ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၂ (မော်ကွန်း)
မုံရွာ-မန္တလေးကားလမ်းပေါ်က ချောင်းဦးမြို့နယ်ထဲမှာ ဒီမနက်ပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး သွားလာနေတဲ့ယာဉ်တချို့ လက်နက်ကြီးထိမှန်တာကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးသွားတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
မုံရွာမြို့ကနေ ချောင်းဦးမြို့အထွက် ရေပိုးစားရွာ လမ်းဆုံအနီးမှာ ဒီမနက် ၁၀ နာရီခန့်က တိုက်ပွဲတွေဖြစ်ခဲ့ပြီး ခရီးသည်တင် Express ကားတစ်စီး၊ Honda Fit တစ်စီးနဲ့ အံစာတုံးအမျိုးအစား ကားလေးတစ်စီးတို့ လက်နက်ကြီးထိမှန်ခဲ့တာပါ။
တိုက်ပွဲအတွင်း အံစာတုံးကားမောင်းနှင်သူ ယာဉ်မောင်းသေဆုံးကာ ခရီးသည်တင်ကားပေါ်က စပယ်ယာတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားပြီး မြင်းမူမြို့နယ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“စဖြစ်တုန်းကတော့ လမ်းပိတ်ထားတယ်။ အခုကတော့ ပြန်ပြီးရှင်းလင်းပြီးသွားပြီ။ ပြန်သွားလို့တော့ရနေပြီ။ မိုင်းဆွဲပြီး တိုက်ပွဲတွေဖြစ်တယ်လို့တော့ကြားရတယ်” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
မုံရွာမြို့ကနေ ချောင်းဦးဘက်အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးကင်းစခန်းတွေ အများအပြားချထားသလို တော်လှန်ရေးတပ်တွေကလည်း မကြာခဏ အခုလို တိုက်ပွဲတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီမှာ ခဏတိုင်းဖြစ်တယ်။ တိုက်ပွဲဖြစ်နေရင် ကားရပ်ထားပြီးစောင့်၊ ပြီးတော့မှသွား အဲဒီလိုမျိုးသွားရတာ” လို့ ၎င်းမုံရွာဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဟာ ခရီးသည်တင်ကားတွေ အိမ်စီးကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတာတွေ၊ စစ်မှုထမ်းစုဆောင်းခံရတာတွေလည်း ရှိခဲ့တာပါ။
မတ်လပိုင်းတုန်းကလည်း မုံရွာ-ချောင်းဦးကားလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်ပစ်ခတ်တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါသေးတယ်။
ပုံစာ – ပြီးခဲ့တဲ့နှစ်က တိုက်ပွဲဖြစ်လို့ မုံရွာ-မန္တလေးကားလမ်းပိတ်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – Shwe Thoon May

