ရန်ကုန် – ဩဂုတ် ၁၅ (မော်ကွန်း)
ရန်ကုန်မြို့မှာ စက်သုံးဆီမရတာကြောင့် ကျောင်းအကြိုအပို့ကားတွေ မထွက်နိုင်တဲ့အတွက် အခြေခံပညာကျောင်းသားတွေ အခက်အခဲတွေဖြစ်နေတယ်လို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။
ရန်ကုန်မြို့က အစိုးရကျောင်းတွေအပြင် ပုဂ္ဂလိကကျောင်းတွေမှာပါ ကျောင်းအကြိုအပို့ယာဉ်တွေဟာ စက်သုံးဆီမရတာကြောင့် ကျောင်းသားတွေကို အကြိုအပို့မလုပ်နိုင်ဖြစ်နေကြတာပါ။
သင်္ဃန်းကျွန်းမြို့နယ်က ကျောင်းသားမိဘတစ်ဦးကတော့ သူတို့ရပ်ကွက်ထဲက ပုံမှန်လာကြိုနေကျ ကျောင်းကားဟာ ဒီနေ့မနက်မှာ စက်သုံးဆီမရှိလို့ မထွက်နိုင်တဲ့အတွက် သူတို့သားသမီးတွေကို Taxi ငှားပြီး ကျောင်းလိုက်ပို့လိုက်ရတယ်လို့ ပြောပါတယ်။
“ပုံမှန်ဆိုရင်တော့ ကျောင်းကားက တစ်စီးပျက်ရင် နောက်တစ်စီးပြောင်းပေးတာရှိသေးတယ်။ အခုတစ်စီးမှမထွက်နိုင်ဘူး” လို့ ၎င်းကျောင်းသားမိဘက ပြောပါတယ်။
ကျောင်းကြိုပို့ယာဉ်လုပ်ငန်း လုပ်ကိုင်သူတွေကလည်း ဒီလကုန်ထိစက်သုံးဆီမရဘူးဆိုရင်တော့ သူ့ရဲ့ ကျောင်းကားတွေကို ရပ်ထားရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။
“မနက်အစောကြီးကဆီတန်းစီတာ ညနေမှရတယ်။ ဒီပုံစံနဲ့တော့ လကုန်ရင် ကျောင်းတွေကလည်း ကားတွေ ပြန်ဖြုတ်တော့မယ်ပြောနေပြီ” လို့ ၎င်း ကျောင်းကြိုပို့ယာဉ်ထောင်ထားသူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာ သုံးနှစ်ကျော်ကာလအတွင်း အဆိုးဝါးဆုံး စက်သုံးဆီပြတ်လပ်မှုကို အခုရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတာပါ။
ရန်ကုန်မြို့က ဆီဆိုင်တွေမှာ ဆီထည့်ဖို့တန်းစီစောင့်ဆိုင်းနေတဲ့ မိုင်နဲ့ချီတဲ့ ယာဉ်တန်းတွေကို မြင်တွေ့နေရတာပါ။
ဒီလို စက်သုံးဆီတန်းစီတဲ့ ယာဉ်တန်းတွေဟာ များပြားလွန်းတာကြောင့် ရန်ကုန်မြို့မှာ ယာဉ်ကျောပိတ်ဆို့မှုတွေလည်း ဖြစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒါ့ပြင် စက်သုံးဆီခက်ခဲတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း မြင့်တက်သွားပြီး ပြည်သူတွေဟာ နေ့စဉ်ခရီးသွားလာရေး အသုံးစရိတ်တွေပိုသုံးနေရတယ်လို့ဆိုပါတယ်။
တောင်ဒဂုံမြို့နယ်က ဒေသခံတစ်ဦးကတော့ “Taxi ခတွေကလည်း အရင်ထက်ကို နှစ်ဆလောက်တက်သွားတယ်။ ဒါတောင်မနည်းငှားနေရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စတဲ့မြို့ကြီးတွေအပြင် မြို့အများအပြားက ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတာဖြစ်ပြီး DENKO၊ PT Power လို စက်သုံးဆီ ဆိုင်ကြီးတွေနဲ့ အရပ်သားအစိုရခေတ်မှာ လုပ်ပိုင်ခွင့်ရပြီး နာမည်ကြီးလာတဲ့ YP လို စက်သုံးဆီ ဆိုင်ကြီးတွေမှာတောင် ဆီမရတာကို ကြုံနေရပြီး တချို့ဆီဆိုင်တွေဆိုရင် လုံးဝပိတ်ထားရတာပါ။
စစ်ကောင်စီကတော့ ပြည်ပကဝင်ရောက်လာမယ့် ဆီတင်သင်္ဘောတွေ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိဘူးဆိုပြီး ထုတ်ပြန်ချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ သူတို့ရဲ့ ဝါဒဖြန့် သတင်းဌာနတွေကနေတစ်ဆင့် ထုတ်ပြန်ထားပါသေးတယ်။
သူတို့က အခုလိုထုတ်ပြန်ထားပေမယ့် စက်သုံးဆီက ပြင်ပမှာ ဝယ်ယူလို့မရဖြစ်နေပြီး တစ်ညလုံးတန်းစီတာတောင် ဆီမရဖြစ်နေတယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တချို့က ပြောပါတယ်။
“ညက ဆီဆိုင်တောင်ပိတ်သွားပြီ၊ ကားတွေက တစ်ညလုံးတန်းစီစောင့်နေတာ။ လိုသလောက် ရောင်းမပေးနိုင်လို့ တန်းစီနေတာပေါ့။ သူတို့စီမံခန့်ခွဲမှုက ကောင်းလားမကောင်းလားဆိုတာ ရှင်းနေတာပဲ” လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
သီလဝါဆိပ်ကမ်းက စက်သုံးဆီသိုလှောင်ကန်တွေမှာလည်း ရာနဲ့ချီတဲ့ ဆီသယ်ယာဉ်တွေ သီတင်းပတ်တစ်ပတ်ကျော်ကြာထိ တန်းစီပြီးစောင့်ဆိုင်းနေကြရတာပါ။
ပုံစာ – ရန်ကုန်မြို့ ဆီဆိုင်တစ်ဆိုင်မှာ စက်သုံးဆီတန်းစီနေတဲ့ ယာဉ်တန်းကြီးကို မြင်တွေ့ရစဉ်
ဓာတ်ပုံ – မော်ကွန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

