ဂေထော
ဒီဇင်ဘာ ၁၇
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အန်အယ်လ်ဒီအမတ်အများဆုံး ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင် ၂ ဦးဖြစ်သည့် မိုင်ပန်မဲဆန္ဒနယ် ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးဆီဟူးဒွေ့ တို့နှစ်ဦး ၎င်းတို့ သဘောဆန္ဒအတိုင်း ကော်မတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်က တရားဝင်ထုတ်ပြန်ခဲ့သည်။
ယင်းကော်မတီတွင် NLD မှ ကိုယ်စားလှယ် ၁၈ ဦး ၊ တပ်မတော်ကိုယ်စားလှယ် ရှစ်ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များအပါဝင် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိတွင် ကော်မတီဝင် ၅ ဦးနုတ်ထွက်ခဲ့ခြင်းကြောင့် ကော်မတီဝင် ၄၀ ဦးသာ ကျန်ရှိတော့သည်။
စက်တင်ဘာ ၂ ရက်နေ့တွင် မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ၎င်းဆန္ဒဖြင့် နုတ်ထွက်ခဲ့ပြီး စက်တင်ဘာ ၃ တွင်လည်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့နှစ်ဦး ကော်မတီမှ နုတ်ထွက်ခဲ့ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် NLD ကိုယ်စားလှယ်အများစု၏ ကန့်ကွက်မဲကြောင့် တပ်မတော်သား ကိုယ်စားလှယ်တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ထားသည်။
#mawkun #magazine #chronicle #dailynews