မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၁၉( မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ စစ်ကောင်စီရေတပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒေသခံ လူငယ်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောဒေသက သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒဏ်ရာရခဲ့တဲ့လူငယ်တွေဟာ မောင်တောမြို့နယ်၊ ဦးဒေါင်းကျေးရွာကဖြစ်ပြီး မနေ့က ညနေပိုင်းမှာ ရေတပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာအနီးကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
” စစ်ကောင်စီကတော့ မောင်တောကို လက်လွှတ်လိုက်ရပြီးကတည်းက လေကြောင်းကရော ၊ နေဗီ(ရေတပ်)ကရော တောက်လျှောက်ပစ်နေတာ။ နေအိမ်တွေ မီးလောင်လိုက်၊ လူတွေထိခိုက်လိုက်နဲ့ ရမ်းပစ်နေတာပဲ။ အခုဒဏ်ရာရသွားတဲ့ လူငယ်တွေကတော့ အသက်မစိုးရိမ်ရပေမယ့် အခုလိုမျိုး လျှောက်ပစ်နေတော့ ပြည်သူတွေက ကြောက်လန့်နေကြရတာပေါ့” လို့ မောင်တောဒေသက သတင်းရင်းမြစ်က ပြောပါတယ်။
မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်း နခခ(၅) ကို အာရက္ခတပ်တော်(AA)က ဒီလ ၈ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့ကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ပါတယ်။
သို့သော် စစ်ကောင်စီဟာ မောင်တောမြို့နယ်ကို ရေတပ်၊ လေတပ်များဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာလည်း တောတောင်တွေထဲ ပုန်းအောင်းကာ ဒေသခံများကို တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် အရပ်သားတွေဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မောင်တောဒေသ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
” စစ်ကောင်စီကတော့ ပြည်သူတွေကို ဘယ်တော့မှ အေးအေးချမ်းချမ်းပေးနေမှာတော့ မဟုတ်ဘူး။ ဒီလိုပဲ လျှောက်ပစ်နေမှာ။ တခြားမြို့တွေသိမ်းလို့ရတုန်းကလည်း ဒီလိုပဲ။ ဒါပေမဲ့ တခြားမြို့တွေထက် ပိုဆိုးတာက ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေရော ၊ မွတ်ဆလင်လက်နက်ကိုင်တွေရော အများကြီး ရှိနေသေးတယ်။ သူတို့တွေက မြေပြင်မှာ ပြည်သူတွေကို လိုက်ခြိမ်းခြောက်နေတုန်းပဲ။ သူတို့တွေ အကုန်လုံးကင်းစင်သွားမှ ပြည်သူတွေ စိုးရိမ်စိတ်တွေလျော့ပြီး တောတောင်ထဲမှာ လုပ်ကိုင်စားသောက်လို့ရမှာ” လို့ မောင်တောဒေသခံကိုကောင်းက ပြောပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ် ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်ကို AA ထံ လက်လွှတ်ပေးထားရပြီး ထိုမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီရေတပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ဒဏ်ရာရခဲ့သည့် ဦးဒေါင်းရွာ။
ဓါတ်ပုံ- Googlezz

