ရန်ကုန် – ၂၀၂၄ ဩဂုတ် ၁၄ (မော်ကွန်း)
အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စက်သုံးဆီအကျပ်အတည်းဟာ အဆိုးဆုံးအခြေအနေကို ကြုံနေရပါပြီ။ ရန်ကုန်မြို့မှာတင် မိုင်နဲ့ချီတဲ့ ယာဉ်တန်းရှည်တွေကို စက်သုံးဆီဆိုင်တွေအနီးမှာ ရစ်ခွေတန်းစီနေကြတာကို တွေ့နေရတာပါ။
သတင်းပတ်နဲ့ချီကြာလာပြီဖြစ်ပေမယ့် ဒီအခြေအနေကို စစ်ကောင်စီက ဖြေရှင်းနိုင်ပုံမပေါ်သေးတာကို ရန်ကုန်က ဆီတန်းစီနေတဲ့ ကားတန်းတွေက သက်သေခံနေပါတယ်။
သီလဝါမှာ စက်သုံးဆီဆိုင်တွေအတွက် ဆီထုတ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ဆီသယ်ယာဉ်မောင်းတချို့ရဲ့ အဆိုအရ သိုလှောင်ကန်တွေမှာဆီရှိပေမယ့် စစ်ကောင်စီ ရေနံ-ဓါတုဌာနရဲ့ ခွင့်ပြုမိန့် မကျတဲ့အတွက် ထုတ်ယူလို့မရတဲ့အဖြစ်နဲ့ ကြုံနေရတာလို့ ဆိုကြပါတယ်။ အဲဒီမှာလည်း ရာနဲ့ချီတဲ့ဆီသယ်ယာဉ်တွေ တန်းစီစောင့်နေကြတာ ကြာပါပြီ။
“ တချို့ကားတွေဆိုရင် ၁၀ ရက်ကျော်နေပြီ၊ ဆီထုတ်ဖို့ စောင့်နေတာ။ ဒီနေ့ဆိုရင် ဘယ်ကန်က ထုတ်ပေးမလဲဆိုတာကို အခုထိ မသိရသေးဘူး” လို့ ဆီသယ်ယာဉ်မောင်းတစ်ဦးက ဒီနေ့မနက် ၁၀ နာရီခန့်မှာ ပြောပြပါတယ်။
ဆီထုတ်ပေးတဲ့အခါမှာလည်း ကားနဲ့ဆံ့သလောက်အပြည့်ထုတ်ပေးတာမျိုးမဟုတ်ဘဲ လီတာသောင်းနဲ့ချီဆံ့တဲ့ ယာဉ်တွေတောင်မှ လီတာထောင်ဂဏန်းသာထည့်ပေးတာလို့ သူကဆက်ရှင်းပြပါတယ်။
နိုင်ငံတစ်ဝန်း ဆိုင်ခွဲတွေဖွင့်ထားပြီး သီလဝါမှာလည်း သိုလှောင်ကန်တွေရှိတဲ့ DENKO၊ PT Power လို စက်သုံးဆီ ဆိုင်ကြီးတွေနဲ့ အရပ်သားအစိုရခေတ်မှာ လုပ်ပိုင်ခွင့်ရပြီး နာမည်ကြီးလာတဲ့ YP လို စက်သုံးဆီ ဆိုင်ကြီးတွေမှာတောင် ဆီမရတာကို ရန်ကုန်မြို့ခံတွေ ကြုံနေရတာ ဖြစ်ပါတယ်။ တခြားဆီဆိုင်အများစုက ပိတ်ထားကြတာပါ။
ရန်ကုန်မြို့တွင်းက DENKO ဆိုင်တစ်ဆိုင်မှာတော့ စက်သုံးဆီပြတ်သွားပြီဖြစ်ကြောင်း၊ ဒါပေမဲ့ သီလဝါမှာ ဆီသယ်ယာဉ်တွေက ထုတ်ယူနေပြီဖြစ်တဲ့အတွက် မကြာမီ ပြန်ရမည်ဖြစ်ကြောင်း ကြော်ငြာရေးပြီး သူ့ဖောက်သည်တွေကို ထိန်းထားတာတွေ့ရ ပါတယ်။ အဲဒီဆိုင်ရဲ့ အနီးဝန်းကျင်မှာတော့ ဆီရဖို့ တန်းစီနေတဲ့ ယာဉ်တွေက နှစ်ထပ်ဖြစ်ပြီး ပတ်ခွေနေတာကို တွေ့ရပါတယ်။
အလုံမြို့နယ်မှာရှိတဲ့ Max စက်သုံးဆီဆိုင်မှာဆိုရင် တန်းစီနေတဲ့ကားတွေဟာ သခင်မြပန်းခြံကနေ ကြည့်မြင်တိုင်ဘက်အထိ ယာဉ်တန်းရှည်ကြီးဖြစ်နေတာကို တွေ့ရပြီး ကမ္ဘာအေးဘုရားလမ်း ပေါ်က New Day စက်သုံးဆီဆိုင်မှာဆိုရင်လည်း တန်းစီနေတဲ့ကားတွေဟာ အင်းယားကန်နားကနေ ပါရမီလမ်းပေါ်အထိ ရှည်လျားလွန်းတာကို တွေ့ရပါတယ်။
