ဂွ- ၂၀၂၄ ဩဂုတ် ၂၆ (မော်ကွန်း)
ဂွမှာ အခြေစိုက်တဲ့စစ်ကောင်စီတပ်က ဂွမြို့နယ်နဲ့သံတွဲမြို့နယ်အစပ်ဘက်ကို လက်နက်ကြီးပစ်တာတွေ နေ့စဉ် တောက်လျှောက် လုပ်ဆောင်နေပေမယ့် မြို့ခံတချို့ကတော့ မြို့ကိုပြန်ဝင်နေကြတာတွေရှိတယ်လို့ ဂွမြို့ခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဂွမြို့နယ်နဲ့သံတွဲမြို့နယ်အစပ်က ကျိန္တလီမြို့မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဂွမြို့ပေါ်က စစ်ကောင်စီဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့အတွက် မြို့ခံတွေလည်း တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
“ ဂွ-ငါးသိုင်းချောင်းလမ်း ရိုးပေါ် ၁၂ မိုင်နားမှာ မရမ်းဆိုတဲ့နေရာရှိတယ်။ အဲဒီမှာထိုင်ထားတဲ့တပ်ကနေ ပစ်တာ။ တစ်ချက်၊ တစ်ချက်ဆို မြေကြီးပါတုန်တယ်။ အဲဒီအချိန်တော့ လမ်းသွားလမ်းလာတွေကို သူတို့က( စစ်ကောင်စီ) ခဏပိတ်ထားတယ်။ နည်းတာကြီးတွေမဟုတ်ဘူး။ ဖင်ကမီးတွေထွက်ပြီး ကောင်းကင်မှာပြေးသွားတာကို အတိုင်းသားတွေ့နေရတာ” လို့ ဒီနေ့ အဲဒီပစ်ခတ်မှုကြောင့် ခေတ္တလမ်းပိတ်မိခဲ့တဲ့ ဂွမြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
မြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကထက် လူတွေပိုမိုစည်းကားလာတယ်လို့လည်း သူကဆိုပါတယ်။ အခုမြို့ကို ပြန်ဝင်လာသူတွေဟာ ဧရာဝတီတိုင်းဘက်ကို စစ်ရှောင်သွားကြသူတွေမဟုတ်ဘဲ အနီးအနားက ကျေးရွာတွေကို စစ်ရှောင်သွားသူတွေထဲက တချို့ ပြန်ဝင်လာကြတာလို့ သူကဆိုပါတယ်။
“ သုံးရက်လမ်းပိတ်လိုက်လို့ အိမ်ကိုပြန်မကြည့်နိုင်သေးတာလေ။ မနေ့က ရောက်သွားတော့ ဈေးထဲမှာ လူတစ်ရာကျော်လောက်ရှိမယ်၊ ဝယ်ခြမ်းနေကြတာလေ။ ဈေးဆိုင်တွေလည်း ပြန်ဖွင့်နေကြတယ်။ အရင်က လူ ၁၀ယောက်၊ ၁၅ ယောက်လောက်ပဲ ဈေးထဲမှာတွေ့တာလေ” လို့ စစ်ရှောင်နေရပေမယ့် ရက်ခြားဆိုသလို ဆိုင်ကယ်နဲ့ဂွမြို့ကိုပြန်ပြီး အိမ်ကိုပြန်ကြည့်နေတဲ့ အထက်ပါဂွမြို့ခံက ပြောပါတယ်။
လက်ရှိ ဂွမြို့မှာ စစ်ကောင်စီဝန်ထမ်းတွေမရှိတော့တဲ့အတွက် ဆေးရုံဆေးခန်းတွေ၊ ရုံးတွေ၊ ဘဏ်တွေအကုန်လုံး ပိတ်ထားရပေမယ့် ၂၄ နာရီ မီးမှန်နေတယ်လို့ သူကဆက်ပြောပါတယ်။
“ မီးကတော့ full ပဲ(အပြည့်လာတယ်)၊ ငြိမ့်လို့။ လာဖြတ်မယ့်ကောင်လည်း မရှိဘူး။ အကုန်ပြေးသွားကြပြီလေ” လို့ ဒီညနေပိုင်းမှာ သူကပြောပါတယ်။
သံတွဲမြို့နယ်တစ်ခုလုံးကိုသိမ်းထားပြီး လက်ကျန်စစ်ကောင်စီရေတပ်စခန်းဖြစ်တဲ့ မောင်ရွှေလေးစခန်းနဲ့ ကျိန္တလီမြို့ကိုထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA)ကတော့ သံတွဲက မောင်ရွှေလေးရေတပ်စခန်းနဲ့ ကွင်းဝိုင်းဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဂွမြို့နဲ့ မိုင် ၄၀ လောက်ဝေးသေးတဲ့ ကျိန္တလီမြို့ကိုအတိုက်ခံနေရတဲ့စစ်ကောင်စီဟာ ဂွမြို့အထိ AA ထိုးစစ်မရောက်လာစေဖို့ ကျိန္တလီနဲ့ ဆပ်သွားမြို့ကြားမှာရှိတဲ့ ကုလားပြင်ရွာမှာ ခံစစ်ပြင်နေတယ်လို့ ဒေသခံတချို့ကလည်း ပြောပါတယ်။
ပုံစာ- ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စစ်ကောင်စီသုံ့ပန်းတစ်ဦးနဲ့အတူတွေ့ရတဲ့ AA တပ်ဖွဲ့ဝင်တချို့။ အဲဒီတုန်းကစတင်ခဲ့တဲ့ ထိုးစစ်ကြောင့် AA ဟာ အခုအခါ ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

