ရန်ကုန် – ၂၀၂၅ ဩဂုတ် ၄ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တစ်လအတွင်း သေဆုံးသူအရေအတွက် ၂၇ ဦးထိ ရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လတစ်လအတွင်း တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရဲ့ ထိခိုက်မှုအခြေအနေမှတ်တမ်းကို ဒီနေ့မှာ ထုတ်ပြန်လာတာပါ။
TNLA တပ်တွေ စိုးမိုးထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေကို ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ်အပါအဝင် ဒေသခံ ၂၇ ဦးသေဆုံးကာ ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ပေါင်း ၁၀၀ ကျော်နဲ့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ဒီမှတ်တမ်းမှာ ဖော်ပြပါတယ်။
ဒီမနက်ပိုင်းကလည်း စစ်ကောင်စီဟာ ကျောက်မဲမြို့က အမှတ် (၆) ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးတဲ့အပြင် လူလေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ရှစ်ဦးထိ ရှိခဲ့ပါသေးတယ်။
ဒီလ ၂ ရက်မှာလည်း မိုးကုတ်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် ဒေသခံ ၁၂ ဦးထိ သေဆုံးခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် လေကြောင်းကာကွယ်ရေး သတိရှိဖို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းမှာ နောက်ထပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို စစ်ကြောင်းထိုးလာနေပြီး နှစ်ဖက်မြေပြင်တိုက်ပွဲဖြစ်နေပါတယ်။
နောင်ချို – မိုးကုတ်လမ်းပိုင်းက သုံးဆယ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီး မိုးကုတ်မြို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်တာတွေ မကြာခဏရှိလာတာပါ။
ပုံစာ – ဒီမနက်ကျောက်မဲမြို့ကို လေကြောင်းက ဗုံးကြဲထားတဲ့ မြင်ကွင်း
ဓါတ်ပုံ – TNLA