စက်သုံးဆီတန်းစီတဲ့ယာဉ်တွေများလွန်းတာကြောင့် ရန်ကုန်မြို့တွင်းမှာ ယာဉ်ကျောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် ယာဉ်ထိန်းတွေက လမ်းကြောင်းရှင်းတာတွေ လုပ်ပေးနေကြတာကို မြင်ရပါတယ်။
စက်သုံးဆီရောင်းပေးတဲ့အခါမှာလည်း တချို့ဆိုင်တွေဟာ ကားတစ်စီးကို နှစ်သောင်းကျပ်ဖိုး၊ တချို့ဆိုင်တွေက ငါးသောင်းကျပ်ဖိုးအထိသာ ရောင်းပေးကြပြီး လိုသလောက်ဖြည့်ချင်လို့ မရဘူးလို့ ယာဉ်ပိုင်ရှင်တချို့က ပြောပြပါတယ်။
ရန်ကုန်ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ စက်သုံးဆီပြတ်လပ်မှုဟာ ပိုမိုဆိုးရွားနေပြီ မှောင်ခိုဈေးကွက်တွေပါ ဖြစ်ပေါ်နေ တာပါ။
ဓါတ်ဆီ တစ်လီတာကို ကျပ် ၅,၀၀၀ အထိပေးဝယ်နေရပြီး လိုသလောက်လည်း ဝယ်လို့ မရဘူးလို့ ဆင်ခြေဖုံး မြို့နယ်တွေမှာ ကယ်ရီမောင်းတဲ့ လုပ်သားတစ်ချို့က ပြောပြပါတယ်။
“ အခုက လမ်းဘေးဆိုင်မှာပါ တန်းစီစနစ် ဖြစ်နေတယ်။ ဒီမနက်တော့ ရေသန့်ဘူးတစ်ဘူး၊ တစ်လီတာကို ၅,၀၀၀၊ သူတို့ကတော့ ခိုးရောင်းတဲ့ဆိုင်လေးတွေပေါ့” လို့ တောင်ဒဂုံမြို့နယ်က ကယ်ရီမောင်းသူတစ်ဦးက ပြောပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း၊ လှိုင်သာယာနဲ့ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့နယ်တွေမှာ ရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတာကြာပြီလို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတစ်ချို့က ပြောပါတယ်။ အခြားမြို့နယ်တွေလည်း အလားတူပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။
စက်သုံးဆီပြတ်လပ်၊ ဈေးမြင့်သွားတာကြောင့် ဆင်ခြေဖုံးမြို့နယ်တွေမှာ နေထိုင်ကြတဲ့ပြည်သူတွေရဲ့ နေ့စဉ်ခရီးသွား အသုံးစရိတ်မြင့်တက်လာတယ်လို့ ဒေသခံတစ်ချို့က ပြောကြပါတယ်။
ဒလမြို့နယ်ထဲက ကျေးရွာတစ်ခုကနေ ဒလမြို့၊ အဲဒီကမှတစ်ဆင့် ရန်ကုန်မြို့ဘက်ကူးပြီး အလုပ်ဆင်းနေသူတစ်ဦးကတော့ ဒီရက်ပိုင်း စက်သုံးဆီအခက်အခဲကြောင့် သူတို့အသုံးပြုတဲ့ သုံးဘီခတွေ ဈေးတက်ကုန်သလို ရွာကနေဒလမြို့ကိုပြေးဆွဲတဲ့ လိုင်းကားတွေလည်း ရပ်ကုန်တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။
“ အရင် ၅,၀၀၀ နဲ့ သွားနေကြခရီးက ဒီနေ့ ၈,၀၀၀ ပေးလိုက်ရတယ်” လို့ သုံးဘီးခဈေးတက်သွားပုံကို သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ၉၂ ဓါတ်ဆီတစ်လီတာကို ၂,၇၅၀ကျပ်၊ ၉၅ ဓါတ်ဆီ တစ်လီတာကို ၂,၈၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၂,၉၅၀ နဲ့ ရန်ကုန်မြို့မှာ ရောင်းချပေးရမယ်လို့ စက်သုံးဆီဆိုင်တွေကို ဈေးသတ်မှတ်ပေးထားပါတယ်။

ပုံစာ- ယနေ့တွေ့ရတဲ့ ရန်ကုန်မြို့တွင်းက စက်သုံးဆီတန်းစီနေသည့်ယာဉ်များ။
ဓါတ်ပုံ- မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

