ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၅ (မော်ကွန်း)
MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကလောက်ကိုင်မြို့ကို စစ်ကောင်စီက မနေ့မနက်အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ပြီးနောက် လောက်ကိုင်မြို့မှာ လေကြောင်းသတိပေးချက်ထုတ်ပြန်ထားပြီး နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် MNDAA ဟာ ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေစဉ်မှာပဲ စစ်ကောင်စီဟာ လောက်ကိုင်မြို့ကို ရုတ်တရတ်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီက လောက်ကိုင်မြို့ကို လေကြောင်းကနေ အချိန်ယူထောက်လှမ်းခဲ့ပြီး မနေ့က မနက်အစောပိုင်း ၂ နာရီခန့်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ The Kokang သတင်းထုတ်ပြန်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ထဲက Rainbow တံတားအနီးမှာရှိတဲ့ Royal Lever Hotel နဲ့ Dongcheng International Hotel တို့ ထိခိုက်ခဲ့ပြီး အနီးပတ်ဝန်းကျင်က အဆောက်အဦးတချို့လည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအဆောက်အဦးတစ်ခုက ငါးလွှာတိုက်ခန်းမှာရှိနေတဲ့ အမျိုးသားတစ်ဦးဟာလည်း ဦးခေါင်းအနောက်ပိုင်းထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ကို သိမ်းပိုက်ခဲ့တာပါ။
ဒကစ (လောက်ကိုင်) လို့ခေါ်တဲ့ ကိုးကန့်ဒေသရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဟာ ယခုနှစ် ဇန်နဝါရီမှာ MNDAA ထံ လက်နက်ချခဲ့ရပြီး အဲဒီဒေသကိုကွပ်ကဲတဲ့ စစ်ကောင်စီအရာရှိကြီးတွေလည်း အရေးယူခံခဲ့ရတာပါ။
အဲဒီနောက်ပိုင်း လောက်ကိုင်ဒေသကို MNDAA ရဲ့ အုပ်ချုပ်မှုရဲ့ အထူးဒေသ(၁) အဖြစ် အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီး နှစ်ဝက်အကြာမှာပဲ အခုလို မြို့ပေါ်တိုက်ပွဲထပ်မံရောက်ရှိလာတာပါ။
ကိုးကန့်တပ် MNDAA ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ နှင့် သိန္နီမြို့တွေကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုး အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို MNDAA နဲ့ TNLA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်စတင်လာတာပါ။
ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးမှာ ဆင်နွှဲနေတဲ့ ထိုးစစ်ကို လေးရက်ကြာ ယာယီရပ်နားမယ်လို့ ထုတ်ပြန်ထားတယ်လို့ သတင်းမီဒီယာတချို့မှာ မနေ့က ဖော်ပြထားပါတယ်။
ပုံစာ – ဗုံးကြဲခံရပြီး ပျက်စီးသွားတဲ့ လောက်ကိုင်မြို့ပေါ်က အဆောက်အဦတချို့ရဲ့မြင်ကွင်း
ဓာတ်ပုံ – The Kokang

