ကျုံဒိုး – ၂၀၂၄ ဇူလိုင် ၁၃ (မော်ကွန်း)
ကေအဲန်ယူ၊ တပ်မဟာ ၆၊ ကျုံဒိုးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အစပ် ချောင်းနှစ်ခွ၊ ရေပူ-ကော့စပ်ရွာတွေက စစ်ရှောင်တွေကို ကူညီဖို့လာတဲ့ ကြက်ခြေနီယာဉ်တန်းတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ခွင့်မပြုလို့ ဖားဘောင်ဂူအနီးမှာ ဒီနေ့လယ်ပိုင်းက ပြန်လှည့်သွားရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။
မွန်ပြည်နယ်ကြက်ခြေနီဥက္ကဌ၊ အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့မှူးတွေ ဦးဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းမှာ Double Cab နှစ်စီး၊ Faw ကား ရှစ်စီးပါဝင်ပြီး ဆန်အိတ် ၁,၆၀၀ ကျော်၊ ဆီ၊ ဆား၊ ပဲ ပါဝင်တဲ့ ပုံး ၁,၆၀၀ ကျော်၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်းပါဝင်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မှတ်တမ်းထဲမှာတော့ ဒီပစ္စည်းတွေဟာ အာဆီယံ ၁၀ နိုင်ငံက စစ်ရှောင်တွေကို ကူညီဖို့ပေးထားတဲ့ ပစ္စည်းတွေလို့ ရေးထားပါတယ်။
ဒီကားတွေကို နယ်ခြားစောင့်တပ်(BGF)က တာဝန်ယူပြီး ခေါ်ဆောင်လာတာဖြစ်ပေမယ့် လမ်းမှာ အာဏာသိမ်းစစ်တပ်က တားဆီးစစ်ဆေးပြီး တိုင်းမှူး(ရတခ)က ခွင့်မပြုလို့ ဆက်သွားခွင့်မပေးပါဘူး။
“တိုင်းမှူးက သူ့ကိုသတင်းမပို့လို့၊ ပြန်လာရင်လက်မခံဘူးပြောလို့ အကုန်ပြန်လှည့်သွားရတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒီယာဉ်တန်းဟာ ကျိုက်မရောမြို့နယ်ထဲက ချောင်းနှစ်ခွ၊ ဖားဘောင်၊ ဖားသိမ်၊ ကျုံကွယ်၊ ရေပူ-ကော့စပ်ရွာတွေကို လာရောက်ထောက်ပံ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီယာဉ်တန်းဟာ ကေအဲန်ယူဘက်ကိုလည်း အသိပေးအကြောင်းကြား ခွင့်ပြုချက်ယူထားတာလည်းမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစကတည်းက ချောင်းနှစ်ခွရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်စခန်းတွေ၊ ရဲစခန်းတွေဟာ မကြာခဏတိုက်ခိုက်ခံရပါတယ်။
၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာလည်း ချောင်းနှစ်ခွရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်စခန်းတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး ဒေသခံတွေလည်း စစ်ရှောင်ကြရတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေ ချောင်းနှစ်ခွရွာကို ခေတ္တသိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်ရယူခဲ့ပါတယ်။
ချောင်းနှစ်ခွရွာမှာအထိုင်ချတဲ့ အာဏာသိမ်းစစ်တပ်က အနီးအနားကရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပုံမှန်ပြုလုပ်လေ့ရှိပြီး ပစ္စည်းပြန်သယ်တဲ့ ဒေသခံတွေကို ဖမ်းဆီးကာ ငွေကြးတောင်းခံမှုတွေပြုလုပ်တာလည်းရှိပါတယ်။
ပုံစာ – ပြန်လှည့်ခိုင်းခံရတဲ့ ကြက်ခြေနီယာဉ်တန်း
ဓါတ်ပုံ – CJ

