ရန်ကုန် -၂၀၂၃ မေ ၂၉ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ချောင်းနားရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်က ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသုံးယောက်အသတ်ခံရကာ ငါးထောင်ခန့် စစ်ရှောင်နေရတယ်လို့ ရွာခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“ အိမ်ခြေကတော့ ၆၀၊၇၀ လောက်တော့ မီးလောင်နေတယ်၊ အခုချိန်အထိ။ တိုက်ပွဲဖြစ်လို့မဟုတ်ဘူး၊ အကြောင်းမဲ့မီးရှို့တာ။ ချောင်းနားရွာရဲ့ တောင်ဘက်မှာ ပျူစောထီးရွာရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကို သူတို့ကိုယ်တိုင်လာမတိုက်ရဲဘူး။ အဲဒီမှာ စစ်ကြောင်းကို ခေါ်ပြီး ရွာကိုမီးရှို့တာ။ အဖမ်းခံရတဲ့အထဲ အသတ်ခံရတာသုံးယောက်လို့ ကြားတယ်။ တစ်ယောက်ကတော့သေချာတယ်။ ပြည်သူတွေရှေ့ဒူးထောက်ပြီး ပစ်သတ်ခံရတယ်တဲ့” လို့ ရှေ့တန်းမှာရောက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပခုက္ကူခရိုင်တပ်ရင်း(၁၈) က ပြန်ကြားရေးတာဝန်ရှိသူက ဒီနေ့လယ်ကပြောပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၃၀ ခန့် အမျိုးသားတွေဖြစ်တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
မီးရှို့နေတာကြောင့် ချောင်းနားရွာအပါအဝင် အနီးအနားရွာတွေက ရွာသားငါးထောင်ခန့် ထွက်ပြေးနေရပြီး ချောင်းနားရွာရဲ့မြောက်ဘက်နဲ့ အရှေ့ဘက်မှာရှိတဲ့ ပြစ်တဲရွာ၊ တဲတော်ယာ(တောင်စု)ရွာတွေကို မေ ၂၈ ရက်က စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့သေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ သူတို့ကိုထောက်ခံတဲ့ ပျူစောထီးတွေပေါင်းပြီး ချောင်းနားရွာကိုဝင်စီးမီးရှို့နေတာကိုတားဆီးဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားပြီးတိုက်ခိုက်တာရှိပေမယ့် ရွာထဲအထိမဝင်နိုင်ဘဲ အဝေးကလှမ်းပစ်ရတဲ့အနေအထားမျိုးသာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ သူတို့မီးရှို့နေတဲ့အချိန် ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ ရွာနားကပ်ပြီးပစ်တယ်။ အဲဒီလောက်ပဲပစ်နိုင်ခဲ့တယ်။ သူတို့က ကင်းပုန်းတွေချထားလို့ ရွာထဲအထိမဝင်နိုင်ဘူး။ သူတို့ဘက်က ၆၀ မမတွေနဲ့ လှမ်းပစ်တယ်” လို့ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီမနက် မီးရှို့ခံရတဲ့ချောင်းနားရွာဟာ အိမ်ခြေ ၁၂၀ ခန့် ရှိတဲ့ရွာပါ။ စိုက်ပျိုးမွေးမြူရေးလုပ်တဲ့ရွာဖြစ်ပြီး မိုခါမုန်တိုင်းကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးထားတဲ့ရွာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့၊ စစ်ထိုးမှုတွေကြောင့် လွတ်ရာ၊ ကျွတ်ရာကို ရှောင်ကွင်းရင်း ရွာကို ပြန်ပြန်ကပ်နေရတဲ့ အခြေအနေနဲ့ လတ်တလောရှင်သန်နေရတယ်လို့ ချောင်းနားရွာခံ အမျိုးသမီးတစ်ဦးက တိုက်ပွဲရှောင်နေရတဲ့အခြေအနေကို ပြောပြပါတယ်။
“ သူတို့က မီးတွေရှို့ သေနတ်တွေဘာတွေ ဖောက်ပြီး ကျွန်မတို့ဆီရောက်လာတာနဲ့ ရွာထိပ်နား နွားတွေကောဆွဲပြီးပြေးရတာပေါ့။ လူအိုတွေကော ကလေးတွေကော ပြေးရတာ” လို့ ချောင်းနားရွာခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ရွာတွေကို မေ ၂၅ ရက်ကတည်းက စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်နေတာလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ မတ် ၁၉ အထိ မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ အိမ်ခြေပေါင်း ၉,၀၁၉ လုံး မီးလောင်ပျက်စီးခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးနေတဲ့ ချောင်းနားရွာဟောင်း
Photo- successful force- Pauk
#Dailynews

