ရန်ကုန် – ၂၀၂၅ ဧပြီ ၁ (မော်ကွန်း)
လူထောင်ချီသေဆုံးတဲ့ အင်းအားပြင်းငလျင်ဘေး ကြုံတွေ့နေတဲ့ကာလအတွင်းမှာပဲ စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီမနက် ၁၁ နာရီခန့်မှာ နောင်ချိုမြို့နယ်က တောင်လှရွာနဲ့ ဂေါ်ရခါးရွာတို့ကို ဒရုန်းနဲ့တစ်ကြိမ်၊ ဂျက်ဖိုက်တာနဲ့တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့တုန်းကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးသယ်ဆောင်လာတဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေအပေါ် နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းကြေညာထားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်း တစ်မိနစ်ငြိမ်သက်ခြင်းတွေကို ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းမှာ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေပြီး ငလျင်ဘေးမတိုင်မီကာလတည်းက နောင်ချိုနဲ့ တောင်ခမ်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ငလျင်ကာလအတွင်း သီတင်းပတ်နှစ်ပတ်ကြာ ထိုးစစ်တွေ ရပ်တန့်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ငလျင်ဘေးဖြစ်နေပေမယ့် ဒေသတချို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတချို့ရှိနေပြီး ဒီရက်ပိုင်းမှာ ကရင်နီဒေသ ဘော်လခဲမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတချို့ကဆိုပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လက်ရှိမှာ သေဆုံးသူနှစ်ထောင်ကျော်ထိ ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးနေတဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA

