စစ်ကိုင်း- ၂၀၂၅ ဧပြီ ၅ (မော်ကွန်း)
ရာစုနှစ်တစ်ခုစာလောက် ငြိမ်သက်နေတာကနေ ပြန်လည်လှုပ်နိုးလာတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရဲ့ အဖျက်စွမ်းအားကြောင့် ငလျင်ဗဟိုချက်အနီးက လူနေထူထပ်တဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာ အပျက်အစီးတွေများသလို ထောင်နဲ့ချီတဲ့ လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
၇ ဒသမ ၇ ပြင်းအားရှိတဲ့ စစ်ကိုင်ငလျင်ရဲ့ ဗဟိုချက်အနီးက စစ်ကိုင်းမြို့ဟာလည်း ကြေမွပျက်စီးခဲ့ရပါတယ်။
ဒီနေ့မှာလည်း ကူညီကယ်ဆယ်ရေးသမားတွေ၊ ပြိုကျနေတဲ့ အဆောက်အအုံတွေကို ရှင်းလင်းနေသူတွေ၊ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေအပါအဝင် ကုလသမဂ္ဂလိုအဖွဲ့တွေ မြို့တွင်းမှာ လှုပ်ရှားကူညီနေတာကို တွေ့ရပါတယ်။
ပြင်းထန်တဲ့အပူချိန်အောက်မှာ ပြိုကျအဆောက်အအုံတွေကို စက်ယန္တယားတွေနဲ့ ရှင်းလင်းဖယ်ရှားနေဆဲ ဖြစ်ပါတယ်။
နာမည်ကျော် ဘာသာရေး အဆောက်အအုံတွေရှိရာ စစ်ကိုင်းတောင်ရိုးမှာလည်း ကူညီကယ်ဆယ်သူတွေအပြည့်ပါ။
အဲဒီက ဘုရား၊ကျောင်း၊ ကန်၊ စေတီအများစုဟာ ငလျင်ဒဏ်ကြောင့် အလုံးစုံ၊ သို့မဟုတ် တချို့တဝက် ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတောင်ရိုးက နာမည်ကျော် ဆွမ်းဦးပုညရှင်ဘုရားဟာလည်း အလုံးစုံပြိုပျက်သွားတာကို မြင်ရပါတယ်။
စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့အတွက် စစ်ကိုင်း ကောင်းမှုတော် ဘုရားတွင်းကို ဝင်ရောက်ကြည့်ရှု့ခွင့်မရပါဘူး။
ဧပြီ ၄ ရက် နေ့လယ် ၁ နာရီအထိ မြန်မာ့ငလျင်ဘေးကြောင့် သေဆုံးသူ ၃,၉၁၁ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေလည်း တိုးလာဖွယ်ရှိပါတယ်။
ငလျင်ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းမြို့နယ်ကတော့ သေဆုံးသူ ၄၆၇ ဦးရှိတာကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
အောက်ပါပုံတွေကတော့ ဒီနေ့ စစ်ကိုင်းမြို့ မြင်ကွင်းကို မော်ကွန်းကတင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဓါတ်ပုံ-မော်ကွန်း

