မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှပုံရိပ်လွှာဖြစ်ပါသည်
ကျော်ဇေယျာထွန်း ရေးသည်။
မြို့နယ်တိုင်းလိုလိုတွင် နာရေးကူညီမှုအသင်းများ ရှိတတ်ကြသည်။ တချို့သောရပ်ကွက်၊ ကျေးရွာများ၌ပင် နာရေးကူညီမှု အသင်းများကို တွေ့ရတတ်သည်။ ထိုနာရေးကူညီမှုအသင်းများ အလုပ်လုပ်ကြသည်၊ မလုပ်ကြသည်ကို မမြင်ဖူးသော်လည်း ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ ထာဝရမေတ္တာနာရေးကူညီမှုအသင်း၏ အကူအညီပေးရေးလုပ်ငန်းများကိုတော့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နေ့တိုင်းလိုလိုပင် တွေ့နေရသည်။
နာရေးကူညီမှုအသင်းတစ်ခုအနေဖြင့် ဆေးရုံတွင် သေဆုံးသည့်အလောင်းကို နေအိမ်သို့ပို့ပေးမည်၊ ပြီးလျှင် အလောင်းကို နေအိမ်မှသုသာန်သို့ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးမည်။ ယင်းမှာ နာရေးအသင်းတစ်သင်းအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာဖြစ်သည်။
သို့သော် ထာဝရမေတ္တာအသင်းသည် ပုပ်ပွနေသည့် အလောင်းများ၊ ကိုယ်ခန္ဓာမပြည့်စုံတော့သည့် အလောင်းများ၊ ကြိုးဆွဲချကာ သေဆုံးနေသည့် အလောင်းများ၊ မှုခင်းဖြစ်၍ သေဆုံးကြသူများ၊ ဆိုင်ကယ်နှင့်မော်တော်ယာဉ် မတော်တဆဖြစ်၍ သေဆုံးကြသည့်အလောင်းများကိုပါ ထုပ်ပိုးသယ်ဆောင်ကာ လိုရာခရီးဆုံးအထိ ပို့ဆောင်ကူညီပေးကြလေသည်။
ဤနေရာတွင် ထူးခြားသည်က ပုပ်ပွနေပြီး စိတ်ချောက်ချားစရာကောင်းသည့် အလောင်းများကို ထာဝရမေတ္တာအသင်းရှိ အသက် ၂၀ ဝန်းကျင်လူငယ်များက အသေအချာကိုင်တွယ် ထုပ်ပိုးပြီး သင်္ဂြိုဟ်ပေးသည့်အလုပ်ကို လုပ်ကိုင်နိုင်ကြခြင်းပင်ဖြစ်သည်။
ထိုကလေးများသည် ရွံရှာခြင်းမရှိကြလော၊ ကြောက်လန့်ခြင်း မဖြစ်ကြလော၊ ဘယ်ကမှန်း မသိသည့် အလောင်းများကို ကိုင်တွယ်ပြီး ညဘက်တွင် အိပ်မက်ခြင်း၊ အခြောက်အလှန့်ခံရခြင်းများ မဖြစ်ကြလောဟု ကျွန်တော်တွေးမိလေသည်။
ထာဝရမေတ္တာအသင်းသည် သေဆုံးသူများတင်မကပါ ဒုက္ခကြုံတွေ့ရသူများကိုပါ အချိန်နေရာမရွေးကူညီပေးကြသည်။
ယခုနှစ် ဇူလိုင်လဆန်းပိုင်းက ဂွမြို့နှင့် နှစ်မိုင်ခန့်ဝေးသော ရိုးမတောင်ပေါ်တွင် အသက် ၆၀ ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦး ကားလမ်းအတိုင်းလမ်းလျှောက်နေရင်း တောင်အောက်သို့ ပြုတ်ကျသွားခဲ့လေသည်။ အချိန်က ညသန်းခေါင်အချိန်ဖြစ်ပြီး မိုးများကသည်းထန်စွာရွာသွန်းနေသည်။
ထာဝရမေတ္တာမှ လူငယ်များသည် အမျိုးသမီးကြီး ပြုတ်ကျသည့် နေရာသို့ရောက်သွားကြပြီး ကူညီကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ကြိုးချည်ကာ တောင်အောက်သို့ဆင်းသွားကြသည်။ ပြီးလျှင် အမျိုးသမီးကြီးကို တောင်ပေါ်သို့ပြန်ယူကာ အမျိုးသမီးကြီးကို ကယ်တင်လိုက်ကြလေသည်။ မိုးရေများရွှဲစိုနေသည့် အမျိုးသမီးကြီးမှာ အချိန်မီ ကယ်တင်နိုင်လိုက်၍သာ အအေးမိပြီး မသေခဲ့ခြင်းဖြစ်လေသည်။
ထိုမှတ်တမ်းဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တွေ့ရသောအခါ ထာဝရမေတ္တာအသင်းမှ လူငယ်များ၏အလုပ်ကို မုဒိတာပွား၊ သာဓုခေါ်မိသည်။ သူတို့၏ တခြားတခြားသော အတွေ့အကြုံများကိုလည်း သိချင်မိသည်။ ထို့ကြောင့် ကျွန်တော်သည် ထာဝရမေတ္တာ နာရေးကူညီမှုအသင်းရှိရာ ဂွမြို့သို့ သွားရောက်ခဲ့လေသည်။
ထာဝမေတ္တာကို မွေးဖွားခဲ့သူများ
ထာဝရမေတ္တာ နာရေးကူညီမှုအသင်းကို ၂၀၁၀ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဂွမြို့၏ ပထမဆုံးသော နာရေးကူညီမှု အသင်းဖြစ်ပြီး အစိုးရထံတွင် မှတ်ပုံတင်ကာ စနစ်တကျဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အသင်းကို စတင်တည်ထောင်သူတစ်ဦးဖြစ်သည့် အသင်းဥက္ကဋ္ဌ ဦးသားသားကြီးက ဆိုသည်။
နာရေးအသင်းမရှိခင်အချိန်က နာရေးတစ်ခုဖြစ်လျှင် ရပ်ရွာဓလေ့အရ အမူးသမားများကိုသာ အားကိုးခဲ့ရသည်။ ၎င်းတို့က အခေါင်းကို ထမ်းစင်နှင့်ထမ်းကာ သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြခြင်း ဖြစ်လေသည်။ ယင်းသို့ အလုပ်တစ်ခုလုပ်ပါက အရက်သမားများကို ဦးစားပေးနေရခြင်းသည် မဖြစ်သင့်ဟုယူဆသည့်အတွက် ဦးသားသားကြီးတို့ သူငယ်ချင်းတစ်စု စုပေါင်းကာ နာရေးအသင်းကို ဖွဲ့စည်းလိုက်ကြခြင်းဖြစ်လေသည်။
အသင်းစတင်ဖွဲ့စည်းသည့်အချိန်က အခေါင်းများကို လှည်းဖြင့်ဆွဲကာ သင်္ဂြိုဟ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဂွမြို့ပေါ်ရှိအလှူရှင် ၁၀ဝ ကျော်၏ အလှူငွေဖြင့် ကျပ်သိန်း ၅၀ ကျော်တန် ဟိုင်းလပ်ကားတစ်စီးကို ဝယ်ယူလိုက်ကြသည်။
နာရေးအသင်း၏ နာမည်ကိုလည်း ဝယ်ယူခဲ့သည့် ကားကိုယ်ထည်တွင် ရေးထိုးထားသည့် ‘ထာဝရမေတ္တာ’ ဆိုသည့် နာမည်ကိုသာ ပေးခဲ့ခြင်းဖြစ်သည်ဟု အသင်း၏ အတွင်းရေးမှူး ဦးဉာဏ်ထွန်းမင်းက ဆိုသည်။
အသင်းအတွက် ရန်ပုံငွေကို ပထမပိုင်းတွင် ရပ်ကွက်အလိုက် လစဉ်အလှူငွေအဖြစ် တစ်အိမ်လျှင် ၅၀ဝ ကျပ်၊ ၁,ဝ၀ဝ ကျပ် လိုက်လံကောက်ခံခဲ့ကြသည်။ ရပ်ကွက်အတွင်း နာရေးဖြစ်ပါက အလှူငွေကျပ် နှစ်သောင်းနှင့်အတူ အခေါင်းတစ်လုံးကို ကူညီပေးသည်။ ထို့အပြင် နာရေးကားဖြင့် အခမဲ့သယ်ယူ သင်္ဂြိုဟ်ပေး၏။
သို့သော် နောက်ပိုင်းတွင် လစဉ်အလှူငွေ လိုက်လံကောက်ခံသည့်အခါ အဆင်မပြေမှု၊ လစဉ်ငွေကြေးရှင်းတမ်းများ ထုတ်ပြန်ရာတွင် အလုပ်မတွင်ကျယ်မှုများကြောင့် ရန်ပုံငွေကောက်ခြင်းကို ၂၀၁၈တွင် ရပ်နားလိုက်ကြသည်။ ထို့အတူ နာရေးဖြစ်ပါက အကူငွေအဖြစ်ပေးသည့် ကျပ်ငွေ ၂၀,ဝ၀ဝ ကိုလည်း မပေးတော့။ သို့သော် နာရေးကားဖြင့် ပို့ဆောင်ပေးခြင်း၊ သင်္ဂြိုဟ်ပေးခြင်း အလုပ်များကိုတော့ အခမဲ့ဆောင်ရွက်ပေးခဲ့သည်ဟု အသက် ၅၀ နှစ်အရွယ် ဦးသားသားကြီးက ပြောသည်။
ယင်းသို့ အလှူငွေမရရှိတော့သည့်နောက်ပိုင်းတွင် နာရေးကားပြင်ဆင်စရိတ်၊ ကားစက်သုံးဆီကုန်ကျစရိတ်၊ ခရီးဝေးသွားရသည့်အခါ အသင်းမှကလေးများကို ကျွေးမွေးရသည့် စရိတ်များအတွက် ကိုယ့်ဘာသာကိုယ် အကုန်အကျခံကြရသည် ဟု သူကဆိုသည်။
“ကားတွေဘာတွေ ပျက်တာတို့ဆိုရင် ကျွန်တော်တို့ လေးယောက်စိုက်ပေးတယ်။ ကိုယ့်ဘာသာကိုယ် စိုက်ပေးတယ်။ နည်းရင်တော့ တောင်းချင်တဲ့သူဆီ ဝင်တောင်းသွားလိုက် ပေးလိမ့်မယ်။ များရင်တော့ လေးနဲ့စားလိုက်တာပေါ့ ဟဲ ဟဲ” ဟု အသင်းစတင်တည်ထောင်ခဲ့သူ လေးယောက်က ကုန်ကျစရိတ်များအား တစ်ယောက်တစ်ဝက်စီမျှခံရပုံကို အသက် ၄၄ နှစ် အရွယ် ဦးဉာဏ်ထွန်းမင်းက အရယ်တစ်ဝက်ဖြင့် ရှင်းပြသည်။
