ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း)
ကုန်ခဲ့တဲ့သုံးလအတွင်း( အောက်တိုဘာ၂၉-ဒီဇင်ဘာ၃၀) ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းမီးရှို့ဖျက်ဆီးမှုကြောင့် ဘာသာရေးအဆောက်အအုံတွေ အပါဝင် အိမ်ပေါင်း(၆၅၁)လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ Thantlang Placement Affairs Committee- TPAC က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ထန်တလန်မြို့ မှာ အိမ်ခြေ (၂၀၀၀) ခန့်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီမြို့မှာရှိတဲ့ အိမ်ခြေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကျော် ပျက်ဆီးခဲ့ရတယ်လို့ ဒီအဖွဲ့က ဖော်ပြတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ မီးလောင်နေတဲ့ အိမ်တွေကို မီးငြှိမ်းဖို့သွားတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ဦးလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် တာ ခံခဲ့ရတယ်လို့ ချင်းပြည်နယ်အခြေစိုက်၊ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
လက်ရှိမှာတော့ ထန်တလန် မြို့ခံတွေဟာ ချင်းပြည်နယ်အတွင်းနဲ့ အိန္ဒိယနယ်စပ်ဒေသတွေမှာ စစ်ရှောင်နေကြပြီး ထွက်ပြေးလာသူအများစုက အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေကြရတယ်လို့ Thantlang Placement Affairs Committee- TPAC က ထုတ်ပြန်ပါတယ်။
ပုံစာ- မီးလောင်ပျက်ဆီးခဲ့သည့် ထန်တလန်မြို့။
Photos – Thantlang Placement Affairs Committee (TPAC)
#Dailynews

