စစ်ကိုင်း-၂၀၂၄ ဇွန် ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်သုံးခုကရွာတွေကို စစ်ကောင်စီလေတပ်က အခုလ ၁၀ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၅၁ ဦးသေဆုံးခဲ့သလို ၉၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီလေတပ်ဟာ အခုလ ၃ ရက်က မင်းကင်းမြို့နယ်ထဲက မတောရွာ မင်္ဂလာဆောင်ကို တစ်ကြိမ်၊ ၄ ရက်နဲ့ ၆ ရက်မှာ ပျဉ်းကိုင်းရွာကိုနှစ်ကြိမ်၊ ၈ ရက်မှာ မုံရွာမြို့နယ် ညောင်ပင်တဲရွာနဲ့ စစ်ကိုင်းမြို့နယ်ထဲက သပြေသာ(ခ)လက်ပံတန်းရွာကိုတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
မတောရွာက ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး မင်္ဂလာဆောင်က သတင်းပေါက်ကြားလို့ ဗုံးကြဲခံရတာဖြစ်တယ်လို့ မင်းကင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မင်္ဂလာဆောင်မှာ ဗုံးကြဲခံရလို့ သေဆုံးတဲ့လူစာရင်းက အခုလက်ရှိဆိုရင် ၃၃ ဦးအထိရှိတယ်။ဒဏ်ရာရတဲ့သူက ၆၄ ဦးအထိရှိတယ်။ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိတယ်”လို့ သူကပြောပါတယ်။
မတောရွာကို ဗုံးကြဲပြီး နောက်တစ်ရက်မှာ အဲဒီရွာအနီးက ပျဉ်းကိုင်းရွာကို ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံသုံးထောင်ဝန်းကျင် ထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။
မုံရွာမြို့နယ်ထဲက ညောင်ပင်တဲရွာနဲ့ စစ်ကိုင်းမြို့နယ်က သပြေသာ(ခ)လက်ပံတန်းရွာတွေကလည်း အခုလ ၈ ရက်က ကာကွယ်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် သတင်းပေါက်ကြားတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ စစ်ကိုင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ညောင်ပင်တဲရွာမှာ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး သပြေသာ(ခ)လက်ပံတန်းရွာမှာတော့ ဘုန်းကြီးနှစ်ပါးအပါအဝင် ၁၆ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သတင်းပေးရှိနေလို့ နေရာအတိအကျ ဗုံးကြဲခံရတာ။ ဗုံးတည့်တည့်ကျတော့ အစအနပါပျောက်သွားတာ။ ခြေပြတ်လက်ပြတ်ဖြစ်သွားတာလည်း မနည်းဘူး။ ဒဏ်ရာရတာလည်း ပြင်းတယ်။ အဓိကတော့ လုံခြုံရေးပေါ့ဗျာ” လို့ စစ်ကိုင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေက ဒေသခံတွေဟာ ကျေးရွာတွေထဲမှာ မနေရဲတော့ဘဲ နီးစပ်ရာတောတွေ၊ ရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအပြင် ဗုံးကြဲခံရလို့ ဒဏ်ရာရခဲ့သူတွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေက ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ဆေးဝါးမလုံလောက်ဘူးလို့ ဆိုကြပါတယ်။
အရပ်ဘက်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က မေ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ စစ်ကောင်စီလေတပ်ဟာ အခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၈၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၅၉ ဦးသေဆုံးကာ ၇၅၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။
ပုံစာ-အခုလ ၃ ရက်က မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ သေဆုံးခဲ့သူများ။
ဓာတ်ပုံ-Student’s Revolutionary Force