ဂန့်ဂေါ – ၂၀၂၂ ဇန်နဝါရီ ၂၀ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှိူ့ခဲ့လို့ အိမ်ပေါင်း ၁၃၂ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဇန်နဝါရီ ၁၈ရက်က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဟာ စန်းမြို့ကျေးရွာကို ဝင်ရောက်လာပြီး အကြမ်းဖက်မီးရှို့ခဲ့တာပါ။
ကျေးရွာရှိ လူနေအိမ် ၁၃၂လုံး မီးလောင်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ရန်လို တိုက်ခိုက်မှုတွေကြောင့် ဒေသခံအမြောက်အများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့ကလည်း စန်းမြို့ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက နေအိမ်၃၂လုံးကိုမီးရှို့ရာ နေအိမ် ၂၈ လုံး ပြာကျပျက်စီးခဲ့ရပါတယ်။
လက်ရှိမှာ စန်းမြို့ကျေးရွာ၌ စုစုပေါင်း နေအိမ် ၁၆၀ မီးလောင်ပြာကျပျက်စီးခဲ့ရပြီး တစ်ရွာလုံးတွင် နေအိမ် ၃၂လုံးခန့်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းကလည်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို အကြိမ်ကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဂန့်ဂေါနယ်ထဲမှာ မီးရှို့ခံရတဲ့ကျေးရွာ အမြောက်အများရှိနေပါတယ်။
#Dailynews

