အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် စက်ဘီးခြင်း ကလေးထဲ၌ အရွယ်စုံ၊ အရောင်စုံ စာအိတ်များ အထပ်လိုက် ထည့်ကာ တစ်လမ်းဝင် တစ်လမ်းထွက် စာပို့လေ့ရှိသည့် စာပို့ သမား ဦးလေးကြီးကို မြင်တိုင်း ကျွန်မရင်ခုန်ခဲ့ရဖူးသည်။
ယူနီဖောင်း ဝတ်ဆင်မထားသော်လည်း အဝေးကမြင် လျှင်ပင် သူဖြစ်မှန်း တန်း၍မှတ်မိသည်။ သူကလည်း ကျွန်မကို မြင်သည်နှင့် ”ဒီနေ့ စာတွေပါတယ်” ဟု ပြောလေ့ရှိသည်။ ပြီး လျှင် စက်ဘီးပေါ်မှဆင်းကာ သူ၏ စက်ဘီးခြင်းလေးထဲကို မွှေ နှောက်ရှာဖွေမည်။ ထို့နောက် သူ့သင်္ကေတနှင့်သူ ရောင်စုံ သားရေကွင်းလေးများဖြင့် သေချာစွာ ထုပ်ပိုးစည်းနှောင်ထား သည့် စာအိတ်အထပ်ကလေးများကြားမှ ကျွန်မနာမည် တပ် ထားသည့် စာအိတ်ကလေးများကို ကမ်းပေးမည်။ တချို့ရက် များတွင် ကျွန်မကိုမြင်သည်နှင့် ခေါင်းခါပြမည်။ ”ကလေးမ ရေ၊ ဒီတစ်ပတ်တော့ မင်းအတွက် စာမပါဘူးဟေ့”ဆိုသည့် သင်္ကေတဖြစ်သည်။
တစ်ခါတစ်ရံတွင် ထိုဦးလေးကြီးမဟုတ်။ နောက်ထပ် စာပို့ သမားဦးလေးကြီးဖြစ်သည်။ သူကတော့ ကျွန်မ၏ စာများကို အိမ်တိုင်ရာရောက် လိုက်ပို့လေ့မရှိ။ စာတိုက်ရုံး၏ အနောက် ဘက် ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သည့်သူသည် ကျွန်မ၏ စာအိတ်ကလေးများကို သူ့အိမ်တွင် သိမ်းဆည်းထားလေ့ရှိသည်။ ကျွန်မက အပတ်စဉ် သူ့ထံသို့သွားကာ ယူသည်။ စာပါ၊ မပါ မေး ရသည်။ တစ်ခါတစ်ရံတွင် စာငါးစောင်ပါသည်။ တစ်ခါတစ်ရံတွင် ၁ဝ စောင်။ တစ်ခါတစ်ရံတွင် ထို့ထက်လည်း ပိုတတ်လေသည်။
မှန်ပါသည်။ စာအိတ်ကလေးများဟု ဆိုရခြင်းမှာ ကျွန်မထံ သို့ အပတ်စဉ် စာသုံးစောင်ထက်မနည်း ရောက်လေ့ရှိခြင်းကြောင့် ပင်ဖြစ်သည်။ ထိုစာကလေးများသည် မြန်မာပြည်အနှံ့မှ ရောက် လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကချင်ြ ပည်နယ်မှ ရောက်လာ သည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်၊ တစ်ခါတစ်ရံ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ အညာဒေသ စသဖြင့် ပြည်နယ်နှင့် တိုင်းပေါင်းစုံမှ ရောက်လာသည့် ထိုစာကလေးများကို လက်ခံရတိုင်း ကျွန်မဝမ်း မြောက် ကြည်နူးမိသည်။
ထိုစာအိတ်ကလေးများကို ညီညီညာညာ သေသေသပ် သပ်ဖောက်ကာ အထဲမှ စာရွက်အခေါက်လေးများကို ထုတ်၍ တမြတ်တနိုးဖတ်သည်။ စာထဲတွင်ရေးထားသည့် အကြောင်း အရာလေးများကို တစိမ့်စိမ့်ဖတ်ကာ စကားလုံးများအတိုင်း စီး မျောသွားရသည်။
