ရန်ကုန်- ၂၀၂၅ ဧပြီ ၁၄ (မော်ကွန်း)
မကြာသေးခင်က နိုင်ငံအလယ်ပိုင်းမှာ ထောင်နဲ့ချီအသက်တွေဆုံးရှုံးပြီး အတုန်းအရုန်းဖျက်ဆီးထားတဲ့ငလျင်ကြောင့် ဒီနှစ်ကျရောက်တဲ့ အတာရေသဘင်ပွဲတော်ကို ရန်ကုန်သားတွေ နွှဲပျော်ခြင်း မရှိပါဘူး။
စစ်ကောင်စီကလည်း သူ့ရဲ့မဏ္ဍပ်တွေကို ဖျက်သိမ်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီသင်္ကြန်ကာလကို စစ်ကိုင်းငလျင်ဘေးသင့်သူတွေအတွက် ဝမ်းနည်းခြင်းကာလသတ်မှတ်တယ်လို့ ကြေညာထားတာပါ။
ရန်ကုန်ရဲ့ နှစ်စဉ် သင်္ကြန်ပွဲတော်ကျင်းပတဲ့ အထင်ကရနေရာတွေဟာ တိတ်ဆိတ်နေပြီး ရပ်ကွက်တွေအတွင်းမှာ ကျင်းပကြတဲ့ ရေပက်ဆော့ကစားတာမျိုးတောင် နေရာအများစုမှာမတွေ့ရပါဘူး။
ကလေးငယ်တချို့ ရေပက်ဆော့ကစားကြတာကလွဲရင် ရန်ကုန်ဟာ သင်္ကြန်အကျနေ့မှာလည်း ဆက်လက်တိတ်ဆိတ်နေပါတယ်။


