ရန်ကုန် – ၂၀၂၅ ဧပြီ ၂၅ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့မှာ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် နေအိမ်နဲ့ အဆောက်အအုံတွေ အပျက်အစီးများခဲ့ပေမယ့် အကူအညီတွေ မရှိသလောက်နည်းနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ စစ်ကိုင်းပြတ်ရွေ့ကြောငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးအပါအဝင် ရှမ်းတောင်ပိုင်းဒေသတွေမှာ အထိအခိုက်များခဲ့တာပါ။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ပင်လောင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ကျေးရွာ ၃၅ ရွာက နေအိမ်အဆောက်အအုံပေါင်း ၇၆၅ လုံး ပျက်စီးခဲ့ကာ လူသုံးဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က စာရင်းပြုစုထားပါတယ်။
ဒါ့အပြင် ပင်လောင်းဒေသရဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြမှု အားနည်းနေကာ အလှူရှင်မရှိသလောက်ဖြစ်တယ်လို့ ၎င်းဒေသခံတစ်ဦးကလည်းပြောပါတယ်။
လက်ရှိမှာ ၎င်းဒေသခံတွေအတွက် နေအိမ်တွေပြန်လည်တည်ဆောက်ဖို့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ငွေကြေးပိုင်း အဓိကလိုအပ်နေတယ်လို့ ၎င်းဒေသခံကပြောပါတယ်။
“အခုကတော့ ပြန်လည်ထူထောင်ဖို့ပဲ အဓိကလိုအပ်တာပေါ့။ အကူအညီက ရောက်တာနည်းပါးတယ်။ အရေးပေါ်လိုတဲ့ ဆေးဝါးတို့၊ ယာယီတဲတို့လည်း လိုပါတယ်” လို့ ပင်လောင်းဒေသခံတစ်ဦးက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လောင်း၊ ညောင်ရွှေနဲ့ တောင်ကြီး မြို့တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ အများအပြားရှိခဲ့ပါတယ်။
လက်ရှိ နောက်ဆုံးကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝှန်းမှာ လူပေါင်း ၄,၄၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံတွေ သောင်းနဲ့ချီပြီး ပျက်စီးခဲ့တာပါ။

ပုံစာ – ပင်လောင်းမြို့နယ်က နေအိမ်အပျက်အစီးများ
ဓါတ်ပုံ – PYO