တစ်ခါတစ်ရံ ကျွန်မမွေးလနှင့် တိုက်ဆိုင်သည့် အကြိမ်များ တွင် ထိုစာအိတ်လေးများထဲက မွေးနေ့ဆုတောင်း ပို့စကတ်လေး များ ရလေ့ရှိသည်။ ထို့ပြင် စာအိတ်လေးများထဲတွင် ချယ်ရီပန်း ခြောက်လေးများလည်း ပါလာတတ်သည်။ ကျွန်မ မရောက်ဖူး၊ မမြင်ဖူးသည့် မြို့ကလေးတစ်မြို့ကို အပေါ်စီးမှ ရိုက်ထားသော ဓာတ်ပုံလေးများ ပါလာတတ်သည်။ ကျွန်မထံသို့ စာပို့လိုက်သူ၏ ကိုယ်တစ်ပိုင်းဓာတ်ပုံလေးများ ပါလာတတ်သည်။ တစ်ခါတစ်ရံ တွင် ဒဿ နစာစုလေးများရေးထားသည့် စာအုပ်လေးတစ်အုပ် တလေ ပါလာတတ်သည်။
ထိုစဉ်က အပတ်စဉ်တိုင်းလိုလို ကျွန်မလက်ခံရရှိသည့် စာ များသည် ကျွန်မ မမြင်ဖူး၊ ကျွန်မကိုလည်း မမြင်ဖူးသော သူငယ် ချင်းများထံမှ ရောက်လာသည့် စာများပင်ဖြစ်သည်။ ကျွန်မတို့ အပြန်အလှန် စာရေးကြသည်။ အင်္ဂလိပ်လိုလည်း ရေးကြသည်။ မြန်မာလိုလည်း ရေးကြသည်။ ထိုစာကလေးများမှ တစ်ဆင့် ကျွန်မရောက်ဖူးသည့် ဒေသများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းစဉ်လာများအကြောင်းကို သိခွင့်ရသည်။ ဒေသန္တရ ဗဟုသုတများအကြောင်းကို အပြန်အလှန်ဖလှယ်ခွင့်ရ ခဲ့သည်။
ထိုစာကလေးများမှတစ်ဆင့် ကျွန်မ မသိသေးသည့် အကြောင်းအရာများကို သိခွင့်ရခဲ့သည်။ မိတ်ဆွေများစွာ ရရှိခဲ့ သည်။ ကျဉ်းမြောင်းနေသေးသည့်ကျွန်မ၏ ကမ္ဘာတွင် နေထိုင် ကာ ထိုစာကလေးများမှတဆင့် ပိုမိုကျယ်ဝန်းသော ကမ္ဘာသစ် များကို ချောင်းကြည့်ခွင့်ရခဲ့သလိုပင်။
ထိုစာအိတ်လေးများသည် ကျွန်မဘဝတစ်လျှောက်လုံး တခုတ်တရ စကားထည့်ပြောရမည့် အရာများ ဖြစ်လာသည်။ ထို စာအိတ်လေးများသည် ကျွန်မအတွက် အရေးပါသော ဘဝ အစိတ်အပိုင်းဟု ဆိုရလျှင် မှားအံ့မထင်။
အင်္ဂလိပ်စာအလွန်ညံ့သော ကျွန်မအား အထက်တန်း ကျောင်းသူဘဝက Study Guide လုပ်ပေးသော ဆရာ၏ ကျေးဇူးဖြင့် အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးထားသည့် မဂ္ဂဇင်းအချို့ကို ဖတ်ခွင့်ရခဲ့သည်။ The Best ၊ The Light၊ Top အစရှိသည့် ပညာရေးမဂ္ဂဇင်း စာအုပ်လေးများကို လစဉ် ဝယ် ဖတ်ခဲ့ဖူးသည်။
ကိုယ်တိုင်တွေးမိသည့် ဒဿ နလေးများ၊ ကဗျာလေးများ ကို မတတ်တခေါက် အင်္ဂလိပ်လိုရေးကာ ထိုမဂ္ဂဇင်းများသို့ ပို့ဖူး သည်။ မှန်သဖြင့် မဂ္ဂဇင်းစာမျက်နှာတွင် ဖော်ပြခံရဖူးသည်လည်း ရှိသည်။ မှားသဖြင့် ဖော်ပြမခံရခြင်းလည်းရှိသည်။ ထိုမဂ္ဂဇင်း များမှတစ်ဆင့် သူငယ်ချင်းသစ်များ ရရှိခဲ့သည်။
