မအူပင်- ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
မနေ့ညနေပိုင်းက လှုပ်ခဲ့တဲ့ငလျင်ကြောင့် မအူပင်မြို့မှာ နှစ်ဦးသေခဲ့ရသလို တက္ကသိုလ်အဆောက်အအုံတချို့ပျက်စီးခဲ့ပြီးနောက် ကျင်းပဖို့ရှိတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့နေ့သင်တန်း ပြန်ဖြေစာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ အဆိုပါ တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မအူပင်တက္ကသိုလ် အဝေးသင်ဌာနရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမယ့် ဇွန်လ ၉ ရက် ကနေ ၁၁ ရက်ထိ သုံးရက်ကြာ ကျင်းပဖို့စီစဉ်ထားတာလို့ သူကပြောပါတယ်။
” ဘွဲ့နှင်းသဘင်အဆောင်က နံရံတွေပြိုကျတယ်။ တချို့နေရာတွေမှာ နံရံကဟက်တက်ကြီး ကွဲအက်သွားတယ်။ ကျောင်းဝန်ထမ်းအိမ်ရာလည်း နည်းနည်းပျက်စီးတာရှိတယ်။ ဘွဲ့နှင်းသဘင် ပေးမယ့် အခမ်းအနားကတော့ ယာယီရွှေ့ဆိုင်းထားလိုက်ရတာပေါ့။ တက္ကသိုလ်ပေ့ရှ် ကလည်း ကြေညာထားတယ်။ ပြန်ကျင်းပမယ့်ရက်ကို ထပ်ထုတ်ပြန်ပေးမယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဇွန် ၈ ရက်ကနေ ၁၅ ရက်ထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၂-၂၃ ပညာသင်နှစ် ပထမနှစ် စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ ဘာသာရပ်တွေကို ပြန်လည်ဖြေဆိုရမယ့် နောက်ဆက်တွဲစာမေးပွဲကိုလည်း ရွှေ့ဆိုင်းထားကာ ပြန်ကျင်းပမယ့် ရက်ကို ထုတ်ပြန် ပေးသွားမယ်လို့ မအူပင်တက္ကသိုလ်က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ကညနေ ၄ နာရီ ၂၃ မိနစ်မှာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက အလယ်ချောင်းနဲ့ချောင်းကြီးကျေးရွာတွေအနီးကို ဗဟိုပြုပြီး အင်အားရစ်ချက်စတာစကေး ၄ ဒသမ ၈ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် အဲဒီမြို့က ဘာသာရေး အဆောက်အအုံတချို့ပျက်စီးခဲ့ပြီး သီလရှင်တစ်ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ မအူပင်မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မအူပင်မြို့ ၊ အမှတ် ၃ ရပ်ကွက်က ရွှေဘုန်းမြင့်စေတီတော် ထီးတော်ပျက်စီးခဲ့ပြီး ဘုရားအနီးက မိုးကုတ်ဝိပဿနာ တရားစခန်းအတွင်းမှာရှိနေတဲ့ သီလရှင် ဒေါ်ဝိမလနဲ့ ယောဂီဒေါ်ရီရီတင့်တို့ဟာ အဆောက်အအုံ အမိုးပြိုကျရာက ပိမိပြီး သေဆုံးခဲ့တယ်လို့ မအူပင်ခရိုင် ပြန်/ဆက်က သတင်းဖော်ပြထားပါတယ်။
ဒီငလျင်ကြောင့် ဧရာဝတီတိုင်းက ညောင်တုန်း၊ ဖျာပုံ၊ ကျိုက်လတ် စတဲ့မြို့နယ်တွေကလည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ငလျင်က လှုပ်တဲ့အချိန်က နည်းနည်းကြာတယ်။ မနစ်ပိုင်းလောက် ကြာမယ် ထင်တယ်။ ပြင်းလည်းပြင်းတယ်။ တော်တော်ကို သိသိသာသာ ခံစားလိုက်ရတယ်။ ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်မှုရှိတာမကြားဘူး။ မအူပင်မှာပဲ ထိခိုက်တာတွေရှိတယ်” လို့ ဖျာပုံမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ပုံစာ – ပျက်စီးသွားတဲ့ မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်နဲ့ မိုးကုတ်ဝိပဿနာတရားစခန်း အဆောက်အအုံ
ဓာတ်ပုံ – Thein Tun Oo
#Dailynews

