ဂီတရေစီးကြောင်းသစ် ဖွင့်လှစ်သွယ်တန်းသူ

ဂီတရေစီးကြောင်းသစ် ဖွင့်လှစ်သွယ်တန်းသူ

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Book Review ဖြစ်ပါသည်။

သင့်နော်

(၁)

၁၉၇၃ က ထွက်ခဲ့ပြီးသား “မင်းမင်း လတ်နဲ့ မင်းမင်းလတ်” ကို ၂၀၁၇ မှာ ဒုတိယအကြိမ်အဖြစ် စိတ်ကူးချိုချိုက ထုတ်လိုက် တယ်။ (မင်းမင်းလတ်ဆိုတာ ဘယ်သူလဲဟင်လို့တော့ မမေးနဲ့နော်။) ရိုးစင်းတဲ့ ဘဝတစ်ခုအတွက် ကိုယ်တိုင် ရေးအတ္ထုပတ္တိပါ။

သူ့ခေတ်နဲ့ သူ ဆိုသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်နီးပါးက လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ခု။ သာမန်အနေအထားကနေ ရုတ်ခြည်း ထင်ပေါ် ကျော်ကြားတဲ့ အဆိုတော်တစ်ယောက် ဖြစ်အောင် ရုန်းကန်ဖောက်ထွက်ခဲ့သူ တစ်ယောက်။ အားရစရာ အားကျစရာ ဖြစ်တည်မှုတစ်ခု။ ထူးလျက်နဲ့ မဆန်း တဲ့ ဇာတ်လမ်း။ ဂီတကို ရူးသွပ်တဲ့ မြို့ပြနေ လူငယ် တစ်ယောက်ရဲ့ အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းနဲ့ လက်တွေ့ ကိုယ့်အားကိုယ်ကိုး အားထုတ်မှု။ ဝါသနာတစ်ခု အရင်းပြုပြီး ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ လမ်းသစ်ဖောက်ပြီး အောင်မြင်ခဲ့မှု….။

…. အစရှိတဲ့ အကြောင်းခြင်းရာတွေကို အဖွဲ့အနွဲ့ တောက် တောက်ပပ မပါဘဲ လမ်းကြုံလို့ ပေါ့ပေါ့ပါးပါး ပြောပြနေပုံမျိုး ရေးထားတာ။ မြို့ပြနဲ့ လိုက်လျောညီထွေမှု ရှိပုံ။ ကိုယ့်ကိုယ်ကိုယ် ပကတိ မြင်တတ်ပုံ။ ကိစ်္စအ၀၀ကို ပုံမှန်အတိုင်း၊ သဘာဝအတိုင်း၊ အရှိအတိုင်း ချဉ်းကပ်ဆောင်ရွက်လေ့ရှိမှု၊ ဂုဏ်ပကာသန အဆောင်အယောင်များကို လွယ်လင့်တကူ အလိုက်သင့် ခွာချ ထားနိုင်မှု။ ကိုယ့်အလုပ်အပေါ် ကိုယ်အသေအချာ အာရုံစူးစိုက် လုပ်ဆောင်နိုင်မှု။ လွတ်လပ်ပေါ့ပါးသော စိတ်ဓာတ် အခြေခံနိုင် မှု။ မျှမျှတတ သာတူညီမျှသော သဘောထား။ ဘာကိုမှ ခမ်းခမ်း နားနား ကြီးကြီးကျယ်ကျယ်လို့ မသုံးသပ်။ ကြည်လင်ရိုးစင်းသော သဘောထား ဆိုတာတွေ မင်းမင်းလတ်ဆီမှာ တွေ့ရတယ်။

၁၉၄၉ ခု ဖွား။ ရန်ကုန်သား။ ခေတ်ပေါ်ဂီတနယ်ပယ်မှာ အသစ် အသစ်တွေကို မျိုးစေ့ချပေးခဲ့သူ။ “ဘာပဲလုပ်လုပ် သူများ နဲ့ မတူအောင် လုပ်တတ်”သူ။ သူ့ကို “မြန်မာ့ရော့ခ်ဂီတ ကြယ် တစ်ပွင့်” အဖြစ် အသိအမှတ်ပြုနေကြဆဲ။ သူတကာထက် အမြဲ ဦးနေတတ်သူ။ အနာဂတ်ကို ကြိုရောက်နှင့်နေသူလို့ စိုးသိဏ်းက မင်းမင်းလတ်ကို အနက်ဖွင့်တယ်။

(၂)

စိတ်ကူးချိုချိုရဲ့ “မင်းမင်းလတ်နဲ့ မင်းမင်းလတ်” ဒုတိယ အကြိမ်ကို ၂၀၁၇ သြဂုတ်မှာ အုပ်ရေ ၅၀၀ ရိုက်ပြီး ကျပ်ငွေ တစ် ထောင်နဲ့ ရောင်းပါတယ်။ ၂၀.၃ x ၁၀.၆ စင်တီ။ ၆၅ မျက်နှာ။ စိုးသိဏ်း အမှာစာရေးတယ်။

မြန်မာစာပေလောကမှာ ကိုယ်တိုင်ရေးအတ္ထုပတ္တိကဏ္ဍက  လူစိတ်ဝင်စားခံရမှု များတယ်။ လောက်လောက်လားလား ရှိတာ တွေလည်း ရှိတယ်။ အတ္ထုပတ္တိ ရေးခံရသူရဲ့ အနေအထားကလည်း အရေးကြီးတယ်။ ခုခေတ်မှာ တိုင်းတာတဲ့ပေတံက ပွင့်လင်းမြင် သာရှိမှုပေါ့။ ဘဝအတွေ့အကြုံ စုံလင်သူတွေက ဖွယ်ဖွယ်ရာရာ ဝေေ၀ဆာဆာ ရေးကြသလို သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုမှာ မြှုပ်နှံရပ်တည်မှု ကြာရှည်သူတွေကလည်း သူတို့နယ်ပယ်ရပ်ဝန်း  တစ်ခုလုံးကို ဆွဲငင်ပြီး ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့နိုင်ကြတယ်။

