ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၈ (မော်ကွန်း)
ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ဟာစိုးရိမ်ရေအမှတ်ရောက်နေတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။
“ငါးသိုင်းချောင်းမှာကစိုးရိမ်ရေအမှတ် ၂၇ ပေ မှာ အခု ၂၇.၅ ပေကျော်လောက်တက်နေတယ်။ ကျွန်တော်တို့ကြက်ခြေနီအသင်းအနေနဲ့ဘောကွင်းတွေ၊ ဆေးဝါးပစ္စည်းတွေအဆင််သင့်ကူညီဖို့ပြင်ထားပါတယ်။” လို့ ငါးသိုင်းချောင်းမြို့ကြက်ခြေနီကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ငဝန်မြစ်ဟာငါးသိုင်းချောင်းမှာ စိုးရိမ်ရေအမှတ်ရောက်နေပြီး နောက် ၂၄ နာရီ အတွင်းစိုးရိမ်ရေအမှတ်ကျော်လွန်ဖို့ရှိတယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။
မြစ်ရေတွေရဲ့စိုးရိမ်ရေအမှတ်ဟာ တစ်ပေခန့်အလိုကိုရောက်တာနဲ့ မြေနိမ့်ပိုင်းတွေကိုရေတွေစဝင်နေပြီး နီးစပ်ရာကိုပြောင်းရွှေ့ဖို့လုပ်ရမယ်လို့ မိုးဇလညွှန်ကြားမှူး ဦးလှထွန်းကပြောထားပါတယ်။
ငါးသိုင်းချောင်းအနီးက ငပိဆိပ်ရွာမှာဆိုလည်းမြေနိမ့်ပိုင်းမှာရှိတဲ့နေအိမ်တွေထဲ ရေတက်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အနိမ့်ပိုင်းအိမ်တွေတော့ ရေတွေဝင်နေတယ်။ မြစ်ဘေးနားကဘုန်းကြီးကျောင်းဆိုလည်း ရေတွေဝင်နေပြီ။” လို့ ငပိဆိပ်ရွာကဒေသခံတစ်ဦးကပြောပါတယ်။
ငါးသိုင်းချောင်းမြို့ဟာ ပုသိမ်မြစ်(ခေါ်)ငဝန်မြစ်ကပ်လျက်မှာရှိပြီးနှစ်စဉ်ရေဘေးအန္တရယ်ကြုံရပါတယ်။
ငါးသိုင်းချောင်းမြို့မှာ အိမ်ခြေ ၂၃,၀၀၀ကျော်၊ လူဦးရေ တစ်သိန်းနီးပါးနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။
လက်ရှိမြစ်ရေစိုးရိမ်ရေအမှတ်ရောက်နေတဲ့ ငါးသိုင်းချောင်းမြို့လို့ပဲ ပဲခူး၊ ကရင်၊ မွန်နဲ့တနင်္သာရီတိုင်းမှာ အခုလဆန်းပိုင်းကမိုးအဆက်မပြတ်ရွာတာမြစ်ရေတက်လာတာကြောင့် လူဦးရေငါးသောင်းနီးပါး ရေဘေးကြုံခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဧပြီလ ၁၄ ရက်၊ ငဝန်မြစ်မြင်ကွင်း။
ဓာတ်ပုံ- Mawkun
#Dailynews