တက္ကသိုလ်ဝင်တန်း အောင်စာရင်းမထွက်မီ နွေရာသီ ကျောင်းပိတ်ရက်သည် ကျွန်မအတွက်တော့ ရေဒီယိုနားထောင် ခြင်း၊ စာဖတ်ခြင်း၊ သူငယ်ချင်းများထံ စာအပြန်အလှန်ရေးခြင်း ဖြင့်သာ ကုန်ဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။ ထိုစဉ်က တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် အသုံးပြုရသည့် ကြားခံပစ္စည်းမှာ စာတိုက်ဖြစ်သည်။ ကျွန်မ၏ စာကြည့်စားပွဲအောက်က စက္ကူပုံး လေးထဲတွင် မုန့်ဖိုးဖြင့် ဝယ်ထားသည့် A4 စာရွက်အလွတ်များ၊ စာအိတ်များ၊ တံဆိပ်ခေါင်းလေးများနှင့် ကော်ဘူးတို့ ရှိသည်။
တစ်ခါတစ်ရံတွင် သူငယ်ချင်းများထံမှ စာများ တစ်ပြိုင် နက်တည်းရောက်လာပါက ထိုရက်သတ္တပတ်လုံး သူတို့အတွက် ပြန်စာများကို ထိုင်ရေးနေရလေ့ ရှိသည်။ ထိုစာကို ရေးနေချိန် တွင် ကျွန်မပတ်ဝန်းကျင်တွင် ဖြစ်နေသည့် ထူးခြားသော အကြောင်း အရာများကို တွေးရသည်။ ရေမြေနောက်ခံ အခြေအနေချင်း မတူညီသည့် နေရာဒေသမှ သူငယ်ချင်းများ သဘောပေါက်လွယ် စေရန် လိုရင်းကို တိုတိုနှင့် ထိထိမိမိ ရေးပြရသည်။ ဥပမာ-ကျွန်မ တို့မြို့တွင် ကျင်းပနေသည့် ဘုန်းကြီးပျံအကြောင်းလည်း ပါချင် ပါမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်မတို့မြို့တွင် ရေကြီး သဖြင့် လူတွေ ဒုက္ခရောက်ရသည့်အကြောင်းလည်း ပါချင်ပါမည်။
ထို့နောက် ရေးထားသည့်စာများ တပွေ့တပိုက်နှင့် စာ တိုက်ကို သွားရသည်။ စာတိုက်ဟုဆိုလျှင် ကျွန်မတို့မြို့က စာတိုက်အကြောင်းကို ချန်ထား၍ မရ။ ကျွန်မတို့မြို့က စာတိုက် သည် ရှေးဟောင်းအဆောက်အအုံတစ်လုံးပင်ဖြစ်သည်။ သစ် သားကို အများဆုံး အသုံးပြုကာ ဆောက်လုပ်ထားသည့် နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အပေါ်ထပ်တွင် စာတိုက်မှူးနေထိုင်ကာ အောက်ထပ်သည် စာတိုက်ရုံးခန်းဖြစ်သည်။ ထိုအဆောက်အအုံ ၏ နောက်ဘက်တွင် ဝန်ထမ်းလိုင်းခန်းများရှိသည်။
စာတိုက်အဆောက်အအုံ၏ ကိုယ်ထည်ပိုင်းကို ရေနံချေး များ နက်နေအောင် သုတ်ထားသည်။ ရုံးခန်း၏ ရှေ့လျှောက်လမ်း မျက်နှာစာ အုတ်တံတိုင်းအနိမ့်လေးကို အဖြူရောင်ဆေးသုတ် ထားသည်။ စာထည့်မည့်သူသည် ထို အုတ်တံတိုင်းအနိမ့်လေး ဘေးက ခုံတန်းရှည်ပေါ်တွင် ပစ္စည်းများ တင်နိုင်သည်။ လိပ်စာ များ ရေးနိုင်သည်။ ခဏတဖြုတ် အမောပြေနားနေနိုင်သည်။