အသင်းကို စတင်တည်ထောင်ခဲ့သူလေးဦးမှာ ယခင်က နာရေးကိစ္စများကို သူတို့ကိုယ်တိုင်လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ လူငယ်များကို ဦးဆောင်လုပ်ကိုင်စေပြီး ၎င်းတို့က နောက်ပိုင်းမှ ပံ့ပိုးပေးခြင်းများ၊ လူငယ်များကို ထိန်းကျောင်းပေးခြင်းများကိုသာ အဓိက လုပ်ပေးတော့သည်။ တစ်ခါတစ်ရံမှသာ သူတို့ ကိုယ်တိုင် ပါဝင်လုပ်ကိုင်ကြတော့သည်။
အလောင်းများနှင့် ရင်းနှီးလာသူများ
ထို့ကြောင့် လက်ရှိ မြေပြင်တွင် လူငယ်များနှင့်အတူ အဓိကဦးဆောင်လုပ်ကိုင်နေသူမှာ ကိုကျော်မြင့်မောင်ဖြစ်သည်။ သူ့ကိုလည်း အသင်းစတင်တည်ထောင်သူတို့က လက်တွဲလုပ် ကိုင်သင်ကြားပေးခဲ့ရာက နောက်ပိုင်းတွင် အသင်း၏အလုပ်များကို သူ့ထံလက်လွှဲကာ လူငယ်များအား ဦးဆောင်စေခဲ့ခြင်းဖြစ်သည်။
ကိုကျော်မြင့်မောင်သည် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မကြာခဏတွေ့ရသည့် ထာဝရမေတ္တာအသင်း၏ လှုပ်ရှားမှု ဓာတ်ပုံများကို အဓိကတင်ပေးသူလည်းဖြစ်သလို လက်ရှိတွင် လူငယ်များကို ဦးဆောင်ကာ နာရေးကူညီမှုလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်လေသည်။ ထို့ကြောင့် အသင်း၏ လက်ရှိလှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကျွန်တော်သိချင်သည့် မေးခွန်းများကို သူ့အားမေးမြန်း ဖြစ်ခဲ့သည်။
သူသည် အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး ၂၀၁၃ မှစ၍ ထာဝရမေတ္တာအသင်းတွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်လေသည်။ သူငယ်စဉ်က လူသေအလောင်းများတွေ့လျှင် စိတ်ဝင်စားကာ လိုက်ကြည့်တတ်သည်။ သို့သော် အလောင်းများကို မြင်ပြီးပါက တစ်ပတ်၊ ၁၀ ရက်ခန့် အစားအသောက်ပျက်တတ်သည်ဟု ကိုကျော်မြင့်မောင်က ပြောသည်။
“ရွံတတ်လို့”ဟု သူကဆိုသည်။

Photo – Kyaw Zayar Htun
လူသေအလောင်းကို ဂွမြို့ဆေးရုံမှ ထုတ်ယူလာစဉ်
ထို့ကြောင့် ထာဝရမေတ္တာ နာရေးကူညီမှုအသင်းတွင် စတင်လုပ်ကိုင်သည့်အခါက နာရေးကားမောင်းပေးခြင်း၊ ဓာတ်ပုံရိုက်ပေးခြင်း၊ တွင်းတူးခြင်းစသည့် အလောင်းမကိုင်ရသော အလုပ်များကိုသာ လုပ်ကိုင်ပေးခဲ့သည်။ သို့သော် အတူအလုပ်လုပ်သည့် လူကြီးများက အလောင်းကိုင်ထားသည့်လက်များဖြင့် သူ့ကိုလိုက်ကိုင်ခြင်း၊ အပုပ်အနံ့များဖြင့် လိုက်တို့ကာ စနောက်ခြင်းများပြုလုပ်ပြီး လူသေအလောင်းများအား မရွံတတ်အောင် လုပ်ပေးခဲ့သည်။
ထိုအခါ ကိုကျော်မြင့်မောင်တွေးမိသည်က သူဝါသနာပါသည့် နာရေးကူညီပေးသည့်အလုပ်ကို သူလုပ်နိုင်သည်အထိ လုပ်ကိုင်သွားမည်ဖြစ်ရာ နောက်ပိုင်းတွင် အလောင်းများကို ကိုင်တွယ်ရမည်သာဖြစ်၏။ ဦးဆောင်နေသည့် လူကြီးများမှာလည်း တစ်နေ့လုပ်နိုင်ကြတော့မည်မဟုတ်။ ထိုအချိန်ရောက်လျှင် သူ့အနေဖြင့် အလောင်းများကို မဖြစ်မနေကိုင်တွယ်ရတော့မည်သာဖြစ်သည်။ ထို့ကြောင့် သူသည် အလောင်းများကို စမ်းသပ်ကိုင်တွယ်ကြည့်ဖို့ ကြိုးစားခဲ့သည်။
ပထမတွင် လူသေကိုမကိုင်သေးဘဲ လူသေထည့်ထားသည့် တာပေါ်လင်စကို စမ်းသပ်ကိုင်ကြည့်သည်။ ယင်းသို့ တဖြည်းဖြည်းတိုး၍ လုပ်ကြည့်ရင်းက အလောင်းကိုစမ်းသပ်၍ ကိုင်ကြည့်သည်။ ပထမဆုံးကိုင်ခဲ့ရသည့် အလောင်း သုံး၊ လေးလောင်းတွင် အတော်ဒုက္ခရောက်ခဲ့ရသည့်အကြောင်းကို ကိုကျော်မြင့်မောင်က ယခုလို ရှင်းပြသည်။
“ဒါ ကိုင်ပြီးသွားရင် ကျွန်တော်မှာ ရေဆေးရတာ တောက်လျှောက်၊ ပြီးရင် ထမင်းစားရင်လည်း ဒါကိုမြင်ယောင် အန်ပြန်ပြီ၊ မုန့်တွေဘာတွေစားရင်လည်း ဒါကိုပြန်မြင်ယောင်ရင် အနံ့ကနံပြန်ရော”
မိုးတွင်းကာလဆိုလျှင် ရေနစ်သေဆုံးခြင်းကဲ့သို့သော အပုပ်အလောင်းများနှင့် ယာဉ်မတော်တဆမှုများများသဖြင့် နောက်ပိုင်းတွင် ကိုင်ရပါများလာသည့်အခါ လူသေအလောင်းများနှင့် ယဉ်ပါးလာတော့သည်။
ထို့ကြောင့် “အခုတော့ ဒီအပုပ်ကိုင်ပြီးတယ်၊ ရေမချိုးဘဲ အခုလက်ဆေးထမင်းစား၊ အခုဖြစ်တယ်(စားနိုင်တယ်)။ မုန့်စား အခုဖြစ်တယ်။ ရိုးသွားပြီ။ အခုကတော့ မရွံတတ်တော့ဘူး” ဟု လူသေအလောင်းများ၊ လူသေအပုပ်နံ့များနှင့် ရင်းနှီးလာသည့်အဖြစ်ကို ကိုကျော်မြင့်မောင်က ရှင်းပြသည်။
ယင်းသို့လုပ်နိုင်လာသည့်နောက်ပိုင်းတွင် လူကြီးများမပါလည်း သူကိုယ်တိုင်ဦးဆောင်ကာ လုပ်တော့သည်။ ထိုအခါ ကိုကျော်မြင့်မောင်က သူနှင့်အတူ နာရေးကူညီမှုအလုပ်တွေကိုလုပ်ရန် နောက်ထပ်လူငယ်များကို စည်းရုံးသည်။ သူစည်းရုံးသည့်နည်းလမ်းက အလောင်းသယ်ဖို့ရှိသည်ဆိုပါက နာရေးအသင်းထဲမှ အတွေ့အကြုံရှိသူများကို မခေါ်။ တစ်ယောက်တည်း ကားမောင်းကာ ထွက်သွားသည်။ လမ်းတွင် တွေ့သည့် လူငယ်များ၊ လက်ဖက်ရည်ဆိုင်တွင် ဂိမ်းကစားနေသည့် လူငယ်များ၊ ဂစ်တာတီးနေသည့်လူငယ်များကို အကူအညီတောင်းသည့် သဘောအဖြစ် ခေါ်သွားတတ်သည်။
“တစ်ခါ၊ နှစ်ခါဆိုရင် သူတို့တွေ စိတ်ပါလာပြီ၊ နောက်ပိုင်းကျ ကိုယ်ခေါ်စရာ မလိုတော့ဘူး။ နောက်ဘယ်လို ဖြစ်လာသလဲဆိုရင် နာရေးရှိရင် ကျွန်တော့ ပြောပါဆိုတာမျိုးဖြစ်လာတယ်” ဟု လူငယ်များကို စည်းရုံးရသည့် သူ့နည်းလမ်းကို ကိုကျော်မြင့်မောင်က ရှင်းပြသည်။
ယင်းသို့အကူအညီတောင်းခံရသည့် လူငယ်များအနက် အသက် ၂၄ အရွယ် မောင်ရန်နိုင်အောင်ထွေး တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ သူသည် ယာဉ်မောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်က ထာရဝမေတ္တာ နာရေးကူညီမှုအသင်းတွင် စတင်အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။
သူသည် ယခင်က အလောင်းများကိုတွေ့လျှင် စိတ်ဝင်တစားကြည့်တတ်သော်လည်း ရွံတတ်သည့်စိတ်ရှိသည်။ ပြီးလျှင် နှလုံးမှာလည်း တဆတ်ဆတ်တုန်လာတတ်သည်။ ယင်းထက်ဆိုးသည်က သရဲကြောက်တတ်ခြင်းသည် သူ၏အကြီးမားဆုံးသော ပြဿနာတစ်ခုဖြစ်သည်ဟု မောင်ရန်နိုင်အောင်ထွေးက ဆိုသည်။
ထာဝရမေတ္တာအသင်းသည် နာရေးကိစ္စများအပြင် ဂွမြို့ပေါ်ရှိ သံဃာများကို အပတ်စဉ်ဆွမ်းလောင်းသည့် အလှူအတန်းတစ်ခုကိုလည်း ပုံမှန်လုပ်လေ့ရှိရာ ကိုကျော်မြင့်မောင်က သရဲကြောက်တတ်သည့် မောင်ရန်နိုင်အောင်ထွေးကို နာရေးကိစ္စများ တွင် မခိုင်းဘဲ ဆွမ်းလောင်းဓမ္မာရုံတွင်သာ လုပ်အားပေးရန် ခေါ်ထားလေသည်။
ထို့ကြောင့် လူမှုရေးအလုပ်များကို လုပ်လိုသော မောင်ရန်နိုင်အောင်ထွေးသည် ဆွမ်းလောင်းဓမ္မာရုံသို့ တစ်ပတ်တစ်ကြိမ် ရောက်တတ်သည်။
သို့သော် တစ်ရက် ည ၁၂ နာရီအချိန်တွင်ကိုကျော်မြင့်မောင်က အလောင်းသွားသယ်ရန် ရှိသည်ဟုဆိုကာ သူ့ထံ ဖုန်း ဆက်လာသည်။ ထို့ကြောင့် မောင်ရန်နိုင်အောင်ထွေးသည် နာ ရေးကားထားသည့် ဆွမ်းလောင်းဓမ္မာရုံသို့ သွားခဲ့သည်။ ဓမ္မာရုံတွင် ကိုကျော်မြင့်မောင်နှင့်အတူ နောက်ထပ်အဖော်တစ်ယောက်ကို တွေ့သည်။ ယခုလို နာရေးကားနောက်သို့ လိုက်ရမည့်အရေးမှာ မောင်ရန်နိုင်အောင်ထွေးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သူကဆိုသည်။
