈ (မော်ကွန်း)
ရှမ်းပြည်မြောက်ပိုင်းမှာ တစ်ကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာချိန် အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို တိုင်းနဲ့ပြည်နယ်တွေက တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)ကို အခုနှစ် ဧပြီ ၈ ရက်က စတင်ခဲ့တာဖြစ်ပြီး အခြေခံစစ်ရေးသင်ကြားကာ သုံးလအကြာဒီနေ့မှာ သင်တန်းဆင်းခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းသင်တန်းဆင်းသူတွေကို ဘယ်လိုနေရာတွေမှာ တာဝန်ချထားမယ်ဆိုတာ ထုတ်ပြန်မထားပါဘူး။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့ သင်တန်းဆင်းသူတွေကို မြို့တွင်းလုံခြုံရေးအတွက်ပဲ အသုံးပြုသွားမှာလို့ ဆိုပါတယ်။
“သူတို့ကို ရန်ကုန်ကလူက ရန်ကုန်မြို့တွင်း၊ မန္တလေးကလူက မန္တလေးမြို့ထဲ အဲဒီလို သူတို့နေတဲ့မြို့နယ်တွေမှာပဲ လုံခြုံရေးပြန်လုပ်ရမှာ၊ ကင်းတွေစောင့်ရမှာပေါ့။ ဘယ်လိုလုပ် ရှေ့တန်းပို့လို့ရမှာလဲ။ ပစ်တာခတ်တာ သုံးလလောက်ပဲသင်ပြီး ရှေ့တန်းပို့ရင် အကုန်သေကုန်မှာပေါ့” လို့ သူကဆိုပါတယ်။
ဒါပေမယ့် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်မှုထမ်းသင်တန်းတက်ဖို့ ခေါ်ဆောင်ခံရပြီး ရှေ့တန်းပို့ခံရလို့ သေသွားသူတွေ၊ ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
ရန်ကင်းမြို့နယ်က စစ်မှုထမ်းဖို့ မဲပေါက်ခဲ့တဲ့သားနှစ်ယောက်ကို နိုင်ငံခြားလွှတ်လိုက်တဲ့ မိခင်တစ်ဦးကတော့ စစ်သင်တန်းဆင်းသူတွေကို ရှေ့တန်းမပို့ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
“သူတို့ရှေ့တန်းမပို့ဘူးဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ တစ်နိုင်ငံလုံး ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ။ ကိုယ့်သားသမီးတွေ မွေးထားတာအကောင်း၊ စစ်ထဲတော့မထည့်နိုင်ဘူး။ သားနှစ်ယောက်လုံး ထိုင်းကို အောက်လမ်းကနေပို့ပြီးပြီ” လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်တွေဟာ ကိုယ့်သဘောနဲ့ကိုယ် စစ်သင်တန်းတက်ရောက်ခဲ့ကြတာလို့ ဆိုထားပါတယ်။
ဒါပေမယ့် ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ကဧပြီလတုန်းကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းပထမအသုတ်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ဒေသတွေမှာ လူဦးရေအများဆုံးစုဆောင်းခဲ့ပြီး အဲဒီထဲက လူငယ်နှစ်ရာကျော်ဟာ အတင်းအဓ္ဓမ တပ်သားသစ်အဖြစ်စုဆောင်းခံခဲ့ရတာလို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လက်ရှိအချိန်မှာတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃) အထိ ဖွင့်ထားပြီး တချို့မြို့နယ်တွေမှာ အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ ခေါ်ယူစာရင်းကောက်တာတွေရှိလာပါတယ်။
ဒီနေ့ပြုလုပ်တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိတွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးက စစ်ကောင်စီဝင်တွေ တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ပုံစာ-ရန်ကုန်တိုင်းမှာ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပွဲ
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်