စာတိုက်ဝန်ထမ်းများသည် ထုံးစံ အတိုင်း သံဆန်ခါ အနောက်ဘက်ရှိ ရုံး စားပွဲများတွင် အလုပ်လုပ်နေ ကြသည်။ သူတို့ကို လှမ်းမြင်နေရသည့် သံဆန်ခါ ပြတင်းပေါက်၏ ဘေးအောက်ဘက်တွင် လက်တစ်ဝါးစာ အကျယ်အဝန်းရှိသည့် အပေါက်ကလေးတစ်ခုရှိသည်။ ထို သစ် သားပေါက်ထဲသို့ မိမိတို့ပို့လိုသည့် စာ အိတ်များကိုထည့်ရသည်။ စာအိတ် ကလေးများသည် လျှောသဏ္ဌာန်ဖြစ်နေ သည့် သစ်သားပြားပေါ်မှတစ်ဆင့် ရုံးခန်း တွင်းရှိ စာတိုက်ပုံးကြီးထဲသို့ လျှောကျ သွားသည်။
ကျွန်မသည် မူလတန်းကျောင်း သူ ဘဝကတည်းက မိခင်ဖြစ်သူနှင့်အတူ သော်လည်းကောင်း၊ အလယ်တန်း ကျောင်းသူဘဝ၌ ကိုယ်တိုင်သော် လည်း ကောင်း အဝေးရောက်ဖခင်ဖြစ်သူထံ စာ ပို့ရန်အတွက် ထိုစာတိုက်ပုံးလေးကို အသုံးပြုခဲ့သည်။ ထိုစဉ်က ကျွန်မစိတ်တွင် ကျွန်မထည့်လိုက်၍ လျှောခနဲကျသွားသော စာ အိတ်ကလေးသည် အဝေးတစ်နေရာမှ ဖခင်ထံသို့ ချက်ချင်း တန်း၍ရောက်သွားသည်ဟု ယုံကြည်ထင်မှတ်ခဲ့ဖူးသည်။ ကလေးဘဝက ထိုသစ်သားအပေါက်လေးထဲသို့ ချောင်းကြည့် ဖူးသည်။ မှောင်နေသဖြင့် ဘာမှ မမြင်ရ။
ထိုသစ်သားပေါက်ကလေးထဲသို့ ထည့်လိုက်သည့် စာ အမျိုးအစားမှာ ‘ရိုးရိုးပို့သည့်စာ’ ဖြစ်သည်။ အကယ်၍ သံဆန်ခါ နောက်မှ စာတိုက်ဝန်ထမ်းထံသို့ လှမ်း၍ ပေးမည်ဆိုပါက ထိုစာ ၏ အမျိုးအစားမှာ ‘မှတ်ပုံတင်၍ ပို့သည့်စာ’ ဖြစ်သည်။ စာကို ရိုးရိုးပို့လျှင် စာအိတ်ဖိုးနှင့် တံဆိပ်ခေါင်းဖိုးကလွဲ၍ ငွေထပ်ကုန် စရာမလို။ မှတ်ပုံတင်၍ ပို့မည်ဆိုလျှင် မှတ်ပုံတင်ခ ထပ်၍ ပေး ရသည်။
စာရေးပြီးသည်နှင့် အသင့်ဝယ်ထားသည့် တံဆိပ်ခေါင်းကို ကျကျနနကပ်ကာ စာထည့်ရုံအသင့် ပြင်ဆင်လာသည့် ကျွန်မ သည် ပြည်နယ်နှင့်တိုင်းများရှိ သူငယ်ချင်းများထံသို့ ထိုစာတိုက် ပုံးလေးကို အသုံးပြုကာ ရိုးရိုးပင် ပို့လေ့ရှိသည်။ မှတ်ပုံတင်ရန် အတွက် ကုန်ကျခံရန် မုန့်ဖိုးလက်ကျန်ရှိသေးပါက မှတ်ပုံတင်၍ ပို့သည်။ ကျွန်မတို့မြို့မှ စာရေးဆရာများ စုပေါင်းရေးသားကာ ထုတ်ဝေသည့် ဝတ္ထုတိုစာအုပ်၊ ကဗျာစာအုပ်နှင့် ဒေသထွက် ခရုပုတီးလေးများထည့်၍ ပို့သည့် အကြိမ်များတွင်မူ မှတ်ပုံတင်၍ ပို့လေ့ရှိသည်။
စာတိုက်ဝန်ထမ်းများသည် ကျွန်မကိုမြင်လျှင် စာအများကြီး ရောက် လေ့ရှိပြီး စာအများကြီး ပို့လေ့ရှိသူမှန်း ရင်းရင်းနှီးနှီးမှတ်မိနေသည်။ ရိုးရိုးပို့ သည့်စာနှင့် မှတ်ပုံတင်၍ ပို့သည့်စာ ဘာ ကွာခြားသလဲဟု မေးလျှင် ဘာမှမကွာ ဟုသာ ဖြေရမည်။ ပို့လိုက်သည့်စာသည် ရက်သတ္တပတ်နှင့်ချီ၍ ကြာပုံချင်းက တော့တူသည်။ တချို့စာများသည် လနှင့် ချီ၍ ကြာတတ်သည်။ ထိုသို့သော အချိန် များတွင် စာမလာ၍ စောင့်ရသည့် အရသာ သည်လည်း တစ်မျိုးတစ်မည် လွမ်းစရာ ကောင်းပြန်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင် ၍ အဝေးသင်မေဂျာများကို စာတိုက်မှ တစ်ဆင့် လျှောက်ထားကြရာ စာတိုက် နှင့်ပတ်သက်၍ ကျွမ်းကျင်နေသည့် ကျွန်မသည် စာတိုက်သို့ ရောက်ပင် မရောက်ဖူးသည့် သူငယ်ချင်းများအတွက် ဆရာလုပ်ခြင်း၊ ကူညီ ခြင်းအမှုများကို ဂုဏ်ယူစွာ ပြုလုပ်နိုင်ခဲ့သေးသည်ကိုလည်း အမှတ်ရနေမိသည်။
ကျွန်မ တက္ကသိုလ်သွားတက်၍ အိမ်၌မရှိသည့် အချိန်များ တွင် မိဘများက ထိုစာကလေးများကို သိမ်းဆည်းပေးထားလေ့ ရှိသည်။ အိမ်သို့ပြန်ရောက်၍ အထုပ်အပိုးချပြီး သူငယ်ချင်းများ ထံမှ ရောက်လာသည့် စာများကို ဖတ်ရသည်မှာ အမောပြေစေ သည်။ တချို့က ကျွန်မထက် အသက်ကြီးသည့် အစ်မများ၊ အစ်ကိုများထံမှ ပို့လာသည့် စာများဖြစ်ပြီး၊ အချို့က ရွယ်တူ သူ ငယ်ချင်းများထံမှဖြစ်သည်။ လူချင်းမမြင်ဖူးဘဲ စာချင်းသာ ရင်း နှီးနေသူတို့ထံမှရသည့် ဗဟုသုတ၊ အတွေ့အကြုံနှင့် အားပေး စကားများသည် ကျွန်မ၏ ဘဝလမ်းကြောင်းကို များစွာ အထောက် အကူ ဖြစ်စေခဲ့သည်။
ပထမဆုံး ကျွန်မလူချင်းတွေ့ခွင့်ရသည့် သူငယ်ချင်းမှာ ကျွန်မနှင့် ရွယ်တူ မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူသည် ကျွန်မတက္ကသိုလ် တက်ရသည့်မြို့တွင် နေထိုင်သူဖြစ်သည်။ တက္ကသိုလ်ပထမနှစ်တွင် သူနှင့် လူချင်းစတင်တွေ့ဖူးပြီး စာထဲက အတိုင်းပင် ရင်းနှီးခင်မင်ခဲ့ကြသည်။ သူသည် အင်္ဂလိပ်စာတော်သူ သည်။ ထက်မြက်သည်။ တစ်ဖက်သားကို ကူညီလိုစိတ်ရှိသူ ဖြစ် သည်။ ထို့နောက်တွင် သူနှင့်သာမက သူ့မိသားစုနှင့်လည်း ခင် မင်ရင်းနှီးခဲ့သည်။
တက္ကသိုလ်ပညာ သင်ကြားပြီးချိန်အထိ ထိုသူငယ်ချင်း အပါအဝင် အခြားသော သူငယ်ချင်းအချို့နှင့် စာချင်းအဆက် အသွယ် ရှိခဲ့သည်။ သူငယ်ချင်းအချို့မှာ သူတို့၏ ဇာတိမြေမှ ခွဲခွာ ကာ အခြားသော မြို့နယ်၊ အခြားသော နိုင်ငံများဆီသို့ ပညာရေး အတွက်ဖြစ်စေ၊ အလုပ်အကိုင်၊ အခွင့်အလမ်းအတွက်ဖြစ်စေ ထွက်ခွာကာ သွားကြပြီဖြစ်ရာ ကျွန်မပို့သောစာများကို မရ၍ သော်လည်းကောင်း၊ မရောက်၍သော်လည်းကောင်း အဆက် အသွယ် ပြတ်တောက်ခဲ့ကြသည်လည်း ရှိသည်။
အချို့က မူလလိပ်စာတွင် မရှိကြတော့သော်လည်း အခြား ဒေသမှနေ၍ စာပို့ကြသည်။ သူတို့၏ အလုပ်အကြောင်း၊ နေရာ သစ်များအကြောင်းနှင့် အတွေ့အကြုံများအကြောင်းကို ဖတ်ခွင့် ရသည်။ အများစုမှာ ရန်ကုန်မြို့သို့ ရောက်ရှိသွားကြသည်။
