ရန်ကုန်-၂၀၂၅ ဇွန် ၂၅ (မော်ကွန်း)
ပြီးခဲ့တဲ့သုံးလက လှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က လူအသေအပျောက်များခဲ့တဲ့ Sky Villa အဆောက်အဦအောက်က အမျိုးသမီးရုပ်အလောင်းတစ်ခု မနေ့ကထပ်မံရှာတွေ့တယ်လို့ အဲဒီမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေဆဲ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဆောင်-B၊ အခန်းအမှတ် L-9 မှာ အဲဒီ အမျိုးသမီးရုပ်အလောင်းနဲ့အတူ ကျပ်ငွေ ၂၈,၅၀၀,၀၀၀ သိန်း၊ ရွှေ ၈၈ ကျပ်သား၊ ရွှေကလစ်တစ်ခု၊ စိန်နားကပ်တစ်ခု၊ စိန်ဆွဲသီးတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ပတ္တမြားကြယ်သီးငါးခု၊ ပတ္တမြားနားကပ်တစ်ရံ၊ ရွှေနားကပ်ခြောက်ရံ၊ ရွှေလက်စွပ်၁၇ကွင်း၊ ရွှေဆွဲသီးငါးခု၊ ရွှေဟန်းချိန်တစ်ခု၊ ရွှေလက်ကောက် ၂၁ကွင်း၊ ပလက်တီနမ် ဆွဲကြိုးတစ်ကုံး၊ ရွှေဆွဲကြိုး ၁၀ ကုံး၊ ဘဏ်စာအုပ်သုံးအုပ်၊ မှတ်ပုံတင်နှစ်ခု၊ အိမ်ထောင်စုဇယားမူရင်းတစ်ခု၊ အိမ်ဂရံတစ်ခု၊ ဖုန်းအပျက်တစ်လုံးတို့လည်းတွေ့ရပြီး ပိုင်ရှင်ထံလွှဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် လူ ၃,၈၀၀ သေ၊ ၅,၁၀၀ ကျော် ဒဏ်ရာရကာ ၁၁၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ထုတ်ပြန်သလို ဒီငလျင်ကြောင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးနစ်နာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။
ပုံစာ- SKY Villa မှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့။