မင်းမင်းလတ်က သူ့ဘဝရဲ့ အရေးပါဆုံး အပြောင်းအလဲ တစ်ရပ်ကို ဆုပ်ကိုင်ရေးဖွဲ့ရာမှာ ရိုးရိုးပဲ ရေးပါတယ်။ စက်မှုလက် မှုကျောင်းကို ပြီးအောင်မတက်ဘဲ ထွက်လာခဲ့ရာက အလုပ်လုပ် ဖို့ ကြံစည်တယ်။ သူငယ်ချင်း စာပေလောက ကိုမျိုးညွန့်ရဲ့ ကူညီမှု နဲ့ “စာအုပ်” ဖြစ်အောင် လုပ်တတ်ခဲ့တယ်။ အဲဒီကနေပြီးတော့ သူက အင်္ဂလိပ်သီချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ထုတ် တော့တာပေါ့။ ခေတ်ကာလအလျောက် နိုင်ငံတကာဂီတတွေနဲ့ ကင်းကွာပြတ်တောက်နေခဲ့မှုကို မင်းမင်းလတ်က ချိတ်ဆက်ပေး လိုက်တာကြောင့် သူ့သီချင်းစာအုပ်မှန်သမျှ အရောင်းသွက်ခဲ့ တယ်။ ထုတ်သမျှ ကုန်ခဲ့တယ်။ အဲဒီတုန်းက သူက အသက်နှစ် ဆယ်ရှိပြီ။ Move Hits ၊ POP Songs နဲ့ Super NOW Hits  တို့ဟာ မင်းမင်းလတ် ပြုစုခဲ့တဲ့ ၁၉၆၉-၇၀ လောက်က ထွက်ခဲ့တဲ့ အင်္ဂလိပ်သီချင်းစာအုပ်တွေပေါ့။ အတွဲ ၁၊ ၂၊ ၃ လောက် ခွဲထွက် ခဲ့တယ်။ အလွန်အောင်မြင်ထင်ရှား ရောင်းအားကောင်းခဲ့တဲ့ စာအုပ်တွေပါ။ တစ်ဆက်တည်းလိုလိုပဲ ဂီတတီးနည်း၊ ဂီတ သင်္ကေတနဲ့ လမ်းပေါ်က ဝေါဟာရများ ဆိုတဲ့ စာအုပ်တွေကိုလည်း သူ ရေးခဲ့သေးတယ်။ ဈေးကွက်ထဲမှာ ပေါက်ခဲ့တာချည်းပါပဲ။

(၃)

ဒဂုန်တာရာရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိ ဖြစ်တဲ့ ဒဂုန်တာရာ ၏ ဒဂုန်တာရာကို ဆရာက အသက် ၂၂ နှစ်အရွယ်မှာ ရေးခဲ့ တယ်။ အခု မင်းမင်းလတ်က သူ့အသက် ၂၄ နှစ်မှာ သူ့အတ္ထုပတ္တိ သူ ရေးတယ်။ ကောင်းခြင်း၊ ဆိုးခြင်း၊ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း ဆိုတာတွေထက် အဲဒီ ပုဂ်္ဂိုလ် နှစ်ယောက်စလုံးဟာ အသစ်ကို ဖန်တီးပုံခြင်းမှာ အတော့်ကို တူညီကြတယ်။ ဆရာတာရာက စာပေသစ်ကို ဖော်ထုတ်သလို မင်းမင်းလတ်က ဂီတသစ်ကို ဖော် ထုတ်တယ်။ မင်းမင်းလတ်က သမားရိုးကျ ဂီတရေစီးကြောင်းကို ဖောက်ထွက်ပြီး နိုင်ငံတကာ တွင်ကျယ်နေဆဲ ဂီတသစ်တွေကို ဗမာတေးချစ်သူတွေ ရင်ထဲ အရောက်ပို့နိုင်တယ်။ နေရာအနှံ့ တစ်တိုင်းပြည်လုံးကို ပိတ်ဆို့ထားစဉ်မှာပဲ ဂီတသစ်တွေကို တင် သွင်းနိုင်ခဲ့တယ်။ အမြဲတမ်း သူက အသစ်ကို တပ်မက်မှုနဲ့ ဖန်တီး တယ်။ အသံသွင်း အသံထွက် နည်းပညာစနစ်တစ်ခု အမည်ဖြစ် တဲ့ Stero(စတီရီယို) ဟာ သီချင်းအမျိုးအစား နာမည်အဖြစ် ပြောင်းလဲသတ်မှတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်။

ဆိုရှယ်လစ်တိုင်းပြည်ကို တည်ဆောက်ပြီး ခေတ်ပြောင်း တော်လှန်ရေးကို အစိုးရက လုပ်ဆောင်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ ပဲ မင်းမင်းလတ်ဟာ ဂီတသစ်တွေကို မရရအောင် ဖန်တီးတင် ဆက်ပြီး ဗမာတွေကို ကမ္ဘာနဲ့ ချိတ်ဆက်ပေးရင်း သမိုင်းမှတ်တိုင်  သစ်တစ်ခု စိုက်ထူနိုင်ခဲ့တာ အသေအချာ ဖြစ်တယ်ဆိုတာ လူ ငယ်မျိုးဆက်သစ်တွေကို မင်းမင်းလတ်နဲ့ မင်းမင်းလတ်က အထောက်အထား ဖြစ်စေခဲ့ပါပြီ။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."