ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သား ၅၅၀ ကျော်ရှိပြီး စစ်ကောင်စီနိဂုံးချုပ်ချိန်နီးလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိသုံးနှစ်တာကာလအတွင်း ကရင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်သား ၁၈,၀၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ယာယီသမ္မတက ဆိုထားပြီး ဒီရလဒ်တွေကိုကြည့်ရင် စစ်ကောင်စီရဲ့ နိဂုံးချုပ်ချိန်နီးကပ်လာပြီလို့ ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ချအညံ့ခံမှုနဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း စစ်ရေးနောက်ခံသမိုင်းမှာ မကြုံဖူးလောက်အောင် အရေအတွက် အလုံးအရင်းနဲ့ များပြားနေတာကို တွေ့ရပါတယ်…
“နေ့စဉ်နဲ့အမျှစခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ဟာ တစ်ရိပ်ရိပ်တက်နေတာကို တွေ့ရပါတယ်” လို့ ဒူဝါလရှီးလက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံတာနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့မရှိပေမယ့် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာတော့ တပ်မိသားစုဝင်တွေကို ခြိမ်းခြောက်တာကြောင့် လက်နက်ချအညံ့ခံကြတာလို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်သားတွေ အများအပြားလက်နက်ချအလင်းဝင်ခဲ့တဲ့အထဲမှာ ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်က လောက်ကိုင်အခြေစိုက် ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှူးဦးဆောင်တဲ့ စစ်သည်တွေနဲ့ သူတို့ရဲ့မိသားစုဝင် စုစုပေါင်း ၂၆၂ ဦး အလင်းဝင်ခဲ့တဲ့ ဖြစ်ရပ်ဟာ ထင်ရှားပါတယ်။
အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့ စစ်ဆင်ရေးရဲ့ နှစ်လမပြည့်ခင်အချိန်အတွင်းမှာ မြို့ပေါင်း နှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ စစ်စခန်းပေါင်း လေးရာကျော်ကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA,TNLA,MNDAA အဖွဲ့တွေကလည်း နှစ်သစ်မှာ မျှော်မှန်းထားတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုး အမြစ်မတွယ်ရေးနဲ့ ပြည်သူလူထုအားလုံးလိုလားတောင့်တတဲ့ ရည်မှန်းချက်တွေအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေက ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့ကြတာရှိတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာပြောထားပါတယ်။
ပုံစာ-အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ နှစ်သစ်ကူးမိန့်ခွန်းပြောစဉ်။
ဓာတ်ပုံ-NUG

