ရန်ကုန်-၂၀၂၅ မေ ၂၈ (မော်ကွန်း)
နိုင်ငံအလယ်ပိုင်းကို ခပ်ကြမ်းကြမ်းဖျက်ဆီးခဲ့တဲ့ အင်းအားပြင်းစစ်ကိုင်းငလျင်ကြီးလှုပ်ခဲ့တာ ဒီနေ့ နှစ်လပြည့်လာပေမယ့် ဒီငလျင်ဘေးကို ကြုံခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူတွေဟာ မြေပြင်မှာ ရုန်းကန်နေကြရဆဲပဲလို့ ကူညီကယ်ဆယ်သူနေသူတွေက ပြောပါတယ်။
အခုထိ ငလျင်ဘေးသင့် နေအိမ်တွေဖျက်ဖို့ စစ်ကောင်စီက မလုပ်ပေးနိုင်သေးတာ၊ မိုးရာသီဝင်လာတာကြောင့် အမိုးအကာမလုံလောက်တာနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စတွေကို ငလျင်ဒဏ်သင့် အလယ်ပိုင်းမြို့ကြီးတွေက ဘေးသင့်သူတွေ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ကူညီနေသူတချို့က ပြောပါတယ်။
“ ကြီးကြီးမားမားဆုံးရှုံးခဲ့ရတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ အခုလောလောဆယ် မိုးတွင်းကဝင်ပြီ။ သူတို့ (ဘေးဒဏ်သင့်ခဲ့သူတွေ) ကြီးကြီးမားမားခံစားနေကြရတာက ရာသီဥတုဒဏ်ပဲ” လို့ မန္တလေးမြို့မှာ ငလျင်ဘေးစသင့် ကတည်းက အခုအထိကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ယာယီတဲတွေမို့ ယာယီအခြေအနေမှာသာ အသုံးဝင်ပြီး အခုလို လချီကြာမြင့်လာတဲ့ အခြေအနေမှာ ငလျင်ဘေးသင့် ပြည်သူတွေဟာ မိုးထဲရေထဲမှာ ဘဝတွေကို ဆက်လက်ဖြတ်သန်းနေရတယ်လို့ သူက ဆက်ပြောပါတယ်။
မတ်လ ၂၈ ရက်က ကြုံခဲ့ရတဲ့ ၇ ဒဿမ ၇ အင်အားပြင်းအလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ဒေသတွေ အပြင်းအထန် ပျက်စီးခဲ့ရသလို ရှမ်းတောင်၊ ရှမ်းအရှေ့၊ ပဲခူး နဲ့ မကွေးဒေသတွေမှာလည်း ထိခိုက်ပျက်စီးခဲ့တာပါ။
ကုလသမဂ္ဂစာရင်းတွေအရ သေဆုံးသူ ၃,၈၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၅,၁၀၀ ကျော် ရှိခဲ့တဲ့ ဒီငလျင်ကြီးကြောင့် တစ်နိုင်ငံလုံးမှာ အပျက်အစီးတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် ရှိခဲ့တယ်လို့ ဘမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ ၁၄ ရာခိုင်နှိုင်းလောက်ရှိတဲ့ ပမာဏပါ။
၁၉၁၂ နောက်ပိုင်း အပြင်းထန်ဆုံး လှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် နိုင်ငံတစ်ဝန်းက လူ ၁၇ သန်းလောက်အထိ ဘေးထွက်ဆိုးကျိုးခံခဲ့ရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်လျော့ချရေးနဲ့ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုအဖွဲ့ – (Global Facility for Disaster Reduction and Recovery – GFDRR ) ရဲ့ အစီရင်ခံစာမှာဖော်ပြသလို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့- UNICEF ကလည်း ဒီအထဲ ကလေးသူငယ်နှစ်သန်းလောက် ထိခိုက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ ဖြစ်ဖြစ်ချင်းတုန်းက ကြုံရတဲ့အခြေအနေထက် အခုပိုကောင်းမလာသေးပါဘူး။ အိမ်တွေက ဖြိုနေကြတုန်း။ ဖြိုပြီးတဲ့ အခါ ပြန်ဆောက်ဖို့ကလည်း ငွေကြေးလိုအပ်ချက်၊ ဆောက်လုပ်ခွင့်ပါမစ် အခက်အခဲတွေ ကြုံနေကြရတယ်။ အခုက အိမ်ဆောက်လုပ်ခွင့်တောင်ရပ်ထားတယ်လို့ ကြားတယ်” လို့ အိမ်ပြိုသူတွေကို တတ်နိုင်သမျှ ငွေကြေးလိုက်လှူနေတဲ့ မန္တလေးမြို့က ကူညီကယ်ဆယ်နေသူ တစ်ဦးကလည်း ပြောပါတယ်။ ဒီအကြောင်းအရာတွေကို လုံခြုံရေးအခြေအနေကြောင့် အမည်ထုတ်ဖော်မပြောလိုဘူးလို့ အထက်ပါ သတင်းရင်းမြစ်နှစ်ဦးစလုံးက ဆိုပါတယ်။
၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းလို့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြုံနေရတဲ့ နိုင်ငံမှာ ဒီငလျင်ဘေးကြီးက ပိုဆိုးရွားသွားစေတယ်လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ပြောကြပါတယ်။
ကူညီကယ်ဆယ်ပေးနေသူတွေဟာလည်း စစ်ကောင်စီရဲ့ ဘေးသင့်ပြည်သူကယ်ဆယ်ကူညီတဲ့ အစီအစဉ်တွေဟာ စာရွက်ပေါ်မှာသာတွေ့ရပြီး မြေပြင်မှာမထိရောက်ဘူးလို့ ဆိုကြပါတယ်။
“ အခုက လိုင်းခန်းရှေ့မှာ အဖီဆွဲနေရတယ်။ လိုင်းခန်းက အက်ကွဲနေပြီ၊ ဒါကို ဆက်နေခိုင်းနေတော့ မနေရဲလို့ ဒီလိုပဲ ဆက်နေကြတာ” လို့ စစ်ကောင်စီရဲ့ မန္တလေးအခြေစိုက်၊ အားကစားနှင့်ကာယပညာသိပ္ပံဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နေပြည်တော်ဘက်ကဝန်ထမ်းတွေကို ကူညီနေတယ်လို့ ကြားပေမယ့် မန္တလေးက ငလျင်ဒဏ်သင့် သူတွေလို ဝန်ထမ်းတွေကတော့ အခုလို နှစ်လကြာမြင့်ချိန်အထိ အကူအညီမရဘူးသေးဘူးလို့ အထက်ပါ ဝန်ထမ်းက ပြောပါတယ်။
“ ကွန်တိန်နာအိမ်(မော်ကျူလာရွေ့လျားအိမ်) လိုချင်ရင်ရမယ်။ လိုင်းခန်းကတော့ ဘတ်ဂျက်မရှိလို့ မပြင်ပေးသေးဘူးတဲ့။ အဲဒီအိမ်ကလည်း အလကားမဟုတ်ဘူး၊ ခြောက်သိန်းသွင်းနိုင်သူတွေ နေလို့ရမယ်၊ တစ်နှစ်ပဲ၊ ပြီးရင် ပြန်သိမ်းမှာ။ ဘယ်တတ်နိုင်မလဲလေ။ အခု တချို့ဝန်ထမ်းတွေဆိုရင် လစာတောင် အပေါင်ထားပြီးလည်ပတ်နေကြရတာ” လို့ သူက ဆက်ပြောပါတယ်။
ငလျင်ဘေးသင့်သူတွေကို ကူညီကယ်ဆယ်နေသူတွေကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုစနစ်ကြောင့် ဘေးသင့်သူတွေရဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာဖို့သာ ရှိတယ်လို့ သုံးသပ်ကြပါတယ်။
“ အစပိုင်းတော့ အရေးပေါ်အစားအသောက်တွေပေါ့။ အခုကာလကတော့ သစ်လိုတာ၊ သံလိုတာ၊ သွပ်လိုတာမျိုးပေါ့။ အဲဒါကို နိုင်သလောက် ဆက်ကူပေးကြဖို့လိုတယ်။ အဲဒီလိုမျိုး လုပ်ပေးကြမှ ဒုက္ခရောက်နေသူ တွေအဖို့ သက်သာလိမ့်မယ်။ မဟုတ်ရင် မလွယ်ဘူး။ စစ်ကောင်စီက တိကျတဲ့စာရင်းအချက်အလက်တောင် မလုပ်ပေးနိုင်တာ ဘယ်လို ကူကြမလဲပေါ့” လို့ ငလျင်ဘေးသင့်ချိန်ကတည်းက အခုအထိ မြေပြင်မှာ ကူနေသူတစ်ဦးက ပြောပါတယ်။
စစ်ပွဲနဲ့ သဘာဝဘေးတွေကြောင့် လူဦးရေ ၅၅ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီလိုအပ်နေသူ စံချိန်တင် သန်း ၂၀ ခန့်အထိ ရောက်ရှိလာပြီး အဲဒီအထဲက နှစ်သန်းဟာ ချက်ချင်းအကူအညီပေးဖို့ လိုနေသူတွေလို့ UNOCHA က သတိပေးပါတယ်။
ဒီနှစ်ငလျင်ဘေးမတိုင်မီ မြန်မာနိုင်ငံဟာ ၂၀၂၃ မှာ ဆိုက်ကလုန်းမိုခါမုန်တိုင်းဒဏ်ကို သင့်ထားသလို ၂၀၂၄ မှာလည်း ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးထားတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးပါတယ်။

ပုံစာ- စစ်ကိုင်း၊ မန္တလေးမြို့တွေက ငလျင်ဒဏ်သင့်ပုံရိပ်များ
ဓါတ်ပုံ- မော်ကွန်း