သည်လိုနှင့် ကျွန်မသည်လည်း ဇာတိမြေကို ခွဲခွာရမည့်သူ တစ်ဦး ဖြစ်လာသည်။ ဆက်လက်ဆည်းပူးနိုင်သေးသည့် ပညာ ရေးအခွင့်အလမ်းများတည်ရာ ရန်ကုန်မြို့သို့ ထွက်ခွာလာရမည့် အချိန်တွင် ကျွန်မကို တိုက်တွန်းအားပေးသည့် တစ်ခုတည်းသော စိတ်မှာ ”ရန်ကုန်မှာ ငါ့သူငယ်ချင်းတွေရှိတယ်”ဟူ၍ ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသော သူငယ်ချင်းများသည် ကျွန်မ အား မမြင်နိုင်သည့် သတ္တိများ ပေးခဲ့သည်။
ဇာတိမြေမှ ခွဲကာ ရန်ကုန်မြို့သို့ရောက်သည့်အခါ ကျွန်မ ထံသို့ ရောက်ရှိလာသည့် စာများကို ကျွန်မ၏ မိဘများက သိမ်း ဆည်းထားကာ လူကြုံဖြင့်တစ်ဆင့်ပြန်၍ ပို့ပေးသဖြင့် အချို့ သူ ငယ်ချင်းများနှင့် ဆက်လက်၍ အဆက်အသွယ်ရသည်။ ရန်ကုန် ရောက်စက လမ်းမကြီးများပေါ်တွင် တွေ့ရလေ့ရှိသည့် စာတိုက် ပုံးအနီရောင်လေးကို အသုံးပြုကာ သူငယ်ချင်းများထံ စာရေးပို့ ဖူးသည်။ အများဆုံးအသုံးပြုဖူးသည့် စာတိုက်မှာ ကမာရွတ်မှ တက္ကသိုလ်စာကြည့်တိုက် ဖြစ်၏။ သို့သော် ရန်ကုန်သည် အချိန် ရှားပါးပေစွ။ အလုပ်တစ်ဖက်၊ ကျောင်းစာတစ်ဖက်နှင့် သူငယ် ချင်းများထံ စာမရေးနိုင်တော့ဘဲ အဆက်အသွယ် တဖြည်းဖြည်း ပြတ်တောက်ခဲ့ကြရသည်။
သို့သော် အလုပ်ဆင်း၍ အဆောင်သို့ ပြန်လာတိုင်း နေ့စဉ် လိုလို မပျက်မကွက် ကျွန်မလုပ်မိသည့် အရာတစ်ခုရှိသည်။ ထို အရာကား အခြားမဟုတ်၊ အဆောင်တံခါးဝရှိ စာတိုက်ပုံး အတွင်းသို့ လက်ဖြင့်နှိုက်၍ စမ်းကြည့်ခြင်းပင်ဖြစ်သည်။ မျှော် လင့်ချက်ကား ကျွန်မထံသို့ စာရောက်နေမည်လားဟူ၍ဖြစ် သည်။ အကြိမ်ပေါင်းများစွာ မျှော်လင့်သလို ဖြစ်မလာသည့်အခါ စိတ်လျှော့လိုက်သည်။ ရံဖန်ရံခါ၌သာ စာတိုက်ပုံးလေးကို ဖွင့် ကြည့်သည်။
မှတ်မှတ်ရရ တစ်ခါက ရုံးကအပြန် ထိုစာတိုက်ပုံးထဲတွင် စာအခေါက်လေးတစ်ခုကို တွေ့ရသည်။ ကျွန်မပျော်သွားသည်။ ထိုစာရွက်ခေါက်ကလေးကို ဖြန့်ကြည့်လိုက်ရာ ကျွန်မအတွက် စာမဟုတ်ဘဲ မီတာရုံးက ပို့ထားသည့် မီတာစာရွက်ဖြတ်ပိုင်း ဖြစ် နေလေရာ ငိုအားထက် ရယ်အားသန်ခဲ့ရဖူးသည်။
ဆွေမျိုးရင်းချာမရှိသည့် ရန်ကုန်မြို့ကြီး၌ တစ်ယောက် တည်း ရပ်တည်နေထိုင်ရချိန်တွင် စာချင်းရင်းနှီးသည့် သူငယ် ချင်းတချို့နှင့် လူချင်းတွေ့ဆုံခွင့်ရသည်။ ကျွန်မအား ဆက်၍ တက်သင့်သည့် သင်တန်းများနှင့် လျှောက်၍ ရနိုင်သည့် အလုပ် များအကြောင်းကို လမ်းညွှန်ပေးကြသည်။
