ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၁ (မော်ကွန်း)
ဂျပန်ဖောင်ဒေးရှင်းကကြီးမှူးကျင်းပတဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုသူ အောင်စာရင်းတွေကို အွန်လိုင်းကတစ်ဆင့် ဒီကနေ့နံနက်အစောပိုင်းကစတင်ကြေညာလိုက်ပါတယ်။
“JLPTစာမေးပွဲတွေကို ဇူလိုင်လမှာတစ်သုတ်၊ ဒီဇင်ဘာလမှာတစ်သုတ်ဆိုပြီး တစ်နှစ်မှာနှစ်ခါကျင်းပတာပါ။ အခုတစ်ခေါက်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လ ၂ ရက်နေ့ကဖြေဆို သူတွေရဲ့အောင်စာရင်းတွေဖြစ်ပါတယ်။
ကျွန်တော်တို့ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း တင်ပေးထားပါတယ်”လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှတာဝန်ခံတစ်ဦးကပြောပါတယ်။
စာမေးပွဲအောင်စာရင်းကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.jlpt.jp/e/guideline/results_online.html စာမေးပွဲရလဒ်ကိုအောက်တိုဘာ ၃၁ မွန်းလွဲ ၂:၃၀ နာရီထိကြည့်ရှုနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒီစာမေးပွဲကိုအမြင့်ဆုံး N1 ကနေ အနိမ့်ဆုံး N5 အထိ အဆင့်ငါးဆင့်ခွဲကာဖြေဆိုကြပါတယ်။
ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်ဖို့ စာမေးပွဲဖြေဆိုခဲ့သူတစ်ဦးက “ကျွန်တော်က N4 ဖြေတာ။ စာမေးပွဲမှာက Vocabulary နဲ့ Grammer (စားလုံးပေါင်းနဲ့သဒ္ဒါအရေးအသား) ၊ Reading နဲ့ Listening ဆိုပြီးသုံးမျိုးဖြေရတယ်။ ကျွန်တော်က Vocabulary မှာအောင်မှတ်မရလို့စာမေးပွဲကျသွားတယ်။ ဒီတစ်ခေါက်မအောင်ရင်တော့ နောက်တစ်ခါထပ်ကြိုးစားရမှာပဲ။” လို့သူကပြောပါတယ်။
ဒုတိယအသုတ်စာမေးပွဲကိုတော့ ဒီဇင်ဘာ ၂ ရက်မှာကျင်းပသွားမှာဖြစ်ပြီးလူဦးရေ ငါးသောင်းခန့်လက်ခံသွား မယ်လို့ MAJA ကထုတ်ပြန်ထားပါတယ်။
စာမေးဖြေဆိုခွင့်လျှောက်လွှာတွေကိုအွန်လိုင်းကတစ်ဆင့်လက်ခံသွားမယ်လို့ဖော်ပြထားပါတယ်။
ဒီလိုစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေကို အွန်လိုင်းကနေလက်မခံမီ အရင်နှစ် ဒီဇင်ဘာလ က စာမေးပွဲလျှောက်လွှာပုံစံယူဖို့ ရန်ကုန်တက္ကသိုလ်ရှေ့မှာအရုဏ်တက်ချိန်ကတည်းက လူတွေကြိတ်ကြိတ်တိုး လာရောက်စောင့်ဆိုင်းခဲ့ရပြီး လူအုပ်ကြားထဲလူတစ်ချို့မူးမေ့လဲသွားခဲ့ပါသေးတယ်။
ဂျပန်အစိုးရကအသိမှတ်ပြုထားတဲ့ဒီ JLPT စာမေးပွဲအောင်လက်မှတ်ဟာ ဂျပန်မှာကျောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အကိုင်အမျိုးမျိုးလျှောက်တဲ့အခါဖြစ်ဖြစ် လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ပိုပြီးဆုတ်ယုတ်လာနေပြီး ရွှေ့ပြောင်းလုပ်ကိုင်သူဦးရေဟာလည်း ပိုလို့တိုးလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO)ကထုတ်ပြန်ထားပါတယ်။
စစ်တပ်ကအာဏာသိမ်းမှုအပြီး ၂၀၂၁ ဖေဖော်ဝါရီ ၂၈ မှာ လုပ်ငန်းခွင်အသီးသီးမှ အလုပ်ထုတ်ခံရသူဦးရေရာခိုင်နှုန်းဟာ ၂၀၂၀ မတ်လနဲ့ယှဉ်ရင် ၄၁ ရာခိုင်နှုန်းပိုတိုးလာခဲ့တယ်လို့ ဇူလိုင် ၂၇ ရက်မှာ ILO က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဂျပန်ဘာသာစကားလေ့လာနေသူတစ်ဦး
ဓါတ်ပုံ- Mawkun
#Dailynews

