ရန်ကုန်-၂၀၂၃ ဇူလိုင် ၂၅ (မော်ကွန်း)
မကွေးတိုင်းကနေ ချင်းပြည်နယ်ထဲကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် CDF ကန်ပက်လက်နဲ့ ဒေသခံမဟာမိတ်အဖွဲ့တွေ မနေ့ကပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားခုနစ်ဦးသေသွားတယ်လို့ ချင်းကာကွယ်ရေးတပ် CDF ကန်ပက်လက်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လေယာဉ်ကွင်းမှာ တိုက်ပွဲဖြစ်တယ်ဗျ။ အဲဒီမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တစ်ဦး အသက်ပေးသွားတယ်ဗျ။ ကျင်ဒွေးထောက်ပို့စစ်ကြောင်းမှာတော့ စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးတယ်လို့ သတင်းသိရပါတယ်ခင်ဗျ။ ကျွန်တော်တို့တပ်ဖွဲ့ဝင် သုံးဦးနဲ့ မင်းဘူးခရိုင် တပ်ရင်း ၃ ကရဲဘော်တစ်ဦး၊ လေးဦးဒဏ်ရာရတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ အခုလ အစောပိုင်းကတည်းက မကွေးတိုင်းထဲကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး မနေ့ကမနက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီစစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျှောက်က ဒေသခံအများအပြားဟာ အခုလအစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ရက်ကြာလာတာနဲ့အမျှ အကူအညီတွေလိုအပ်နေပြီး ဖျားနာသူတွေလည်း အများအပြားရှိနေတယ်လို့ CDF ကန်ပက်လက်က တာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့ဒေသခံ စစ်ရှောင်တွေက နေရပ်မပြန်နိုင်သေးတဲ့အနေအထားမှာ အကူအညီတော့ အများကြီးလိုတယ်။ ပြီးတော့ စစ်ကြောင်းအခြေအနေကြောင့် ရှောင်သွားရတဲ့ ပြည်သူတွေ ရာသီတုတ်ကွေးနဲ့ ဖျားနာတွေ အများကြီးဖြစ်တယ်ဗျ။
ကျွန်တော်တို့ဘက်က အတက်နိုင်ဆုံး မြို့နယ်ကျန်းမာရေးအဖွဲ့က လုပ်ထားပေမယ့်လည်း ဆေးဝါးလိုအပ်ချက်ကတော့ ရှိနေပါတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျှောက်မှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့ပြီး အထိနာတာကြောင့် အခုလ ၁၈ ရက်ကလည်း မကွေးနဲ့ချင်းပြည်နယ်အစပ်ကကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ-CDFကန်ပက်လက်မှ တပ်ဖွဲ့ဝင်များ
Photo – CDF-Kanpelet
#Dailynews