နာရေးကားမှာ နောက်ပိုင်းတွင် အမိုးမပါသည့် ဟိုင်းလပ်ကားအမျိုးအစားဖြစ်သည်။ ကားပေါ်သို့ တက်သည့်အခါ ကားနောက်ပိုင်းတွင် သူတစ်ယောက်တည်းဖြစ်ပြီး ကိုကျော်မြင့်မောင်နှင့် ကျန်တစ်ယောက်က ကားခေါင်းခန်းတွင် ဖြစ်သည်။ သူ့စိတ်ထဲတွင် နောက်ထပ်အဖော်များ ရောက်လာလိမ့်မည်ဟု တွေးထင်မိခဲ့သည်။
သို့သော် ဆေးရုံမှ အလောင်းသယ်၍ ပြန်လာခဲ့သည့်တိုင် ကားနောက်ပိုင်းရှိ အလောင်း၏ဘေးတွင် သူတစ်ယောက်တည်းပင်။ ကြောက်စိတ်ဖြစ်မိသော်လည်း ကိုကျော်မြင့်မောင်တို့နှင့် ယခုလို ရင်းနှီးမှုမရှိသေးသောကြောင့် ကြောက်သည်ဟု ပြောရမှာကို ရှက်သလိုလိုဖြစ်သဖြင့် အလောင်း၏ဘေးတွင် တစ်ယောက်တည်း ငုတ်တုတ်ထိုင်ကာ လိုက်လာခဲ့ရသည်ဟု မောင်ရန်နိုင်အောင်ထွေးက ဆိုသည်။
သူသည် ဆန့်ဆန့်ကြီးလှဲထားသည့် အလောင်းကို လမ်းတစ်လျှောက်လုံး မမှိတ်မသုန် စိုက်ကြည့်ကာ လိုက်ပါလာခဲ့ သည်။ ကြောက်စိတ်ဝင်ကာ အလောင်းကို စိုက်ကြည့်ခဲ့ရစဉ် အတွေးတစ်ခုကို သူကယခုလိုရှင်းပြသည်။
“အလောင်းကောင်ကြီး ထထိုင်တာနဲ့ ကားပေါ်က ခုန်ချဖို့ အသင့်ပြင်ထားပြီးသား” ဟု သူက အရယ်နှောကာ ပြန်ပြောပြသည်။
သူပထမဆုံးကိုင်ဖူးသည့် ပုပ်ပွနေသည့် လူသေအလောင်းမှာ ရေမျောကမ်းတင် အလောင်းဖြစ်သည်။ ဂွကမ်းခြေသို့ လာတင်နေသည့်အလောင်းဖြစ်သည်။ အဆိုပါ အလောင်းအား သယ်ယူဖို့ အသင်းမှလူကြီးများက ခိုင်းလေသည်။ ပုပ်နေသည့် အလောင်းကို ယခင်က တစ်ကြိမ်မှမကိုင်ဖူးသည့်အခါ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေမိ၏။
ထို့အပြင် အလောင်းကို လက်မှဆွဲမကြည့်သည့်အခါ လက်အိတ်တွင် အရေပြားများ တွန့်လိပ်ပါလာပြီး အလောင်းကို မ မရဘဲဖြစ်လေသည်။ ယင်းသို့ဖြစ်သည့်အခါ ရွံရှာမိသလို ကြောက်စိတ်လည်း ဝင်မိသည်။ ထိုအခါ အတွေ့အကြုံရှိသည့် လူကြီးများက သူတို့ကို အတွေ့အကြုံရစေရန် မာန်မဲကာ လုပ်ခိုင်းသည်။ ကိုယ်မလုပ်လိုပါကလည်း လုပ်မည့်သူများရှိကြသည်။ သို့သော် နာရေးအလုပ်ကို ဆက်လုပ်သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ရာ ယခုအလောင်းကို သယ်မှဖြစ်မည်ဆိုသည့်စိတ်ဝင်မိသည်ဟု မောင်ရန်နိုင်အောင်ထွေးက ဆိုသည်။
“သူတို့တွေ(လူကြီးတွေ)ကလည်း အဲဒီလိုပြော၊ လာကြည့်တဲ့သူတွေကလည်း အများကြီးဆိုတော့ ကိုယ့်ဘာသာကိုယ် သတ္တိသွင်းလိုက်တာပေါ့။ အဲဒါနဲ့ ကိုင်ဖြစ်သွားတာ” ဟု သူကဆက်ရှင်းပြသည်။
အစပိုင်းတွင် ယင်းသို့သော အလောင်းများကို ကိုင်တွယ်ပြီးပါက ထမင်းစားသည့်အခါ အလောင်းကို ပြန်မြင်ယောင် တတ်သဖြင့် ထမင်းစားမဝင်။ ထိုအခါ အာရုံလွှဲသည့်အနေဖြင့် တီဗီကို ဖွင့်ကြည့်ကာ ထမင်းကို အမြန်စားရသည်ဟု ဆိုသည်။
သူ့အနေဖြင့် ရေမျောကမ်းတင်အလောင်းသုံးလောင်းကို ဆက်တိုက်ကိုင်ပြီးသည့်နောက်မှာတော့ လူသေအလောင်း ကိုင်တွယ်ဖို့ အကြောက်အလန့်မရှိတော့သလို အစားအသောက်လည်း မပျက်တော့။ ပြီးလျှင် ယခင်က လူသေအလောင်းများကိုမြင်လျှင် တဆတ်ဆတ်တုန်တတ်သော သူ့နှလုံးမှာလည်း ဘာမှမဖြစ်တော့ဟု သူကရှင်းပြသည်။
သို့သော် သရဲကိုတော့ သည်နေ့အထိကြောက်နေတုန်းပဲဟု သူကဆိုသည်။ ထို့ကြောင့်လည်း “သရဲအခြောက် မခံရပါစေ နဲ့” ဟု သူ အမြဲဆုတောင်းသည်။
သရဲများနှင့် နာရေးလုပ်သားများ
ထာဝရမေတ္တာအသင်း ဆွမ်းလောင်းဓမ္မာရုံတွင် ကြုံခဲ့ဖူးသည့် အဖြစ်အပျက်တစ်ခုမှလွဲ၍ ယနေ့အချိန်ထိ သူသည် သရဲအခြောက်မခံရဘူးဟု ဆိုသည်။
ဆွမ်းလောင်းဓမ္မာရုံမှာ သူပုံမှန်ရောက်နေကျ နေရာဖြစ်သည်။ ထိုနေ့ညက သူငယ်ချင်းများနှင့် ဂိမ်းကစားရန် ချိန်းဆိုထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် တစ်ယောက်မှရောက်မလာဘဲ သူတစ်ယောက်တည်း ဂိမ်းဆော့ရင်း ဓမ္မာရုံတွင် အိပ်ပျော်သွားခဲ့လေသည်။
ရုတ်တရက် လန့်နိုးလာပြီး ရင်ဘက်ပေါ်ကဖုန်းကို ယူကြည့်လိုက်သည့်အခါ အချိန်က ည ၁၂ နာရီရှိပြီဖြစ်သည်။ အိပ်ချင်စိတ်လည်း ဖြစ်နေသေးသဖြင့် ထပ်၍အိပ်လိုက်၏။ ည ၂ နာရီတွင် နောက်တစ်ကြိမ်ထပ်နိုးလာသည်။ ဓမ္မာရုံထဲတွင် မီးမရှိ၍ မှောင်နေသော်လည်း ဓမ္မာရုံအပြင်ဘက်တွင် အလင်းရောင် ပျပျရှိနေသည်။ သူ့အရှေ့ ပေ ၄၀ အကွာတွင်ရှိသော နာရေးကားကို ရုတ်တရက် လှမ်းကြည့်မိလိုက်သည့်အခါ ကားနောက်ပိုင်း ဘောင်ပေါ်တွင် လူတစ်ယောက်ထိုင်ကာ သူ့အားကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ့စိတ်ထဲ သူနှင့်ရင်းနှီးသည့် အစ်ကိုတစ်ယောက်ဟု ထင်မှတ်လိုက်သည်။ ထိုအချိန်ထိသူ့တွင် ကြောက်စိတ်လုံးဝမရှိသေး။
အိမ်ပြန်မည်ဆိုသော အတွေးဖြင့် ဖုန်းမီးထွန်းကာ သိမ်းစရာရှိသည်များကို သိမ်းဆည်းပြီး ဖိနပ်ရှာသည်။ ပြီးလျှင် ကားလမ်းမပေါ်သို့ ထွက်ခဲ့သည်။ ဆိုင်ကယ်စီးလာသော သူငယ်ချင်းတစ်ယောက်ကို တွေ့သဖြင့် ဆိုင်ကယ်လမ်းကြုံစီးကာ အိမ်သို့ပြန်လာခဲ့သည်။
ဆိုင်ကယ်စီးရင်း သူတွေးမိသည်က သူနှင့်ရင်းနှီးသည့်အစ်ကိုမှာ နာရေးကားကို ကြောက်တတ်ပြီး လက်ဖြင့်တောင် ထိဝံ့သူမဟုတ်။ ပြီးလျှင် နာရေးကားအနားက သူဖြတ်လာသည့်အခါ ထိုသူကို မတွေ့လိုက်တာကို သတိရသွားသည်။ ယင်းသို့ တွေးမိသည့်အခါမှ ကြက်သီးထကာ ခေါင်းနပန်းကြီးသွားသည်ဟု မောင်ရန်နိုင်အောင်ထွေးက ဆိုသည်။
“အိမ်ပြန်ရောက်တော့ ကျွန်တော့အခန်းတံခါးတောင် မဖွင့်ဘူး။ မေမေရဲ့ ခြင်ထောင်ဘေးနား ကွေးကွေးလေး ဝင်အိပ် လိုက်ရတယ်”ဟု သူကဆိုသည်။
ထို့ကြောင့် ယင်းနောက်ပိုင်းတွင် သူသည် ဓမ္မာရုံတွင် မည်သည့်အခါမှ တစ်ယောက်တည်း မအိပ်ဖြစ်တော့။
မောင်ရန်နိုင်အောင်ထွေးနည်းတူ ကိုကျော်မြင့်မောင်သည် လည်း ထာဝရမေတ္တာအသင်းဆွမ်းလောင်းရုံတွင် အဖြစ်အပျက် တစ်ခုကြုံဖူးသည်။ သူနှင့် သူ့မိတ်ဆွေတစ်ဦး ဓမ္မာရုံအတွင်းရှိ ဘုရားစင်ရှေ့တွင် ဖုန်းသုံးနေစဉ် ဘုရားသောက်တော်ရေခွက် လဲကျကာ ရေများဖိတ်ကျသွားသည်။ သောက်တော်ရေခွက်မှာ ပလတ်စတစ် သောက်ရေခွက်ဖြစ်ပြီး လဲကျသည့်ပုံစံမှာ ကြွက်တိုက်၍ လဲကျသည့် ပုံစံမျိုးမဟုတ်။ ထိုအခါ ကိုကျော်မြင့်မောင်က သောက်တော်ရေခွက်ကို မူလအတိုင်း ပြန်ထောင်ထားလိုက်သည်။
သို့သော် သောက်တော်ရေခွက်မှာ နောက်တစ်ကြိမ် ထပ်မံလဲကျပြန်လေသည်။ သူ့စိတ်ထဲ “ဘယ်လိုဖြစ်ပါလိမ့်”ဟု တွေးမိသော်လည်း ကြောက်စိတ်တော့မဖြစ်ခဲ့။ သို့သော် သူ့မိတ်ဆွေကတော့ ယနေ့အထိ ဓမ္မာရုံသို့ ခြေဦးပင် မလှည့်တော့ဟု ကိုကျော်မြင့်မောင်က အရယ်တစ်ဝက်ဖြင့် ဆိုသည်။
သူသည် တစ္ဆေ၊ သရဲကြောက်တတ်သူ မဟုတ်။ တစ်ခါမှလည်း အခြောက်မခံရဘူးဟု ဆိုသည်။
