မုံရွာ – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တွေကို စစ်ကောင်စီတပ်တွေက အခုလအစောပိုင်းကစပြီး နေ့စဉ်နီးပါး စစ်ကြောင်းထိုး၊ ရွာမီးရှို့နေတာကြောင့် စစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းက စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
” ဒီရက်ပိုင်းက ယင်းမာပင်ဘက်ကရွာတွေကို စစ်ကြောင်းထိုးတာများလာတော့ ပြေးစရာနေရာလည်း ကျဉ်းကျဉ်းလာတယ်။ စားနပ်ရိက္ခာက အခက်အခဲအတော်လေးဖြစ်နေတာ။ မြို့ကနေလည်း ဝယ်လို့မရဘူး။
ဆန်ကော ဆေးဝါးကော အကုန်(စစ်ကောင်စီက) ပိတ်ထားတာ။ စစ်ရှောင်တွေကလည်းပိုများလာတော့ စားနပ်ရိက္ခာ အခက်အခဲက ပိုပြီးဆိုးလာတယ်” လို့ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဒီလအတွင်းမှာ ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်နှစ်ခုပေါင်းမှာ စစ်ဘေးရှောင်တစ်သောင်းကျော်အထိ ရှိလာနေပြီလို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ယခုလ ၉ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်စီးနင်းခဲ့တဲ့နောက် ညောင်ပင်ကြီးကျေးရွာအုပ်စုထဲကရွာတွေကို စစ်ကောင်စီတပ်တွေက နေ့တိုင်းစစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့စစ်ရှောင်တွေဟာလည်း ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူကလည်းပြောပါတယ်။
” ဒီနေ့မနက်ပိုင်းကလည်း ညောင်ပင်ကြီးတစ်ဝိုက်ကိုမီးရှို့တယ်။ သူတို့က (ညောင်ပင်ကြီးရွာ)တစ်အုပ်စုထဲပဲ အထိုင်ချထိုးနေတာဆိုတော့ စစ်ရှောင်ကတော့သုံးထောင်ဝန်းကျင်ပဲ။ အခုချိန်မှာလိုအပ်နေတာတော့ အစားအသောက်ပါပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို ယခုလ ၉ ရက် ညပိုင်းကနေစပြီးဒီနေ့အထိ ခြောက်ရက်ဆက်တိုက်မီးရှို့နေတာကြောင့် စစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲမှာလည်း ဇွန် ၁ ရက်ကစပြီး စစ်ကောင်စီတပ်တွေ နေ့စဉ်စစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့ ဒေသခံသောင်းချီရှိနေပြီး စားနပ်ရိက္ခာအပြင် အမိုးအကာတွေလည်းလိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီမြို့နယ်ထဲမှာ နှစ်နှစ်ကျော်အတွင်း ရွာပေါင်း ၇၆ ရွာက နေအိမ်ခြောက်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ သုံးသောင်းကျော် အကူအညီတွေ အရေးပေါ်လိုနေတယ်လို့ ပြောပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်ရှိကာ စစ်ကိုင်းတိုင်းက စစ်ပြေးဒုက္ခသည် ၁ ဒဿမ ၃ သန်းကျော်နဲ့ ထွက်ပြေးရသူအများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပုံစာ- ဒီလ အစောပိုင်းတုန်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရတဲ့ ခင်ဦးဒေသခံများ
ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

