ဂန့်ဂေါ – ၂၀၂၁ စက်တင်ဘာ ၂၉ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ နံနက် ၉ နာရီဝန်းကျင်မှာ ထပ်မံဝင်ရောက်လာကာ သေနတ်တွေပစ်ဖောက်ပြီး ကျေးရွာအတွင်းမီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
သေနတ်တွေနဲ့ပစ်ခတ်နေတာကြောင့် မကြာခင်ကမှ ရွာအတွင်းပြန်နေခဲ့ရတဲ့ ရွာသူရွာသားတွေလည်း ပြန်လည်ထွက်ပြေးခဲ့ရတာကြောင့် ပျက်စိးဆုံးရှုံးမှုအခြေအနေတွေကို မသိရသေးကြောင်း ဒေသခံများက ပြောပါတယ်။
နှမ်းခါးရွာကို စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကတစ်ကြိမ်၊ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာတစ်ကြိမ် မီးရှိ့ဖျက်ဆီးခဲ့ပြီး နေအိမ် ငါးဆယ်ကျော် လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တာတော့ ခုနှစ်ကြိမ်ထက်မနည်း ရှိခဲ့ကာ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အဘိုးအိုတစ်ဦးလည်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့ဖူးပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာဒုတိယပတ်အတွင်းက နှမ်းခါးရွာတင်မက ဂန့်ဂေါနဲ့ ကလေးနယ်စပ်က ကျေးရွာ ၁၁ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် အိမ်ခြေပေါင်း နှစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေတင်မီးရှို့ဖျက်ဆီးရုံတင်မကဘဲ စက်တင်ဘာ ၉ရက်က မြင်သားရွာသား ၁၈ဦး၊ မွှေ့လယ်ရွာသားသုံးဦး၊ ထယ်လှော်ရွာသားတစ်ဦး၊ ရေရှင်ရွာသားနှစ်ဦးတို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