အလုပ်ကိုယ်စီ၊ သင်တန်းကိုယ်စီနှင့် ဖြစ်ကြရာ အပတ်စဉ် မဆိုထားနှင့်၊ လစဉ်ပင် သူတို့နှင့် မဆုံဖြစ်။ တစ်ခါတစ်ရံတွင် နှစ် နှင့်ချီ၍ မဆုံဖြစ်ကြသူများလည်း ရှိသည်။ သို့သော် ထိုသူငယ်ချင်း များနှင့် တစ်မြေတည်းတွင် ရှိနေရသည်ဆိုသည့် စိတ်ကပင်လျှင် ကျွန်မကို ခွန်အားတို့ ပေးစွမ်းခဲ့လေသည်။
အချိန်ရှားပါးသည့် ရန်ကုန်မြို့တွင် ကျွန်မအတွက် အချိန် ပေးကာ အလုပ်အတွက်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ လမ်း ပြပေးခဲ့သူအများစုမှာ စာချင်းရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်း များဖြစ်လေသည်။ အချို့က လူချင်းမဆုံနိုင်ကြသည့်တိုင် ဖုန်းဖြင့် ဆက်သွယ်ကြသည်။ ထိုစဉ်က လက်ကိုင်ဖုန်းဆိုသည်မှာ အသုံး ပြုနိုင်ရန် မဆိုထားနှင့်၊ ထိပင်မထိတွေ့ဖူးသည့် ပစ္စည်းဖြစ်ရာ အဆောင်ရှိ ကြိုးဖုန်းဖြင့် စကားပြောရသည်။
ထိုသူငယ်ချင်းများ၏ စာကလေးများကို ဇာတိမြို့ရှိ ကျွန်မ တို့၏ အိမ်တွင် သပ်သပ်ရပ်ရပ် သိမ်းဆည်းထားသည်။ ထိုစာ လေးများ မပျက်စီးအောင် ထိန်းသိမ်းပေးရန် မိဘများကို မှာရ သည်။ တစ်နှစ်တစ်ကြိမ် အိမ်သို့ပြန်တိုင်း ထိုစာလေးများ ထည့် ထားသည့် ကတ်ထူစက္ကူပုံးကို ဖွင့်၍ ကြည့်ရသည်က အမော။ တံဆိပ်ခေါင်းကပ်ထားသည့် စာအိတ်လေးများ၊ ပို့စကတ် လေးများနှင့် သူငယ်ချင်းတို့၏ ပလတ်စတစ် လောင်းထားသော ဓာတ်ပုံလေးများကို ထုတ်၍ ကြည့်သည်။ ပြီးလျှင် သပ်သပ်ရပ်ရပ် စီစီရီရီ ပြန်၍ ထားသည်။ အဆက်အသွယ်မရှိတော့သည့်တိုင် ဒီဇိုင်းအမျိုးမျိုးဖြင့် တံဆိပ်ခေါင်းကပ်ထားသည့် ထိုစာလေးများ ကို ကျွန်မတန်ဖိုးထားခဲ့သည်။
ကုန်လွန်ခဲ့သည့် တစ်ခုသောနှစ်က ကျွန်မအိမ်ပြန်ရောက် ချိန်တွင် ကျွန်မ၏ မိခင်က ခြကိုက်သွားသည့် စာများအကြောင်း ကို ပြောသည်။ ရစရာမရှိအောင် ကိုက်ဖြတ်သွားသည့် ခြများ ကြောင့် ကျွန်မငယ်စဉ်က ကျောင်းစာအုပ်၊ ပြင်ပစာအုပ်နှင့် စာ များထည့်ထားသည့် ကတ်ထူစက္ကူပုံးတို့ ပျက်စီးသွားသည်။ သူ ငယ်ချင်းတို့၏ ဓာတ်ပုံလေးများကလွဲလျှင် ခြကိုက်သွားသည့် စာများက ကျွန်မအိမ်ပြန်မရောက်ခင် ရက်ပိုင်းကမှ ဖခင်ဖြစ်သူ အမှိုက်ရှင်းသည့် အထဲပါသွားသည်။ ပြန်မရနိုင်တော့သည့် အနှစ် နှစ်အလလ စုဆောင်းထားသည့် အမှတ်တရများ ပျောက်ဆုံး သွားသည့်အတွက် ကျွန်မနှမြော၍ မဆုံး။