နာရေးကူညီပေးခဲ့ရသည့် ကာလတစ်လျှောက်လုံးတွင် သေဆုံးသူက အိပ်မက်ပေးသည့်အဖြစ်မျိုးတော့ အသင်းဝင်တစ်ဦး ကြုံခဲ့ဖူးသည်။ ရိုးမတောထဲတွင် သေဆုံးသွားသည့် မုဆိုးတစ်ဦး၏အလောင်းကို သွားသယ်ခဲ့ရသည့် အခေါက်ကဖြစ်၏။ သမက်ဖြစ်သူက သူ့ကိုမြားနှင့်ပစ်သဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရဲက အကူအညီတောင်းသဖြင့် ထာဝရမေတ္တာအဖွဲ့သားများသည် အလောင်းရှိရာ ရိုးမတောထဲသို့ လိုက်သွားခဲ့ကြသည်။ အခင်းဖြစ်သည့်နေရာသို့ ရောက်သည့်အခါ အလောင်းမှာ ပိုးများကျကာ ပုပ်နေပြီဖြစ်သည်။ အလောင်းကို ထုပ်ပိုးပြီးသည့်နောက် အနားတွင်ရှိသည့် ဓားကိုယူလာခဲ့ကြသည်။ ပြီးလျှင် အဆိုပါဓားကို ဆွမ်းလောင်းရုံတွင် သိမ်းထားလိုက်ကြသည်။
ညဘက်တွင် အလောင်းသွားသယ်သူတစ်ဦးထံ မုဆိုးကြီးက အိပ်မက်လာပေးလေသည်။
“အိပ်မက်ထဲမှာ ငါ့ဓားကိုပြန်ပေးဆိုပြီး ပြန်လာတောင်းတာ၊ ဒီဓားက ကျွန်တော့အိမ်မှာမရှိဘူး၊ ဆွမ်းလောင်းရုံမှာလို့ ပြောလိုက်တဲ့အခါမှ အဘိုးကြီးက ပျောက်သွားတာ”ဟု အိပ်မက်ပေးခံရသူ၏ အတွေ့အကြုံကို ကိုကျော်မြင့်မောင်က ပြန်ပြောပြသည်။
မနက်ရောက်၍ မုဆိုးကြီး၏ဓားကို ရှာကြသည့်အခါ အိပ်မက်ပေးခံရသူ၏ အိမ်သို့ရောက်နေသည်ကို တွေ့ရလေသည်။ အကြောင်းမှာ လူငယ်တစ်ယောက်က ဓားကို ဓမ္မာရုံတွင်မထားဘဲ အိပ်မက်ပေးခံရသူ၏ နေအိမ်တွင် ထားမိခဲ့ခြင်းကြောင့် ဖြစ်လေသည်။
တစ္ဆေ၊ သရဲတို့နှင့်ပတ်သက်၍ ထိုကဲ့သို့သော အဖြစ်အပျက်များသာ ကြုံတွေ့ခဲ့ဖူးပြီး တစ်ကြိမ်တစ်ခါမျှ ကြီးကြီးမားမား ကြုံဖူးတာမရှိကြောင်း ကိုကျော်မြင့်မောင်က ဆိုသည်။
သရဲ၊ တစ္ဆကြောက်တတ်သောလူငယ်များကို ကိုကျော်မြင့်မောင် မှာထားသည်က မိမိတို့သယ်ပေးနေရသည့် ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အလောင်းများထက် ကြောက်စရာကောင်းသည့် မျက်နှာမရှိ။ သရဲခြောက်သည်ဆိုပါကလည်း မိမိတို့မြင်နေကျ မျက်နှာများသာဖြစ်ရာ “ဒီရုပ်တွေကို မြင်နေကျရုပ်တွေ ဘာကြောက်စရာရှိလို့တုံး၊ ဒီထက်ဆိုးတဲ့ရုပ်ကတော့ ရှိမနေတော့ဘူး”ဟု သရဲမကြောက်ရန် လူငယ်များကို သူကအားပေးစကားဆိုထားသည်။
မမေ့နိုင်သည့် အပုပ်နံ့
လွန်ခဲ့သည့်ငါးနှစ်က ဧရာဝတီတိုင်း၊ သာပေါင်းဘက်တွင် မီးသွေးစက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ စက်လှေပေါ် တွင် လိုက်ပါလာသည့် အမျိုးသားသုံးဦး သေဆုံးသွားပြီး ၎င်းတို့၏ အလောင်းများကို ဂွမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနားများတွင် တစ်နေရာစီ ပြန်လည်ရှာဖွေတွေ့ခဲ့သည်။ ပြန်တွေ့သည့် အလောင်းကို ထာဝရမေတ္တာအသင်းက ဂွမြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ပေးကြသည်။
နောက်ရက် ဆရာဝန်စစ်ဆေးပြီးသည့်အခါ အလောင်းများကို မြေမြုပ်ရန် ရင်ခွဲရုံတွင် လာယူကြလေသည်။
“ရင်ခွဲရုံတံခါးကို ဖွင့်ပြီးတာနဲ့ အကုန်နောက်ကြောင်း ပြန်လှည့်သွားရတယ်”ဟု အလောင်းသုံးလောင်း၏ အပုပ်နံ့ကို မခံနိုင်သဖြင့် ဖြစ်သွားခဲ့ရသည့် အမှတ်တရတစ်ခုကို ကိုကျော်မြင့်မောင်က တဟားဟားရယ်လျက် ပြောပြသည်။
ရေထဲသို့ ရောက်နေသည့် လူသေအလောင်းများသည် ရက်ကြာနေသည့်တိုင် ချက်ချင်းဆယ်ယူကာ မြေမြှုပ်မည်ဆိုပါက အပုပ်နံ့သည် သိပ်ပြင်းလှသည်မဟုတ်။ ရေမြောင်းပုပ်နံလောက်သာ အနံ့ရသည်။ သို့သော် ဆရာဝန်က ဆေးစစ်ချက်ယူမည်၊ နောက်ရက်မှ မြေမြှုပ်ရမည်ဆိုပါက အလောင်းမှာ ရေစစ်သွားပြီး အပုပ်အနံ့မှာလည်း မခံနိုင်လောက်အောင် ပြင်းပြင်းထန်ထန် အနံ့ထွက်သည်။ ခွဲစိတ်ထားသဖြင့် သွေးညှီနံ့များနှင့် ရောထွေး နေတတ်သည်ဟု သူကရှင်းပြသည်။
ထို့ကြောင့် အလောင်းသုံးလောင်း တစ်ပြိုင်တည်း ပုပ်နေသည့်အနံ့မှာ မည်သို့သောအနံ့ဖြစ်သည်ကို ပြောပြရန်ပင် ခက်ခဲသည်ဟုဆိုသည်။ သို့သော် ထာဝရမေတ္တာအသင်းမှ လူငယ်များမှာ အဆိုပါအလောင်းသုံးလောင်းကို သယ်ယူကာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြသည်။
တချို့သော ရေမျောကမ်းတင်အလောင်းများဆိုလျှင် ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးပြီး ပြန်ချုပ်ရန်ပင် အဆင်မပြေသည်အထိ ပုပ်ပွနေသည့်အခါမျိုးတွင် ရင်ကွဲပက်လက်ဖြစ်နေသည့် အလောင်းကို သယ်ယူကာ မြေမြှုပ်ပေးရတာမျိုးလည်း ကြုံရတတ်သည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။

Photo – ထာဝရမေတ္တာ နာရေးကူညီမှုအသင်း
အသင်းအဖွဲ့အား သဘင်အဖွဲ့အစည်းမှ ငွေငါးသိန်းလှူဒါန်းခဲ့စဉ်
ယင်းသို့သော ဆိုးဆိုးရွားရွား အပုပ်အပွအလောင်းများကို ကိုင်တွယ်ရဲကြသောကြောင့် တစ်ခါက ဂွမြို့မှ မိုင် ၄၀ ကျော် ဝေးသည့် ကျိန္တလီမြို့နယ်မှအကူအညီလှမ်းတောင်းသဖြင့် ရေမျောကမ်းတင်အလောင်းတစ်လောင်းကို သွားရောက် သယ်ယူပေးခဲ့ဖူးသေးသည်။ ကျိန္တလီရဲစခန်းမှ ရဲဝန်ထမ်းများက ယင်းအလောင်းကို ကိုင်တွယ်နိုင်မည့်သူရှာသည့်အခါ တစ်ယောက်မှမတွေ့။ ထို့ကြောင့် ဂွမြို့တွင် တာဝန်ကျဖူးသည့် ရဲဝန်ထမ်းတစ်ဦးက ထာဝရမေတ္တာအသင်းကို အကူအညီလှမ်းတောင်းခြင်း ဖြစ်လေသည်။
ကျိန္တလီမြို့နယ်ဘက်တွင်လည်း နာရေးကူညီမှုအသင်းများရှိသဖြင့် ထာဝရမေတ္တာအသင်းအနေဖြင့် ပုံမှန်ဆိုလျှင် ယင်းဘက်သို့ သွားလေ့သွားထမရှိ။ သို့သော် ရဲကအကူအညီတောင်းသဖြင့် ထွက်သွားခဲ့ကြသည်။ အလောင်းရှိရာသို့ရောက်သည့်အခါ လူ ၃၀ ခန့်က အလောင်းကို ဝိုင်းအုံကြည့်နေကြသည်။
ပင်လယ်ကမ်းခြေသို့လာတင်သည့် အလောင်းမှာ ငါးရက်ခန့်က သေဆုံးထားခြင်းဖြစ်သည်။ ကမ်းပေါ်တွင်တင်နေခြင်းဖြစ်ရာ နေလောင်ထားသဖြင့် အလောင်းမှာ မီးကင်ထားသည့် ကြက်တစ်ကောင်လို နီရဲနေပြီး အပုပ်နံ့များလည်း စူးစူးရှရှထွက်နေသည်။
ထာဝရမေတ္တာအသင်းမှ လူငယ်များရောက်သွားစဉ်တွင်လူအုပ်ကြီးက “ကလေးတွေ ကိုင်ရဲပါ့မလား” ဟူ၍ပင် ပြောကြသေး၏။
“ပထမတော့ ဒီကောင်တွေ ဘာလုပ်ဖို့လဲ ဘာညာဆိုပြီး ပြောကြသေးတယ်။ နောက်မှ လုပ်တာကိုင်တာကြည့်ပြီးခါမှ ဒီကောင်တွေ တကယ်လုပ်တဲ့ ကလေးတွေပါလား ဆိုပြီးဖြစ်တာ” ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
သူတို့သည် အလောင်းကို ဂွသို့သယ်ဆောင်သွားပြီး ဂွသင်္ချိုင်း၌ပင် သင်္ဂြိုဟ်ပေးလိုက်ကြသည်။ သူတို့အလောင်းကို သယ်ယူနေသည့်အခါ ဝိုင်းကြည့်နေသည့် လူအုပ်ကြီးထဲမှ တစ်ဦးတစ်ယောက်ကမျှ ဝိုင်းဝန်းကူညီပေးတာ မရှိခဲ့ပေ။
အလားတူ အဖြစ်မျိုး ရိုးမတောထဲ အလောင်းသွား သယ်ကြစဉ်ကလည်း တစ်ခါကြုံခဲ့ဖူးသေးသည်။ ယောကျာ်းသတ်၍ သေဆုံးခဲ့သွားသည့် အမျိုးသမီးအလောင်းဖြစ်သည်။ ရဲများက အလောင်းသွားသယ်မည်ဟုဆိုသဖြင့် လက်ဖက်ရည်ဆိုင် ထိုင်နေရင်း သည်အတိုင်းထလိုက်သွားခဲ့ကြခြင်းဖြစ်သည်။ အချိန်က ည ၉နာရီခန့်ဖြစ်သည်။
