ရန်ကုန်-၂၀၂၀ ဧပြီ ၃ (မော်ကွန်း)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဂွမြို့မှာ ဒီနေ့ည ၇ နာရီကျော်လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ပစ်ခတ်သံ နာရီဝက်ခန့် ထွက်ပေါ်လာလို့ မြို့ခံတွေထိတ်လန့်ခဲ့ပေမယ့် အခုတော့ အခြေအနေတည်ငြိမ်သွားပြီလို့ ဂွမြို့ခံတစ်ချို့က မော်ကွန်းကို ပြောပါတယ်။
ဒီနေ့ည ၇ နာရီကျော်လောက်ကနေ ၈ နာရီ ဝန်းကျင်အထိ လက်နက်ကြီးပစ်သံ ၁၀ ကြိမ်လောက်နဲ့ လက်နက်ငယ် ပစ်သံ တွေကို ကြားခဲ့ရတာလို့ မြို့ခံတစ်ချို့က ပြောပြပါတယ်။
“ တပ်ထဲကနေပဲ အသံတွေ ကြားနေရတာ။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံရော။ နာရီဝက်လောက်အထိ ပစ်သံကို ကြားလိုက်ရတယ်။ လက်နက်ကြီးဟာ အနည်းဆုံး ၁၀ လုံးလောက်ပစ်ခဲ့တာ” လို့ ဂွမြို့က ဒေသခံ ဦးကျော်မြင့်မောင်က မော်ကွန်းကို ပြောတယ်။
သေနတ်သံတွေ ထွက်ပေါ်လာတော့ မြို့ခံတွေဟာ အိမ်တံခါးတွေပိတ်၊ တိတ်ဆိတ်သွားကြတယ်လို့လည်း တစ်ချို့က ပြောပြတယ်။
ဂွမြို့အထွက်၊ ဂွ-ငါးသိုင်းချောင်းကားလမ်းဘေးမှာရှိတဲ့ တပ်ရင်းမှာ အခုလိုဖြစ်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတစ်ချို့က ပြောပြတယ်။
“ လက်နက်ကြီးပစ်တာတော့ အခုမှ ကြားဖူးတာ။ အရင်တစ်ကြောကလည်း လက်နက်ငယ်တွေနဲ့ မနည်းပစ်ပလိုက် ကြသေးတယ်။..နည်းနည်းတော့ကြာသွားပြီ။ နှစ်ရက်၊သုံးရက်ဆက်တိုက်ပစ်ကြတာ။ ညဘက်တွေမှာ။ သတင်းထွက် တာကတော့ ဒရုန်းတွေကို ပစ်တာလို့ သတင်းထွက်တယ်။ အဲဒီတုန်းကဆိုရင် ည ၁၁ နာရီလောက်ပစ်တယ်။ ၂ နာရီလောက်ပစ်တယ်။ နေ့တိုင်းလိုလိုကိုပစ်ကြတာ။ အဲဒီတစ်ကြောတုန်းက” လို့ အမည်မဖော်လိုတဲ့ ဂွမြို့ခံတစ်ဦးက ပြောပြတယ်။
ယနေ့ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော်(AA) က လက်နက်ကြီးနဲ့ လာပစ်လို့ ပြန်ပစ်တာလို့ မြို့ထဲမှာ သတင်းထွက်နေ ကြောင်း ဦးကျော်မြင့်မောင်ကပြောပြပြီး ကားလမ်းမအသွားအလာတွေကိုတော့ ပုံမှန်အတိုင်းဖွင့်ထားဆဲပဲလို့ ဒီည ၉ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ သူက ပြောပြပါတယ်။
“ မြို့ကတော့ ပုံမှန်ပါပဲ။ ဒီအတိုင်းပဲ။ သတင်းကတော့ အတိအကျမသိရဘူး။ အပြင်ကို ထွက်လာတဲ့သတင်းကတော့ ပထမ တစ်ခါတုန်းက ဒရုန်းတွေကို လိုက်ပစ်လာလို့ ထွက်တယ်။ အခုလည်း သူတို့ကို လာပစ်လို့ ပြန်ပစ်တယ်လို့ သတင်း ထွက်တယ်” လို့ သူက ပြောတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နယ်ဟာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ AA တပ်ဖွဲ့နဲ့ တပ်မတော်တို့ ထိုးစစ်အရှိန်တွေမြင့်နေတာကြောင့် စစ်ဘေး ရှောင်ဖို့ ပြည်သူတွေ လွတ်ရာကို ထွက်ပြေးနေရပေမယ့် တောင်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ သံတွဲ မြို့နယ် တွေကတော့ တိုက်ပွဲဖြစ်ပေါ်မှု မရှိတဲ့ အေးချမ်းတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
ဂွမြို့ကမ်းနားလမ်းကူတို့ဆိပ်။
#Dailynews