ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
ဒီနေ့မနက်ပိုင်းမှာ ဓါတ်ဆီတစ်လီတာကို ၁၁၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၂၂၅ ကျပ်ထိမြင့်တက်ပြီး ဆိုင်အချို့မှာ စက်သုံးဆီအမျိုးစားစုံအောင်မရတော့တာကြောင့် ဆီတန်းစီတဲ့ကားတွေ ပြန်လည်များပြားလာတာတွေ့ရပါတယ်။
ယခုလဆန်းပိုင်းကလို နာရီနဲ့ချီပြီးစောင့်ဆိုင်းရတာမျိုးမဟုတ်ပေမယ့် ကိုယ်လိုချင်တဲ့ဆီအမျိုးအစားပေါ်မူတည်ပြီး ဆိုင်တွေမှာ တန်းစီတဲ့ကားတွေ ပြန်လည်စုပြုံလာတာပါ။
“အခုကတော့ သိပ်မစီရတော့ဘူး။ ဒါပေမယ့် အချို့ဆိုင်လေးတွေတော့ ခုချိန်ထိ ဆီအစုံမရသေးတာတွေရှိတယ်။ ရတဲ့ဆိုင်တွေလည်း နည်းနည်းတော့ ငါးမိနစ်၊ ၁၀ မိနစ်လောက်တော့ တန်းစီရတာရှိတယ်” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မနေ့ကညအထိ တစ်လီတာကို ၂,၄၄၅ ကျပ် ရှိနေတဲ့ ဓာတ်ဆီ 92 Ron ဟာ ဒီနေ့မနက်ပိုင်းမှာတော့ ၂,၅၆၀ ကျပ် ရောက်ရှိသွားပြီး 95 Ron ကတော့ ၂,၅၄၅ ကျပ် ကနေ ၂,၆၆၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့တာပါ။
ဒီဇယ်တစ်လီတာ ၂,၁၈၅ ကျပ်ကနေ ဒီနေ့မနက်ပိုင်းမှာ ၂,၄၁၀ ကျပ်ကို မြင့်တက်ခဲ့သလို ၂,၂၄၀ ကျပ် ကျော်ရှိနေတဲ့ ပရီမီယံဒီဇယ်ကတော့ ၂,၄၆၅ ကျပ်ကို အသီးသီး မြင့်တက်ခဲ့တာပါ။
ယခုလဆန်းပိုင်းက တစ်နိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်ခဲ့တာကြောင့် ဆိုင်တွေမှာ နာရီပေါင်းများစွာ တန်းစီဝယ်ယူရတဲ့ အခြေအနေဖြစ်ခဲ့ပြီး စက်သုံးဆီဈေးလည်း မတည်မငြိမ်ဖြစ်ခဲ့ပါတယ်။
အချက်အလက်ကောက်ယူရေးအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ကတော့ ယခုလဒုတိယအပတ်အတွင်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ ကျော်မှာ စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရတယ်လို့ ယခုလ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ လူမှုစီးပွားအခြေပြုစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ယခုသီတင်းပတ်မှာတော့ စက်သုံးဆီ အနည်းငယ်ပြန်လည်ရရှိလာပေမယ့် 92 နဲ့ 95 ဓာတ်ဆီတွေပဲ လိုသလောက်ဝယ်လို့ရတာဖြစ်ပြီး ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်တွေကတော့ ပြတ်လပ်နေတုန်းပဲလို့ ဒီဇယ်အသုံးပြုနေရတဲ့ ကုန်တင်ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုထိတော့ ဒီဇယ်ကတော့ သိပ်မလွယ်ဘူး။ ဆိုင်ကြီးတွေမှာတော့ စောင့်ရတယ်။ ပြီးတော ပရီမီယံက ပိုရှားတယ်။ ပရီမီယံဒီဇယ်လိုတဲ့ကားက ရိုးရိုးဒီဇယ်ထည့်ပြီးမောင်းရတော့ ကားအင်ဂျင်တွေလည်း ထိတယ်” လို့ အဲ့ဒီကုန်တင်ယာဉ်လုပ်ငန်းရှင်က ပြောပါတယ်။
ယခုလ ၅ ရက်ကစပြီး ဒေါ်လာအရောင်းအဝယ်ကို ဗဟိုဘဏ်ကဈေးနှုန်းမသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်းခွင့်ပြုခဲ့ပြီး စက်သုံးဆီလုပ်ငန်းရှင်တွေကိုလည်း ရည်ညွှန်းဈေးနဲ့ ဒေါ်လာရောင်းမပေးတော့တာကြောင့် ငွေမချေနိုင်တဲ့အတွက် ယခုလအတွင်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာပါ။
လက်ရှိမှာတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ဒေါ်လာတွေကို ယခုလ ၁၈ ရက်က စတင်ရောင်းချပေးနေပြီး နှစ်ရက်အတွင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းထိ ရောင်းချပေးထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်တစ်ဆိုင်
ဓာတ်ပုံ – မော်ကွန်း