နီးနီးနားနားထင်၍ လိုက်လာခဲ့ရာ ဂွမြို့အထွက် ရိုးမတောထဲသို့ တောင်သုံးလုံးခန့်ကျော်ကာ လေးနာရီခန့် လမ်းလျှောက် လိုက်ရသည်။ လူသွားလမ်းမရှိသဖြင့် ကိုယ့်ဘာသာကိုယ် တောတိုးကာ သွားကြရခြင်းဖြစ်သည်။
“သွားခဲ့ရတဲ့နေရာက အခုအချိန်ထိလည်း ဘယ်နေရာမှန်း မသိဘူး” ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
ထာဝရမေတ္တာအသင်းမှ လူရှစ်ယောက်ခန့်ပါသည်။ ရဲဝန်ထမ်းနှင့် သေဆုံးသူ၏ မိသားစုများပါဆိုလျှင် စုစုပေါင်း အယောက် ၂၀ ခန့်သွားခဲ့ကြခြင်းဖြစ်သည်။ လမ်းပြလုပ်သူက မီးရှူးတိုင်ကြီးကိုင်ပြီး ရှေ့ဆုံးမှသွားသည်။ ကိုကျော်မြင့်မောင် တို့ကတော့ ဖုန်းမီးများထွန်းကာ နောက်မှလိုက်သည်။
အလောင်းပိုင်ရှင်များက ပထမတွင် သူတို့အလောင်းကို သူတို့ထမ်းမည်၊ နာရေးကလူများ ယခုလောက်ပင် မလိုဟုဆိုကြသည်။ ထို့ကြောင့် ကိုကျော်မြင့်မောင်စိတ်ထဲတွင်လည်း မိသားစုဝင်များပါသဖြင့် သက်သာလိမ့်မည်ဟု တွေးမိလိုက်သည်။ သို့သော် အလောင်းရှိသည့်နေရာသို့ရောက်သွားသည့် အခါမှာတော့-
“အလောင်းတွေ့တဲ့အချိန်မှာ အဲဒီသယ်ဖို့ပြုဖို့ဆိုတဲ့သူတွေ ဘယ်ရောက်သွားတယ်မသိဘူး” ဟု သူကဆိုသည်။
အလောင်းမှာ ထိုင်လျက်သားဖြစ်ပြီး ရုပ်ပျက်ကာ ပိုးကျနေပြီဖြစ်သည်။ အပုပ်နံ့များလည်း ထွက်နေပြီဖြစ်၏။အလောင်းကို ရဲများကစစ်ဆေးပြီး၍ သယ်မည်လုပ်သည့်အခါ မိသားစုဝင်များလည်း ပျောက်သွားကြသည်၊ ရဲများလည်း ပြန်သွားကြသည်။ ထို့ထက်ဆိုးသည်က လမ်းပြလုပ်သူပင် ဘယ်ရောက်သွား သည်မသိ။ သူတို့နှင့် အတူကျန်ခဲ့သူမှာ ရင်းနှီးနေသည့်ရဲနှစ်ဦးနှင့် မိသားစုဝင်တစ်ဦးသာကျန်ခဲ့သည်။
ထို့ကြောင့် ထာဝရမေတ္တာအသင်းသားတို့သည် အလောင်းကို တာပေါ်လင်မိုးကာစပေါ် တင်လိုက်ပြီး ကောက်ညှင်းထုပ် ထုပ်သလို ကြိုးများဖြင့် ချည်နှောင်ကာ ထုပ်ပိုးလိုက်သည်။ ပြီးလျှင် အလောင်းအထုပ်ကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ဝါးလုံးနှင့် လျှိုထမ်းကာပြန်လာခဲ့ကြသည်။
ယင်းကဲ့သို့ ရိုးမတောထဲ လိုက်ပါကူညီကြရာတွင် ညလုံးပေါက်ကူညီပေးရသည့် အခေါက်များလည်း ကြုံဖူးသည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။ တစ်ခါက ရိုးမတောထဲတွင် သစ်ကားမှောက်သဖြင့် ည ၈ နာရီအချိန် နာရေးကားဖြင့် ရိုးမတောထဲသို့ လိုက်သွားကြသည်။ မောင်းသွားရသည့် ကားလမ်းမှာ သစ်ထုတ်သည့်ကားများသွားရန်အတွက် ဖောက်လုပ်ထားသည့် မြေသားလမ်းဖြစ်သည်။ တောနက်ထဲအထိ သွားခဲ့ရခြင်း ဖြစ်သည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
သူတို့ရောက်သွားသည့်အချိန်တွင် အလောင်းတစ်လောင်းကို ထုတ်ယူထားပြီးဖြစ်သည်။ ကျန်တစ်လောင်းမှာ ရှိသမျှသော သစ်လုံးများအောက်တွင်ပိနေပြီး ယင်းသစ်လုံးများအပေါ်မှ သစ်တင်ကားကထပ်၍ ပိနေခြင်းဖြစ်သည်။ ထို့ကြောင့် သစ်သယ်သူများနှင့်အတူ ကားကိုဖယ်ရှားပြီး သစ်လုံးများကို ချောက်ထဲသို့ တစ်လုံးပြီးတစ်လုံးထိုးချကာ အလောင်းကို ဖယ်ယူလိုက်ရသည်။
“တစ်ညလုံးလုပ်ရတာ၊ မနက် ၅ နာရီလောက်မှ အလောင်းကို ထုတ်ရတယ်”ဟု သူကဆိုသည်။
အလောင်းနှစ်လောင်းနှင့် ဂွမြို့သို့ရောက်သည့်အချိန်တွင် မနက် ၉ နာရီထိုးနေပြီဖြစ်သည်။
ရှားရှားပါးပါး ပီတိစကား
ယင်းကဲ့သို့ ခက်ခက်ခဲခဲ ကူညီပေးခဲ့ရသည့် ကာလတစ်လျှောက်တွင် ကိုကျော်မြင့်မောင်တို့အတွက် ချီးကျူး အသိအမှတ်ပြုခံရမှုကို မှတ်မှတ်ရရတစ်ကြိမ်သာ ကြုံခဲ့ဖူးသည်ဟုဆိုသည်။
တောထဲတွင် သေဆုံးသည့်အလောင်းကို သွားသယ်ပြီးအပြန်တွင် ကြုံခဲ့ရခြင်းဖြစ်သည်။ တောထဲ ညအိပ်ဝါးခုတ်ကြသည့် သားအဖနှစ်ယောက်တွင် အဖေလုပ်သူမှာ စမ်းချောင်းတစ်ခု၏ ကျောက်တုံးပေါ်တွင် အိပ်နေရင်း မနက်တွင် သေဆုံးသွားခဲ့သည်။
အခင်းဖြစ်သည့်နေရာမှာ ဂွမြို့နှင့် ငါးမိုင်ခန့်ဝေး၏။ ကားလမ်းမှာ ကျောက်တုံး၊ ကျောက်ခဲများခင်းထားသည့် လမ်းကြမ်းဖြစ်သဖြင့် နာရေးကားကို မောင်းတစ်ခါ၊ တွန်းတစ်လှည့်နှင့် ခက်ခက်ခဲခဲသွားခဲ့ရသည်။ မနက်ကတည်းက သွားသယ်သည့်အလောင်းကို မွန်းလွဲ ၁ နာရီကျော်မှ အလောင်းကို နေအိမ်သို့ပြန်ပို့နိုင်ခဲ့သည်။ အချိန်မှာ နာရေးအတွက်လိုက်ပါ ကူညီပေးခဲ့ကြသည့် ထာဝရမေတ္တာမှ လူငယ်များမှာလည်း ပင်ပန်းနေကြပြီဖြစ်သည်။
အလောင်းကိုနေအိမ်တွင်ထားပေးခဲ့ပြီး ဂွမြို့ထဲသို့ ပြန်ဝင်လာသည့်အခါ လမ်းဘေးတွင် စက်ဘီးနှင့် ရေခဲချောင်းရောင်း နေသူတစ်ဦးကိုတွေ့လေသည်။ ထို့ကြောင့် ကိုကျော်မြင့်မောင်က လူငယ်တွေကို ရေခဲချောင်းစားမလားဟုမေးပြီး ကားရပ်ကာ ရေခဲချောင်းဝယ်ကြသည်။
ရေခဲချောင်းဖိုး ပိုက်ဆံရှင်းဖို့လုပ်သည့်အခါ ရေခဲချောင်းသည်က “နင်တို့ စားသွားလေဝေး၊ စားချင်ရင်ပြောဦး ထပ်စား၊ နင်တို့ကိုကျွေးမယ်၊ ငါနင်တို့ကို တအားလေးစားလို့ဝေး”ဟု ဆိုကာ ပိုက်ဆံမယူဘဲ အလကားကျွေးလိုက်သည်ဟု ကိုကျော်မြင့်မောင်က ပြောပြသည်။
ရေခဲချောင်းသည်ကို ဂွမြို့ပေါ်တွင် တွေ့ဖူးနေသော်လည်း တစ်ခါမှစကားမပြောဖြစ်။ သို့ဖြင့်၍ သူစိမ်းတစ်ယောက်က မိမိတို့လုပ်နေတာများကို သိနေပြီး ယခုလိုချီးကျူးစကားဆိုသည့်အခါ “တအားပဲ ပီတိဖြစ်သွားတယ်” ဟု သူက ဆက်ပြောသည်။
ယင်းစကားကို ကြားလိုက်ရသည့်အတွက် အလောင်းသယ်ရ၍ မောပန်းလာကြသည့် လူငယ်တွေအားလုံးပီတိဖြစ်ကာ ပျော်ရွှင်ခဲ့ကြရသည်ဟု သူကဆိုသည်။ ထိုအချိန်က ဖြစ်ခဲ့ရသည် ခံစားမှုပီတိမှာ ယနေ့အထိ အမှတ်တရဖြစ်နေဆဲဟု ထာဝရမေတ္တာအဖွဲ့မှ လူငယ်များကဆိုကြသည်။
အဆိုပါ ရေခဲချောင်းသည်မှာ ဂွမြို့မှဖြစ်ပြီးထာဝရမေတ္တာအသင်းမှ လူငယ်များ ရေခဲချောင်းဝယ်စားသည့်အခါတိုင်း ပိုက်ဆံမယူ။ သူမလုပ်နိုင်သည့်အလုပ်ကို ထာရမေတ္တာအသင်းသားများ လုပ်ကိုင်နေတာကိုကြည့်ပြီး သူက အားကျသည်။ ကုသိုလ်အလုပ် လုပ်နေကြသူများကို သူတတ်နိုင်သည့် ရေခဲချောင်းကျွေးခြင်းဖြင့် ကုသိုလ်ယူခြင်းဖြစ်သည်ဟု ပြောပြကြောင်း ကိုကျော်မြင့်မောင်က ဆိုသည်။
၂၀၁၈ ဧပြီလတွင် ဇာတ်အဖွဲ့စီးလာသည့် ဇာတ်ကားတစ်စီး ရခိုင်ရိုးမပေါ်က ပြုတ်ကျ၍ ကူညီပေးခဲ့စဉ်ကလည်း ထာဝရမေတ္တာအသင်းကို ကျေးဇူးတင်သည့်အနေဖြင့်မြန်မာနိုင်ငံ သဘင်အစည်းအရုံးက အလှူငွေကျပ် ငါးသိန်းပေးခြင်းကို ခံရဖူးသည်။ ဇာတ်သဘင်ကားမှာ ကြွေချိုင်ကမ်းခြေရွာတွင် ဇာတ်ကပြီးပြန်လာစဉ် ရိုးမပေါ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ ဦး ရှိခဲ့သည်။

Photo – Kyaw Zayar Htun
လူသေအလောင်းကို ၎င်း၏ နေအိမ်သို့ ပြန်ပို့ပေးနေကြသည့် ထာဝရမေတ္တာ အသင်းသားများ
အခမဲ့ အကူအညီ
