ရေစကြို – ၂၀၂၂ ဩဂုတ် ၁၉ (မော်ကွန်း)
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတမျှော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ငတမျှော်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က နေအိမ် ၅၀၀ ဝန်းကျင် ရှိတဲ့ ငတမျှော်ကျေးရွာကို ဩဂုတ် ၁၇ နဲ့ ၁၈ရက်တွေမှာ နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့တာပါ။
” သူတို့(အာဏာသိမ်းစစ်တပ်)က မနေ့ညတစ်ချက်ထိုးလောက်မှာ တိတ်တိတ်လေးဆုတ်သွားတယ်၊ သူတို့ဖမ်းထားတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးတယ်၊ဒီနေ့မနက်မှ ရွာထဲဝင်မီးငြှိမ်းရတာပါ၊ နွားတွေလည်း မီးလောင်သေတယ်၊ အတုန်းအရုန်းပဲ၊အကောင်ရေအတိအကျတော့မသိရသေးဘူး၊သူတို့က အိမ်တွေကို ပြာကျအောင်ရှို့တာပါ၊ မလောင်ဘူး၊မီးမကူးဘူးဆို ထပ်ရှို့သွားတာ၊အဲ့တော့အိမ်နည်းနည်းပဲ ကျန်တော့တယ်”လို့ငတမျှော် ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ငတမျှော်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာသားတစ်ဦးက စိတ်ထိခိုက်ပြီး မနေ့ကသေဆုံးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ငတမျှော်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စွဲခဲ့ပြီး နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကာ အခြားပစ္စည်းတွေကိုလမ်းပေါ် လွှင့်ပစ်ထားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ငတမျှော်ကျေးရွာအတွင်း ကြက်နဲ့ဝက်တွေကိုလည်း အာဏာသိမ်းစစ်တပ်အဖွဲ့တွေက သတ်ဖြတ်စားသောက်ခဲ့သေးတယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ငတမျှော်ကျေးရွာကနေ တပ်ဆုတ်ပြီးနောက် စစ်သားတွေမူလအထိုင်ချထားတဲ့ မင်းရွာကိုပြန်သွားခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ရေလယ်ကျွန်းဒေသ လှေခုတ်ရွာ၊ရေယှားရွာနဲ့ငတမျှော်ကျေးရွာကဒေသခံတွေအပါအဝင် အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးထားတဲ့ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။
” စစ်ရှောင်တွေက ပြေးရတော့ခါးဝတ်ခါးစားနဲ့ နိုင်သလောက်မွေးမြူရေးလေးတွေသယ်ပြီးပြေးရတာ၊ သူတို့အတွက်က ပထမတော့စားနပ်ရိက္ခာ၊ ပြီးတော့ဆေးဝါးအကူညီလိုအပ်ပါတယ်၊ ကိုယ်ဝန်ဆောင်သည်တွေဍေလည်းပါတော့ အကူညီတွေလိုအပ်တယ်”လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကရေလယ်ကျွန်းဒေသကို လူအင်အားအများအပြားနဲ့ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်အကြမ်းဖက်တာကြောင့်ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုံစာ -မီးလောင်ပြာကျနေတဲ့ ငတမျှော်ရွာ။
ဓာတ်ပုံ – ရေလယ်ကျွန်းသတင်း ၂
#Dailynews

