ရန်ကုန်-၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်သွယ်လာတဲ့ လူဦးရေဟာ တစ်လအတွင်းမှာ တစ်သောင်းခွဲရှိတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ပြုလုပ်တဲ့ NUG ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အခမ်းအနားမှာ ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ချိန်ကစပြီးတော့ NUG က ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနိုင်ဖို့ တယ်လီဂရမ်ချန်နယ် Hotline တစ်ခုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီတစ်လအတွင်းမှာ Box ကို လာပြီးတော့ ဆက်သွယ်တာဆိုရင် ပြည်သူလူထုဦးရေ တစ်သောင်း၊ တစ်သောင်းခွဲပေါ့နော်။ တစ်သောင်းငါးထောင်လောက် လာပြီးတော့ဆက်သွယ်ဆောင်ရွက်ကြတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ လာရောက်ဆက်သွယ်မေးမြန်းကြတဲ့အထဲမှာတော့ ယောက်ျားလေးကတော့ ပိုများတယ်ပေါ့နော်။ အခုပထမအသုတ်စုဆောင်းမှုတွေမှာလည်း အမျိုးသားတွေကိုပဲ ဦးစားပေးပြီးတော့ အကြမ်းဖက်စစ်အုပ်စုက စုဆောင်းထားတဲ့အတွက်ကြောင့်မို့ ယောက်ျားလေးဦးရေကတော့ ပိုများတယ်” လို့ သူက ပြောပါတယ်။
NUG ရဲ့ တယ်လီဂရမ်ချန်နယ်ကို လာရောက်ဆက်သွယ်မေးမြန်းကြတဲ့သူအများစုဟာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းလူငယ်တွေနဲ့ သူတို့ရဲ့ မိသားစု၊ ဆွေမျိုးတွေဖြစ်ပြီး PDF ဘက်ကို ဝင်ချင်လို့ဆက်သွယ်သူ အများစုဖြစ်တယ်လို့ဆိုပါတယ်။
“MOD(ကာကွယ်ရေးဝန်ကြီးဌာန) နဲ့ချိတ်ဆက်ပြီး ဝင်ချင်တဲ့သူတွေကို ချိတ်ဆက်ဆောင်ရွက်ပေးတာရှိတယ်။ အဲဒီလိုပဲ လွတ်မြောက်ရာနယ်မြေတစ်ခုခုကို ခိုလှုံချင်တဲ့ပြည်သူတွေ ရှိလာခဲ့ရင်လည်း သူတို့ကို ကျွန်တော်တို့က လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းပြီးတဲ့အခါမှာ အထူးသဖြင့်ပေါ့ ကျွန်တော်တို့ MOHATN ပေါ့နော်၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေပြီးတော့ focus လုပ်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ပို့ဆောင်ပေးနေတဲ့ အလုပ်တွေလည်း ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ အခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်ငါးထောင်ကို တက်သုတ်ရိုက်စုဆောင်းခဲ့သလို စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁) ကို သင်္ကြန်မတိုင်မီ ဧပြီလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁) မှာခေါ်ယူခံရသူတွေကို လက်နက်ငယ်ပစ်ခတ်တဲ့သင်ခန်းစာတွေစတင်သင်ပေးနေပြီး အပတ်စဉ် (၂) အတွက် ထပ်မံခေါ်ယူဖို့ မကြာခင်မှာလုပ်ဆောင်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးက မော်ကွန်းကိုပြောထားပါတယ်။
စစ်မှုထမ်းသင်တန်း ပထမအသုတ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့ကိုပစ်မှတ်ထားကာ လူဦးရေအများဆုံး စုဆောင်းခဲ့ပြီး လူငယ်ပေါင်း ၂၀၀ ကျော်ဟာ အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အခုလ ၁၈ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပုံစာ-စစ်မှုထမ်းသင်တန်းအပတ်စဉ်၁ အတွက်စုဆောင်းခံရသူတွေကို လက်နက်ငယ်ပစ်ခတ်သင်တန်းပေးနေစဉ်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်။