ထာဝရမေတ္တာအသင်းအနေဖြင့် ဂွမြို့ပေါ်ရှိ နာရေးများကို ပုံမှန်ကူညီပေးသကဲ့သို့ အထက်ပါ မော်တော်ယာဉ် မတော်တဆမှုများ၊ မှုခင်းဖြစ်၍ သေဆုံးသူများ၊ ပိုင်ရှင်မဲ့အလောင်းများလည်း အချိန်မရွေး ကူညီဆောင်ရွက်ပေးသည်။ နယ်ဝေးမှလာပြီး ဂွမြို့ တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသည့် နာရေးဆိုလျှင် ကာယကံရှင်၏ ဆန္ဒကိုဦးစွာမေးသည်။ နာရေးရှင်ကနေရပ်သို့ ပြန်မသယ်လိုဘဲ ဂွမြို့တွင် သင်္ဂြိုဟ်ချင်သည်ဆိုပါက အလောင်းမြေကျသည်အထိ အခမဲ့ဆောင်ရွက်ပေးသည်။
နေရပ်သို့ပြန်သယ်လိုပါက အိမ်အရောက် အခမဲ့ပို့ဆောင်ပေးသည်။ နာရေးရှင်က သဒ္ဓါသရွေ့ အလှူငွေပေးအပ်တာမျိုးရှိသည်။ သို့သော် ချို့တဲ့သည့်နာရေးရှင်များဆိုပါက ပေးအပ်သည့် အလှူငွေကို လက်ခံပြီး နာရေးအတွက် ပြန်လှူပေးသည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
ယင်းသို့ပို့ဆောင်ပေးရာတွင် အရှုံးအမြတ်နှင့် တွက်မည်ဆိုပါက မည်သို့မျှမကိုက်သော်လည်း သဒ္ဓါသရွေ့ လှူဒါန်းသည့် ငွေကိုသာလက်ခံသည်။ ထိုသို့ရရှိသည့် အလှူငွေကို အသင်းရန်ပုံငွေအတွက် စုဆောင်းထားသည်ဟု သူကဆိုသည်။
ယခင်က မှုခင်းဖြစ်၍ သေဆုံးသူများကို လိုက်လံကူညီပေးရာတွင် ရဲစခန်းက အခကြေးငွေပေးတတ်သည်။ သို့သော် အဆိုပါအခကြေးငွေမှာ သေဆုံးသူမိသားစုထံမှ ရဲစခန်းကတောင်းခံပြီး ပေးခြင်းဖြစ်ကြောင်း သိရသည့်နောက်ပိုင်း မှုခင်းနာရေးများကိုလည်း အခကြေးငွေမယူတော့ဟု သူကဆက်ပြောပြသည်။
ဂွမြို့ပေါ်တွင် ထာဝရမေတ္တာနာရေးကူညီမှုအသင်းအပြင် အခြားသောလမ်းအလိုက်၊ ရပ်ကွက်အလိုက် သက်ဆိုင်ရာ နာရေးကူညီမှုအသင်းများ ဖွဲ့စည်းထားကြသည်။ သို့သော် ထာဝရမေတ္တာအသင်းမှာ ဂွမြို့တစ်မြို့နယ်လုံးအတွက် ဖွဲ့စည်းထားသည့် အသင်းဖြစ်သည့်အတွက် လူသေအလောင်းသယ်ဖို့ရှိပါက ဂွမြို့ ပြည်သူ့ဆေးရုံက ထာဝရမေတ္တာအသင်းကိုသာချိတ်ဆက်သည်။
ထာဝရမေတ္တာအသင်းနှင့် ကျွန်တော်တွေ့ဆုံသည့်နေ့က ဂွမြို့ဆေးရုံတွင် အမျိုးသားတစ်ဦး သေဆုံးသွားသဖြင့် လူသေကို ဆေးရုံမှနေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြရသေးသည်။ သေဆုံးသူ၏ ရပ်ကွက်တွင် နာရေးကူညီမှုအသင်းရှိသဖြင့် ထာဝရမေတ္တာအသင်းက အလောင်းကို နေအိမ်သို့ ပို့ဆောင်ပြီးသည်နှင့် ပြန်လာခဲ့ ကြသည်။ အသုဘမဏ္ဍပ်ဆောက်လုပ်မည့် ကိစ္စများကို ရပ်ကွက်နာရေးအသင်းဖြင့် ဆက်လက်ဆောင်ရွက်ရန်လည်း မိသားစုကိုမှာထားခဲ့သည်။
သို့သော် ညနေပိုင်းတွင် သေဆုံးသူ၏မိသားစုက ထာဝမေတ္တာအသင်းကိုသာ အသုဘမဏ္ဍပ်ဆောက်ပေးဖို့ ဖုန်းဆက်လာသဖြင့် ထာဝရမေတ္တာအသင်းမှလူငယ်များ သွားရောက်ကာ မဏ္ဍပ်ဆောက်ပေးခဲ့ရသေးသည်။
ထာဝရမေတ္တာအသင်းတွင် အသင်းသားဟူ၍ အသင်းဝင်ကတ်များဖြင့် သတ်သတ်မှတ်မှတ် လုပ်ထားခြင်းမဟုတ်။ မိမိတို့၏ စိတ်ဆန္ဒအရ စေတနာဝန်ထမ်းများဖြင့်သာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေခြင်းသာဖြစ်သည်။ ယင်းသို့လုပ်ကိုင်ပေးသူမှာ လူကြီး၊ လူငယ် ၂၀ ကျော်၊ ၃၀ ဝန်းကျင်ခန့်ရှိသည်။ ထို့ကြောင့် ထာဝရမေတ္တာအနေဖြင့် အခြားသော အဖွဲ့များကဲ့သို့ လူမရှိ၍ မကူညီနိုင်သေးဆိုသည့် အဖြစ်မျိုးမရှိဘဲ ၂၄ နာရီပတ်လုံး အကူအညီပေးနိုင်လေသည်။ ထို့အပြင် အကူအညီပေးရခြင်းအတွက် အခကြေးငွေလည်းမယူသဖြင့် အရေးကြုံ၍ အကူအညီလိုအပ်လျှင် ထာဝရမေတ္တာအသင်းကို ချိတ်ဆက်လာကြသူက အများစုဖြစ်သည်ဟု ထာဝရမေတ္တာအသင်းသားများက ဆိုသည်။
ထို့ကြောင့် တစ်နှစ်ပတ်လုံး ကူညီပေးရသည့် အလောင်းပေါင်းမှာ ၉၀ ကျော်မျှရှိသည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
မူလက နာရေး(သေလူ)အတွက်သာ ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်ဖြစ်သည်။ သို့သော် နာရေးအပြင် တခြားသော ထိခိုက်ဒဏ်ရရရှိသူများ၊ အကူအညီ လိုအပ်နေသူများကိုပါ လိုက်လံ ကူညီပေးခဲ့ရာက နောက်ပိုင်း ပြောင်းလဲသွားရသည့် အခြေအနေကို ကိုကျော်မြင့်မောင်က ယခုလိုရှင်းပြသည်။
“ပထမအစကတော့ လူသေ၊ နောက်ပိုင်းကျတော့ အကုန်ရောထွေးသွားတာပေါ့။ ကိုယ့်အကြောင်းကြားတဲ့ဟာကတော့ ဘယ်ဟာဖြစ်ဖြစ် ရှင်ရှင်သေသေ သွားရတာပေါ့”ဟု သူကရှင်းပြသည်။
ထို့ကြောင့်လည်း ဇူလိုင်၄ရက် ည ၉ နာရီခွဲအချိန်တွင် ဂွမြို့ မှ သုံးမိုင်ခန့်အကွာ ရိုးမပေါ်၌ အမျိုးသမီးကြီးတစ်ဦး ကားလမ်း ဘေးလဲနေသည့်အကြောင်း ရန်ကုန်သို့သွားသည့် လူမှုကူညီရေး ကားတစ်စီးက ဖုန်းဆက် အကြောင်းကြားလာသဖြင့် ထာဝရမေတ္တာမှ ကိုကျော်မြင့်မောင်တို့သည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားက အမျိုးသမီးကြီးရှိရာသို့ ထွက်လာခဲ့ကြသည်။
သို့သော် အမျိုးသမီးကြီးကိုမတွေ့။ ကားကြုံသဖြင့် တစ်စုံတစ်ယောက်က ခေါ်ဆောင်သွားလေမလားဆိုသည့်အတွေးဖြင့် ကိုကျော်မြင့်မောင်တို့သည် ဂွသို့ပြန်လာခဲ့ကြသည်။ ဂွသို့ပြန်ရောက်သည့်အခါ ဆိုင်ကယ်သမားနှစ်ဦးက နောက်မှလိုက်လာပြီး အမျိုးသမီးကြီးမှာ တောင်အောက်သို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်းပြောသဖြင့် အမျိုးသမီးကြီးရှိရာသို့ ထပ်မံသွားရောက်ခဲ့ကြလေသည်။
ဆိုင်ကယ်သမားနှစ်ဦးမှာ ဂွမြို့ပေါ်မှ ဆိုင်ကယ်ကယ်ရီဆွဲနေသူများဖြစ်ကြလေသည်။ အမျိုးသမီးကြီးလဲကျနေတာကို တွေ့သော်လည်း ဆိုင်ကယ်ဖြင့် သယ်ယူရန်ခက်ခဲသလို အမှုအခင်းတစ်စုံတရာဖြစ်မည်ကို စိုးရိမ်သဖြင့် ကားကြုံကို စောင့်၍ အကူအညီတောင်းခဲ့ကြသည်။ ဂွမြို့ပေါ်မှ ဝန်ထမ်းကားတစ်စီးနှင့် လမ်းကြုံသော်လည်း ခေါ်ဆောင်မသွားနိုင်ကြောင်းပြောသဖြင့် ဆိုင်ကယ်သမားနှစ်ဦးသည် ဂွမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်တွင် ထပ်မံအကူအညီတောင်းခဲ့ကြသည်။
သို့သော် စစ်ဆေးရေးဂိတ်မှ ဝန်ထမ်းများက ၎င်းတို့နှင့် မသက်ဆိုင်သဖြင့် မကူညီနိုင်ကြောင်းပြောလေသည်။ မကူညီနိုင်ပါက ကူညီနိုင်မည့်သူ၏ ဖုန်းနံပါတ်ပေးရန်တောင်းသည့်အခါမှာလည်း မရှိဘူးဟုပြောပြီး ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးကိုပင် ရစ် လိုက်သေးသည်ဟု ဆိုင်ကယ်သမားနှစ်ဦး၏ အတွေ့အကြုံကို ကိုကျော်မြင့်မောင်က ပြန်ပြောပြသည်။
အမျိုးသမီးကြီးရှိရာသို့ ကိုကျော်မြင့်မောင်တို့ရောက်သည့်အခါ ၎င်းကျသွားသည့်လမ်းကြောင်းကိုလည်း တွေ့ရသလို ငြီးတွားနေသည့် အသံသဲ့သဲ့ကိုလည်း ကြားရလေသည်။ အောက်တွင် လူရှိနေသည်မှာ ကျိန်းသေသော်လည်း အောက်သို့ဆင်းရန် အခက်ကြုံရလေသည်။ အမျိုးသမီးကြီးမှာ ချုံတစ်ခုပေါ်တွင် တင် နေခြင်းဖြစ်ပြီး သူရှိသည့်နေရာမှာ ၂၅ ပေခန့် အကွာအဝေးတွင်သာ ဖြစ်သည်။ သို့သော် ချောက်ကစောက်နက်၏။
