မုံရွာ-၂၀၂၄ ဇူလိုင် ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲကြားမှာ ခရီးသည်တင်ယာဉ်ရှစ်စီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
မနေ့က မနက်ပိုင်းက မုံရွာမြို့တစ်ဖက်ကမ်း ဝမ်ပေါင်ကြေးနီစီမံကိန်းကနေထွက်လာတဲ့ ကြေးနီတင်ကားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ချောင်းဦးမြို့နယ်အကျော် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်က ငါးယှန်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသည်ယာဉ်တွေ ဆက်မသွားဘဲရပ်ထားချိန် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က တိုက်ပွဲကြားကို ကားဆက်မောင်းခိုင်းခဲ့တယ်လို့ မနေ့ကဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“သူတို့ကလမ်းမှာရပ်ထားတုန်း ‘မင်းတို့ဘာလို့ရပ်နေတာတုန်း’ ဆိုပြီးပြောတာ။ ‘ရှေ့ကကားတွေလည်း ရပ်နေလို့ ရပ်ထားတာ’လို့ပြောလိုက်တယ်။ အဲဒီမှာ သူတို့က လက်မှတ်တွေစစ် လူတွေလမ်းဆင်းလျှောက်ခိုင်း၊ ပြီးတော့ကားပေါ်ပြန်တက်ခိုင်းပြီး ကားထွက်ခိုင်းတာ” ကားလည်းထွက်ကော စစ်ဆေးရေးဂိတ်ကပစ်တာ။ ကားသမားတချို့သေတယ်။ လူတွေလည်းမှန်တယ်။ စိန်ဌေးလှိုင်ကားဆိုရှေ့ကဖြစ်နေတော့ တည်ပြီးပစ်တာ။ သူတို့ကသွားခိုင်းပြီးမှပစ်တာ” လို့ သူကပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့ကတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ချောင်းဦးမြို့နယ်အခြေစိုက် အမည်မဖော်လိုတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ခရီးသည်တင်ကားတစ်စီးကို ကာဘာယူကာ ပစ်ခတ်တိုက်ခိုက်လို့ မဖြစ်မနေ မိုင်းဆွဲခဲ့ရာ ကားတစ်စီးထိခိုက်သွားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ (ခရီးသည်တင်ကား) တစ်စီးကိုထိလိုက်တယ်။ အဲဒါတော့ ဟုတ်ပါတယ်ဗျ။ မိုင်းထိသွားတာ။ ကျွန်တော်တို့ သက်သက်မဲ့ခွဲတာမဟုတ်ဘူးဗျ။ ဒီကောင်တွေ(စစ်ကောင်စီတပ်သားတွေ)က Express ကားကို ကာဘာယူပြီး ပစ်အားများနေတဲ့အချိန် ကျွန်တော်တို့က ပစ်အားကိုလျှော့ဖို့အတွက် ဒီဟာကိုလုပ်မှရတော့မှာ။ မလုပ်ရင်လည်းကျွန်တော်တို့ရဲဘော်တွေက ဆုတ်လမ်းလည်း ကောင်းကောင်းမရှိတော့ဘူး” လို့ သူကပြောပါတယ်။
အဲဒီနေရာမှာ တိုက်ပွဲမဖြစ်ခင် မနက်အစောပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးမပြုဖို့ ကာကွယ်ရေးအဖွဲ့တွေက စာထုတ်ထားသလို တိုက်ပွဲဖြစ်မယ့်နေရာ ကားတွေဝင်မလာအောင် အလက္ကပ္ပရွာနဲ့ ခင်မွန်ရွာတွေဘက်မှာလည်း ကာကွယ်ရေးအဖွဲ့တွေက လမ်းပိုင်းကိုပိတ်ဆို့ထားတယ်လို့ သူကဆက်ပြောပါတယ်။
“စစ်ကောင်စီကြောင့်ဖြစ်တာကော၊ ကျွန်တော်တို့မိုင်းကြောင့်ဖြစ်တာတွေကော ကျွန်တော်တို့ကတော့ ကြားကနေတော့ စိတ်မကောင်းတာပဲ၊ တောင်းပန်ပါတယ်။ ကျွန်တော်တို့မိုင်းကြောင့်ဖြစ်ခဲ့တဲ့ဟာတော့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ မဖြစ်မနေလုပ်ခဲ့ရတယ်။ အဲဒါတော့ကျွန်တော်တို့လက်ခံတယ်။ တောင်းပန်တယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီနေ့ထုတ်တဲ့ ဝါဒဖြန့်သတင်းစာမှာတော့ ခရီးသည်တင်ကားတွေကို PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ခရီးသည်တစ်ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကားဆရာတစ်ဦးကတော့ စစ်ကောင်စီတပ်က ကားထွက်ခိုင်းပြီး သေနတ်နဲ့ပစ်လို့ စိန်ဌေးလှိုင်ယာဉ်လိုင်းက ကားသမားတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ Famous ယာဉ်လိုင်းက ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး ကားသုံးစီးပျက်စီးခဲ့တယ်လို့ဆိုပေမယ့် မော်ကွန်းအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးခဲ့တဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေရဲ့ ဖုန်းတွေကို မော်ကွန်းကဆက်သွယ်ခဲ့ပေမယ့် ယာဉ်လိုင်းတစ်ခုမှ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲအတွင်း စိန်ဌေးလှိုင်၊ ရွှေစင်စင်္ကြာ၊ ရွှေသလ္လာ၊ Famous (သုံးစီး)၊ နယူးစွမ်း၊ ရွှေမန္တလာ စတဲ့ခရီးသည်တင်ယာဉ်လိုင်းတွေက ကားရှစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပုံစာ-တိုက်ပွဲအတွင်းပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးခဲ့သူတချို့နဲ့ ပျက်စီးနေတဲ့ကားများ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် Fifty two တယ်လီဂရမ်ချန်နယ်။