အချို့သူငယ်ချင်းများနှင့် ယနေ့တိုင် မိတ်ကောင်းဆွေ ကောင်းများအဖြစ် လူချင်း ဆက်လက်ခင်မင်နေသေးသော် လည်း အချို့သူများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ သည်မှာ ဆယ်စုနှစ်မက ရှိခဲ့ပြီ။ အချို့ကို ယနေ့ ခေတ်စားနေသည့် လူမှုကွန်ရက်များပေါ်လာသည့် အချိန်တွင် ပြန်တွေ့ကာ ချိတ် ဆက်မိ ကြသည်။ ရှေးဟောင်းနှောင်းဖြစ်များပြန်၍ ပြောဖြစ်ကြ သည်။ သို့သော် သူရောကိုယ်ပါ အလုပ်ကိုယ်စီဖြင့် အချိန် ရှားပါး လွန်းသည့်အတွက် လူချင်းတော့ မဆုံနိုင်ခဲ့။ အွန်လိုင်းပေါ်၌သာ နှုတ်ဆက် စကားပြောရုံလောက်သာ ရှိခဲ့သည်။
ယနေ့ခေတ် အင်တာနက်ပေါ်တွင် မရိုးသားသည့် ရည်ရွယ် ချက်များဖြင့် မိတ်ဆွေဖွဲ့ပြီး ပြင်ပလောကတွင် ချိန်းဆိုတွေ့ဆုံကာ တစ်ဦးနှင့်တစ်ဦး အန္တရာယ်ပြုရန် ကြိုးစားသည့် အဖြစ်အပျက် များကို ကြားရမြင်ရတိုင်း ကျွန်မ၏ ရိုးသားလှသော သူငယ်ချင်း များကို သတိရမိသည်။ ဖြူစင်သော၊ တစ်ဖက်သားကို ကူညီလို စိတ်ရှိသော သူငယ်ချင်းများအကြောင်းကို တွေးမိကာ ကျေးဇူး တင်မိသည်။
ကျွန်မ၏ ဘဝတွင် ထိုမျှ အမှတ်တရဖြစ်စရာကောင်းလှ သည့် သူငယ်ချင်းများနှင့် တွေ့ဆုံသိကျွမ်းခွင့်ရသည့် အတိတ် သည် ဆယ်စုနှစ်ကျော်အဝေးတွင် ကျန်ခဲ့ပြီဖြစ်သော်လည်း ယခု တိုင် ပြက်ပြက်ထင်ထင် မှတ်မိနေဆဲဖြစ်သည်။
ဇာတိမြေသို့ ပြန်ရောက်တိုင်း ကျွန်မအတွက် အမှတ်တရ များစွာရှိခဲ့သည့် ရေနံချေးရောင် စာတိုက်အဆောက်အအုံကို ငေး၍ ကြည့်မိသည်။ တစ်ခါတစ်ရံ စက်ဘီးခြင်းကလေးထဲ၌ အရွယ်စုံ၊ အရောင်စုံ စာအိတ်များ အထပ်လိုက်ထည့်ကာ တစ် လမ်းဝင်တစ်လမ်းထွက် စာပို့လေ့ရှိသည့် စာပို့သမား ဦးလေးကြီး ကို တွေ့ရသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကထက် သိသိသာ သာ အိုမင်းရင့်ရော်နေပေပြီ။ သူ့ကိုတွေ့တော့ ကျွန်မ ပြုံးမိသည်။ သူက ကျွန်မကို မမှတ်မိတော့။
ပြင်ပတွင် မမြင်ဖူးသည့် သူစိမ်းများအကြား လွယ်ကူစွာ ဆက်သွယ်နိုင်မည့် ခေတ်မီနည်းပညာများ ပိုမိုထွန်းကားလာ သော ယနေ့အချိန်တွင် တံဆိပ်ခေါင်းကပ်ထားသော စာလေး များက ပို၍ မြင်ရခဲလာသည်။ နောင်တစ်ချိန်တွင် ထိုစာအိတ် လေးများအကြောင်း၊ ရန်ကုန်မြို့ လူစည်ကားရာ လမ်းမကြီးများ နှင့် လမ်းထောင့်များတွင် တွေ့ရလေ့ရှိသည့် အမိုးခုံးစာတိုက်ပုံးအနီလေးများအကြောင်းတို့သည် သားသမီးမြေးမြစ်များကို ပြန် ပြောင်းပြောရမည့် အိပ်ရာဝင်ပုံပြင်ကလေးများ ဖြစ်လာမည်ကို ကြို၍ တွေးမိလေသည် ။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ အက်ဆေးဖြစ်ပါသည်။
မြတ်စုမွန် ရေးသည်။