အောက်သို့ဆင်းရန် အတွေ့အကြုံမရှိကြသဖြင့် ဂွမြို့ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းရန် တွေးမိသည်။ သို့သော် မိုးကရွာနေပြီး ချောက်ထဲကျသူမှာ အသက်ကြီးသူဖြစ်သဖြင့် အချိန်ကြာပါက အအေးမိပြီး အသက်အန္တရာယ် ရှိနိုင်သည့်အတွက် ကိုယ်တိုင်လုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းကြားထားသည့် ရဲကိုလည်း မစောင့်နိုင်တော့။
လူငယ်များကလည်း အောက်သို့ဆင်းမည်ဟုဆိုကြသည်။ ထိုအခါ ပေါ့ပေါ့ပါးပါးဖြစ်မည့် ခန္ဓာကိုယ်သေးသူ လေးယောက်ကို ရွေးလိုက်သည်။ ပြီးလျှင် ၎င်းတို့ကို ကြိုးချည်ပြီး အောက်သို့ ဆင်းစေသည်။ အမျိုးသမီးကြီးဆီသို့ ရောက်သည့်အခါ သူ၏ချိုင်း အောက်ဘက်မှ ကြိုးကိုသိုင်းကာချည်လိုက်ပြီး အပေါ်သို့ ဆွဲတင်လိုက်ကြသည်။
အပေါ်သို့ရောက်သည့်အခါ အမျိုးသမီးကြီးမှာ ချမ်း၍တုန်နေလေသည်။ အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး လက်ဝတ်လက်စားများကိုလည်း ဝတ်ဆင်ထားသည်။ ၎င်းသည် တစ်ခါတစ်ရံ အရက်သောက်ပြီး လျှောက်သွားနေတတ်သည်ဟု သူနှင့် ရင်းနှီးသူများက ဆိုသည်။ အမျိုးသမီးကြီးမှာ ဂွမြို့မှဖြစ်ပြီး နာမည်၊ အိမ် လိပ်စာမေးကာ အိမ်သို့ ပြန်ပို့လိုက်ကြသည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
“ကျွန်တော်တို့ကို ကျေးဇူးတင်လို့ဆိုပြီး (မိသားစုက) ငွေ သုံးသောင်းလှူပေးခဲ့သေးတယ်” ဟု သူကပြောသည်။

Photo – ထာဝရမေတ္တာ နာရေးကူညီမှုအသင်း
ထာဝရမေတ္တာအသင်းမှ နာရေးကားများ
သူခိုးများပါ ဖမ်းပေးသည့် ထာဝရမေတ္တာ
ကိုကျော်မြင့်မောင်တို့သည် ယင်းကဲ့သို့သော မတော်တဆမှုများနှင့် ကြုံတွေ့ရသည့်အခါ ရဲများကို စောင့်ဆိုင်းမနေဘဲ လူအသက်ရှင်ရေးအတွက်သာ အဓိကထားအလုပ်လုပ်သည်။ ထို့သို့လုပ်နိုင်ရန်လည်း ဂွမြို့ပေါ်ရှိ ရဲဝန်ထမ်းများနှင့် နားလည်မှု ယူထားရသည်ဟုဆိုသည်။
ဆိုင်ကယ်၊ မော်တော်ယာဉ်စသည့် မတော်တဆအမှုများကို ကူညီရသည့်အခါရဲစခန်းသို့ အရင်ဆုံးအကြောင်းကြားသည်။ သို့သော် ရဲရောက်လာသည်အထိမစောင့်ဘဲ လိုအပ်သည့် မှတ်တမ်းဓာတ်ပုံများ ရိုက်ပေးထားပြီးပါက လူနာကိုဆေးရုံသို့ အမြန်ဆုံးပို့ပေးသည်ဟု သူကပြောသည်။
“သူတို့ဘက်ကိုလည်း နားလည်ပေးတယ်။ သူတို့ဘက်မှာက တစ်နေရာထွက်မယ်ဆိုရင် အဆင့်ဆင့် တင်ရပြုရတာနဲ့၊ လူကြီးပိုင်းကို ပြောရဆိုရ၊ လူစုရတာနဲ့ဆိုတော့ သူတို့ကိုစောင့်နေလို့ အဆင်မပြေဘူး။ ကိုယ်ကကျတော့ ဒီလူနာအသက်ရှင်ဖို့အတွက်ပဲ အရေးကြီးတာကိုး”ဟု သူကရှင်းပြသည်။
ထို့သို့လုပ်ခြင်းအတွက် ရဲဝန်ထမ်းများကလည်း ထာဝရမေတ္တာအသင်းသားများအပေါ် နားလည်သည်။ သူတို့ကိုယ်တိုင် အကူအညီလိုသည့်အခါတွင်လည်း ထာဝရမေတ္တာအသင်းသား များထံ အကူအညီတောင်းတတ်သည်။ ထို့ကြောင့် လူပျောက်ရှာခြင်း၊ သူခိုးဖမ်းခြင်းကိစ္စများတွင် ထာဝရမေတ္တာအသင်းသားများ ပါဝင်ကူညီပေးဖူးသည်ဟု ဆိုကြသည်။
လွန်ခဲ့သည့် လေးနှစ်ခန့်က ဂွမြို့ပေါ်တွင် ဆိုင်ကယ်၊ ဆန်အိတ်၊ ကက်ဆက်၊ တီဗီ၊ ကြက်၊ စကိုင်းနက်စလောင်းစသဖြင့်ပစ္စည်းများ မကြာခဏဆိုသလို ပျောက်တတ်ကြသည်။ ရဲများက စုံစမ်းဖော်ထုတ်ကာ သူခိုးတစ်ယောက်အား ဖမ်းဆီးလိုက်သည်။ ဖမ်းမိသည့်သူခိုးကို စစ်ဆေးကြည့်လိုက်သည့်အခါ ၎င်းတို့သည် ဂွမြို့နှင့် ၁၀ မိုင်ခန့်ဝေးသော လေကာတောင်ဆိုသည့် တောင်ပေါ် တွင် မိသားစုလိုက်နေထိုင်ကြခြင်းဖြစ်သည်။
မနက်စောစော ဂွမြို့သို့ထွက်လာသည့်အခါ လမ်းတစ်လျှောက် တွေ့သမျှ စိုက်ခင်းများမှ အသီးအနှံပေါင်းစုံကို ခိုးယူလာပြီး ဂွဈေးတွင် ဖောက်သည်သွင်းကြသည်။ ဖောက်သည်သွင်းပြီး မနက် ၅ နာရီ၊ ၆ နာရီခန့် အိမ်ပြန်သည့်အခါသူတို့သည် ဂွမြို့ပေါ်တွင်တွေ့သမျှ ပစ္စည်းအကုန်ခိုးကာ အိမ်ပြန်ကြကြောင်း အဖမ်းခံရသည့်သူခိုးက ဖြောင့်ချက်ပေးသည်ဟု ကိုကျော်မြင့်မောင်က ဆိုသည်။
ရဲများက ၎င်းသူခိုးများရှိရာနေရာသို့ သွားမည်ဟုဆိုသည့်အခါ သူတို့ရှိသည့် ဝန်ထမ်းအင်အားနှင့် မလုံလောက်။ ထို့ကြောင့် ရပ်ကွက်ကိုအကူအညီတောင်းသည့်အခါ အုပ်ချုပ်ရေးမှူးများက ထာဝရမေတ္တာအဖွဲ့နှင့် ချိတ်ဆက်ပေးသည်။ ထိုအခါ ထာဝရမေတ္တာအသင်းသားများသည် ရဲများနှင့်အတူ သူခိုးဖမ်းဖို့ လိုက်သွားကြလေသည်။
ထာဝရမေတ္တာအသင်းမှ အသင်းသား ၁၅ ယောက်ခန့် လိုက်ပါသွားခဲ့သည်။ သွားရမည့်နေရာကို နာမည်သာကြားဖူးပြီး တစ်ခါမှရောက်ဖူးကြသည်မဟုတ်။ ဖမ်းဆီးထားသည့် သူခိုးကို လမ်းပြအဖြစ် ခေါ်လာခဲ့ရသည်။ သူခိုးများနေသည့် နေရာမှာ လေကာတောင် တောင်ပေါ်တွင်ဖြစ်ပြီး တဲအိမ်လေး ငါးလုံးခန့်ကို တွေ့ရသည်။

Photo – ထာဝရမေတ္တာ နာရေးကူညီမှုအသင်း
ထာဝရမေတ္တာအသင်းတည်ထောင်သူများနှင့် အသင်းသားများ
“ဟိုရောက်တော့ သူခိုး(ကျန်တဲ့သူခိုးတွေ) တော့မမိဘူး။ သူတို့ခိုးထားတဲ့ပစ္စည်းတွေပေါ့။ တောင်ပုံ၊ ယာပုံ၊ တီဗီအပျက်၊ အောက်စက် အပျက်တို့” ဟု သူခိုးများနေသည့်နေရာသို့ ရောက်သည့်အခါ တွေ့ရသည့် မြင်ကွင်းကို ကိုကျော်မြင့်မောင်က ရှင်းပြသည်။
တဲအိမ်များတွင် သူခိုးများကိုမတွေ့ရ။ သူခိုးဆိုသူ၏ မိဘနှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးကို တွေ့ရသည်။ ဖခင်က သားဖြစ်သူတို့ကို ဆူပူကြိမ်းမောင်းပြီး ၎င်းတို့အား ဖမ်းမိခဲ့ပါက သေချာဆုံးမပေးဖို့ ရဲများကိုမှာကြားသည်။ နောက်ပိုင်း စုံစမ်းကြည့်သည့်အခါ သူခိုးများ၏ ဖခင်ကိုယ်တိုင်ကပင် ဝါရင့်သူခိုးတစ်ဦးဖြစ်ပြီး ယခင်က နွားများခိုးသည့် သူခိုးဖြစ်ကြောင်း သိလိုက်ရလေသည်။
သူခိုးများသည် သူတို့ခိုးယူထားသည့် စက်ပစ္စည်းများကို တစ်စစီဖြုတ်ထားသဖြင့် တစ်ခုမှ အကောင်းတိုင်းမရှိ။ စကိုင်းနက် စလောင်းများကိုလည်း နေရာအနှံ့တွေ့ခဲ့ရသည်။ ပြန်သုံး၍ရနိုင်သည့် ပစ္စည်းတချို့ကို ရဲများက ပြန်ယူခဲ့ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်တွေ့ရသည်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအိမ်မှ ခိုးယူသွားသည့် ကြက်ဖနှစ်ကောင်ပင်ဖြစ်သည်။ ထို့ကြောင့် ထာဝရမေတ္တာအသင်းသားများသည် ကြက်ဖနှစ်ကောင်ကို ဖမ်းကာ ပြန်ယူလာခဲ့သည်ဟု ဆိုသည်။
“သူတို့အိမ်က ပျောက်သွားတော့ သူ့(ဦးညီပု)သမီးတွေကလည်း ပြောထားတယ်။ သူ့တို့ဆီမှာလည်း ခိုးသွားတယ်၊ ဘာညာဆိုတော့၊ ဦးညီပုကလည်း ကျွန်တော်တို့ဆီမှာက မိသားစုလိုဖြစ်နေတာကိုး။ အဲဒါဆိုတော့ သိနေကြတာပေါ့”ဟု ဦးညီပုအိမ်မှ ကြက်များဖြစ်ကြောင်း သိရပုံကိုကိုကျော်မြင့်မောင်က ဆိုသည်။
ထိုစဉ်က ရဲများလာမည်ကို သူခိုးများက ကြိုတင်သိထားပြီး တိမ်းရှောင်နေကြသဖြင့် တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဂွဈေးထဲတွင် သူခိုးတစ်ဦးဈေးလာရောင်းသည့်အခါမှာတော့ ထာဝရမေတ္တာ အဖွဲ့သားများနှင့် ရဲများဝိုင်းဖမ်းရာ သူခိုးတစ်ဦးအား ဖမ်းမိလေသည်။
ကျန်သူခိုးတစ်ယောက်မှာ တိမ်းရှောင်နေရင်းက မုဒိမ်းမှုပါ ထပ်မံကျူးလွန်သဖြင့် ခြေထောက်ကို သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးလိုက်ရပြီး ထာဝရမေတ္တာအသင်းက သူခိုးကိုဆေးရုံသို့ ပို့ဆောင်ပေးရသည်ဟု ထာဝရမေတ္တာ အသင်းသားများကဆိုသည်။ မကြာမီတွင် သူခိုးနှစ်ဦး ထပ်မံဖမ်းဆီးရမိပြီး သူခိုးအဖွဲ့ဝင် စုစု ပေါင်း ငါးဦးစလုံးကို ဖမ်းမိခဲ့သည်။
ထိုသို့သူခိုးဖမ်းသည့်ကိစ္စများအပြင် ဂွမြို့ပေါ်တွင်ခြင်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ မဲစာရင်းကောက်ခြင်း စသည့်ကိစ္စများ၌ပင် ဌာနဆိုင်ရာများက အကူအညီတောင်းသည့်အခါ ထာရမေတ္တာအသင်းသားများအနေဖြင့် ဆောင်ရွက်ပေးကြသည်။
ဤနေရာတွင် ထာဝရမေတ္တာအသင်းအနေဖြင့် စောင့်စည်းကြသည့် ကမ်းစည်းတစ်ခုမှာ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေး ကင်းကင်းရှင်းရှင်းဖြင့် ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ ထာဝရမေတ္တာအသင်းတွင် အသင်း၏အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်ထွန်းမင်းတစ်ဦးတည်းသာ နိုင်ငံရေးပါတီ တစ်ခု၏ ပါတီဝင်ဖြစ်လေသည်။ သို့တိုင် သူကိုယ်တိုင်သည်လည်း အသင်း၏လုပ်ငန်းများဆောင်ရွက်ရာတွင် လည်းကောင်း၊ အသင်းသားများကြားတွင် လည်းကောင်း ပါတီနိုင်ငံရေးကိစ္စများ ပြောဆိုဆောင်ရွက်လေ့မရှိဟု ဦးဉာဏ်ထွန်းမင်းကဆိုသည်။
“အခု ကျွန်တော်က NLD က ဖြစ်နေပေမယ့် ကြံ့ခိုင်ရေးက လာဖို့လား၊ ရခိုင်ပါတီက လာဖို့လား၊ ဂွမြို့နယ်အတွက် ဘာအကျိုးရှိမလဲ၊ ကူညီပေးပါပြောရင် ကျွန်တော်ဘယ်ပါတီမဆို ကူညီပေးတယ်” ဟု သူကဆိုသည်။
နောက်ထပ် လိုက်နာကြသည့် စည်းကမ်းတစ်ခုမှာ အလုပ်လုပ်နေစဉ် အရက်သေစာ ရှောင်ကြခြင်းပင်ဖြစ်သည်။ မည်သို့ပင် အလောင်းက ပုပ်ပွနံစော်နေသည်ဖြစ်စေ၊ ပင်ပန်းနေကြသည်ဖြစ်စေ အရက်သေစာသောက်စားပြီး အလုပ်လုပ်တာမျိုး မည်သူမှမလုပ်ကြ။
သို့သော် တစ်နှစ်ပတ်လုံးတွင် သင်္ကြန်တစ်ရက်တွင်တော့ လူငယ်များအားလုံး သင်္ချိုင်းသို့သွားကာ ပျော်ပွဲစားအနေဖြင့် ချက်ပြုတ်စားသောက်ကြသည်ဟု ကိုကျော်မြင့်မောင်ကဆိုသည်။ ထိုနေ့ဆိုလျှင် နာရေးအသင်း၏ ဖုန်းများအားလုံးကို အသင်းမှလူကြီးများထံအပ်ထားပြီး နာရေးကိစ္စမှန်သမျှကို လူကြီးများက တာဝန်ယူလုပ်ဆောင်ပေးသည်ဟု ဆိုသည်။
ပရဟိတအဖွဲ့ ဘာကြောင့်လိုအပ်
လူ့အဖွဲ့အစည်းတွင် ပရဟိတအဖွဲ့များ ဘာကြောင့်လိုအပ်သနည်းဆိုသည့်မေးခွန်းကို ကိုကျော်မြင့်မောင်က ယခုလိုရှင်းပြသည်။
“ပရဟိတအဖွဲ့တွေ ဘာကြောင့်ရှိနေရသလဲဆိုရင် အစိုးရရဲ့ မပြည့်စုံမှုလို့ပဲထင်တယ်။ အစိုးရက ထောင့်စေ့အောင် မလုပ်နိုင်ဘူး”ဟု သူက မှတ်ချက်ပြုသည်။
ဆေးရုံတိုင်းတွင် ဆေးရုံကားရှိသော်လည်း ယာဉ်မောင်းမရှိခြင်း၊ လူနာသွားသယ်ရန် ကုန်ကျမည့် ကုန်ကျစရိတ်တွင် အခက်အခဲအမျိုးမျိုး ရှိနိုင်ခြင်း၊ တကယ်တမ်း အလုပ်လုပ်သည့်အခါတွင် မြို့နယ်တစ်ခုအတွက် လူနာတင်ကားတစ်စီးမှာ လုံလောက်မှုမရှိခြင်း စသည့်အဆင်မပြေမှုများကြောင့် ပရဟိတအဖွဲ့များက ကူညီပေးဖို့ ဖြစ်လာခြင်းဖြစ်ကြောင်း သူကရှင်းပြသည်။
အလားတူ ဆိုင်ကယ်တစ်စီး မှောက်သည်ဆိုပါက ဆေးရုံကားစောင့်ရခြင်း၊ ရဲစောင့်ရခြင်းစသဖြင့် အဆင့်ဆင့်စောင့်ဆိုင်း နေရသည့်အခါတွင် မသေသင့်သည့်သူများ သေဆုံးရခြင်းများ ဖြစ်တတ်သည်။ ထိုအခါ ပရဟိတအဖွဲ့များရှိသည့်အတွက် ယင်းသို့သော လူနာများကို ချက်ချင်းဆေးရုံသို့ပို့ကာ အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်ဟု ကိုကျော်မြင့်မောင်က ဆက်ရှင်းပြသည်။
ထာဝရမေတ္တာအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်ထွန်းမင်းက မြို့တစ်မြို့တွင် နာရေးဖြစ်ပါက ကြုံရတတ်သည့် အတွေ့အကြုံတစ်ခုနှင့် နှိုင်းယှဉ်၍ နာရေးအဖွဲ့များ လိုအပ်ရသည့် အကြောင်းတစ်ခုရှိကြောင်း ယခုလိုရှင်းပြသည်။
“မြို့တစ်မြို့မှာ မရှိဆင်းရဲသားတစ်ယောက်က သူ့မှာ ပူဆွေးနေရတယ်။ ဘာမှလည်း လုပ်စရာမရှိဘူး။ သူ့မျက်နှာနဲ့ ရပ်ကွက်ထဲမှာလည်း လိုက်လုပ်ပေးမယ့်သူမရှိဘူး။ ဒီလိုအဖွဲ့တွေ မရှိဘူးဆိုရင် အဲဒီလူတွေက ပိုပြီး ဒုက္ခရောက်သွားတယ်။ အဓိကက ချမ်းသာတဲ့သူတွေအတွက် ကျွန်တော်တို့မပူဘူး။ ဆင်းရဲတဲ့ သူတွေအတွက်ပဲ”
တချို့သော ငွေကြေးချမ်းသာသူများသည် ဆွေမျိုးအသိုင်းအဝိုင်းလည်းမရှိ၊ ကိုယ်တိုင်လည်း လူမှုရေးအလုပ်များနှင့် နီးစပ်မှုမရှိ၍ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မရှိသည့်အခါ နာရေးဖြစ်ပါက မလုပ်တတ်၊ မကိုင်တတ်များဖြစ်တတ်သည်။ ယင်းသို့သောသူများအတွက်လည်း နာရေးအဖွဲ့များ လိုအပ်သည်ဟု သူကဆက်ပြောသည်။
နာရေးကူညီမှု ပရဟိတအလုပ်သည် သူတစ်ပါးကို ကူညီပေးရသည့် အလုပ်ဖြစ်သော်လည်း တစ်ခါတစ်ရံ ကျေးဇူးတင်မခံရသည့်အပြင် အဆဲခံ၊ ဝေဖန်ခံရသည့်အခါများလည်း ကြုံခဲ့ရဖူးသည်။ အစပိုင်းတွင် ထိုသို့ပြောဆိုခံရပါက စိတ်ထဲတွင်ခံရခက်ဖြစ်သော်လည်း နောက်ပိုင်းကြာလာသည့်အခါ မည်သို့မျှ မခံစားရတော့ဘူးဟု ကိုကျော်မြင့်မောင်က ဆိုသည်။

Photo – ထာဝရမေတ္တာ နာရေးကူညီမှုအသင်း
အသင်းမှ နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်
“ပရဟိတလုပ်တာ ညည်းလို့လည်းမရဘူး။ စိတ်ခုလို့လည်းမရဘူး။ ဒေါသဖြစ်လို့လည်းမရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က ဘယ်သူမှ ခိုင်းထားတာ မဟုတ်ဘူးလေ။ ကိုယ့်ဘာကိုယ်လုပ်တဲ့ကိစ္စ။ နင်ဒါလုပ်ပါဆိုပြီး ခိုင်းထားတာမဟုတ်ဘူး။ ကိုယ်ဘာသာ စိတ်ပါပြီး ကိုယ်လုပ်တဲ့ကိစ္စဆိုတော့ ဘာပဲဖြစ်ဖြစ်ခံပေါ့”ဟု ပရဟိတသမားတစ်ယောက်ထားရမည့် စိတ်ဓာတ်ကို သူကဆက်ပြောပြသည်။
ထာဝရမေတ္တာအသင်းအနေဖြင့် ဆိုင်ကယ်မတော်တဆမှုများ၊ ယာဉ်တိုက်မှုများ၊ ရိုးမပေါ်တွင် ချောက်ထဲသို့ကားပြုတ်ကျခြင်းများ စသည့်မတော်တဆမှုများကို ကူညီကယ်ဆယ်ရာတွင် ကြုံသလို ကူညီကယ်ဆယ်ပေးနေရခြင်းဖြစ်သည်။ တတ်သိနားလည်သူများကို မေးမြန်း၍လည်းကောင်း၊ အင်တာနက်တွင် ရှာဖွေ၍သော်လည်ကောင်း မေးမြန်းလေ့လာ လုပ်ကိုင်နေရခြင်းဖြစ်သည်။
ထို့ကြောင့် ကိုကျော်မြင့်မောင်က ထာဝရမေတ္တာအသင်းမှလူငယ်များကို ရှေးဦးသူနာပြုစုနည်းသင်တန်း၊ ကူညီကယ်ဆယ်ရေးသင်တန်းများ ပေးလိုသည်။
“ဘယ်လိုကယ်ရတယ်၊ ဘယ်လိုသယ်ရတယ်ဆိုတာမျိုး၊ ကျွန်တော်တို့က ကိုယ်ကြုံသလို ကိုယ်နိုင်သလောက် လူနာသက်သာစေမယ့် အနေအထားမျိုးနဲ့သယ်ပေးတာ။ အတွေ့အကြုံတွေ၊ သင်တန်းတွေလည်း မရှိဘူး။ အဲဒါမျိုးတွေလည်း ကိုယ့်ဆီကကလေးတွေ၊ လူငယ်တွေကို တတ်စေချင်တယ်”ဟု သူကပြောသည်။
#mawkun #magazine #chronicle #profile #no69

