ချစ်စရာလားဟေ့ ဝင်ခဲ့လေကွယ်

ချစ်စရာလားဟေ့ ဝင်ခဲ့လေကွယ်

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ စာအုပ်အညွှန်းဖြစ်ပါသည်။

သင့်နော်

(၁)

စာရေးသူအမည်။  ။ ချစ်စရာ

စာအုပ်အမည်။  ။ လောကဓံလားဟေ့ ဝင်ခဲ့လေကွယ်နှင့် အတွေးပဒေသာစာစုများ

အဲဒီစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ ဇူလိုင်မှာ ပုံနှိပ်တယ်။ ကာဗာမှာ အမတော်စာပေလို့ ဖော်ပြထားတယ်။ အုပ်ရေမသိရ။ မျက်နှာဖုံး ကာတွန်းဝင်းအောင်။ ၈ဓ _ ၅.၅ဓ။ ၂၆၀ မျက်နှာ။ တန်ဖိုး ၃,၅၀ဝ ကျပ်။ အမှာစာ သုံးပုဒ်။ စာစု အပုဒ် ၃၀။

(၂)

ချစ်စရာကို စာရေးဆရာလို့ သိတာထက် လူရွှင်တော်လို့ သိသူကပိုများတယ်။ စာပေနယ်မှာထက် ဇာတ်သဘင်နယ်က သူ့ကိုပိုသိတယ်။ အခြား အခြားသော အရပ်ဒေသတွေထက် မန္တလေးက သူ့ကိုပိုသိတယ်။ သူ့အဓိကအလုပ်က လူရွှင်တော်။ ဒါပေမဲ့ဝတ္ထုတိုရှည်၊ ဇာတ်ညွှန်းပြဇာတ် ပြက်လုံး ဘာမဆိုရေးတယ်။ ဗီဒီယိုဒါရိုက်တာ၊ ကွက်စိတ်ဟောဆရာ၊ သီချင်းရေးဆရာ၊ ဘိသိက်မြှောက်၊ ဧယဉ်ကျူး၊ အငြိမ့်ပြိုင်ပွဲ အကဲဖြတ်ဒိုင်။ စာပေဟောပြောပွဲလိုက်။ အငြိမ့်၊ ဇာတ်၊ ချီကောက်လိုက် … ဘက်စုံထူး ချွန် …။ စွယ်စုံရ အနုပညာရှင်။ ဝါရင့်သဘင်သည်။ လူရွှင်တော် စာရေးဆရာဆိုတဲ့ဘွဲ့ကို သူတစ်ယောက်တည်း မူပိုင် NO Two ရထားတဲ့ ပုဂ္ဂိုလ်။

(၃)

ဇာတ်သဘင်နယ်ပယ်က ဆိုစမှတ်ပြုထားတာ တစ်ခုရှိတယ်။ “ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ရမယ်” တဲ့။ သို့ပေမဲ့ ဗလပ်သမားတွေ အများစုဟာ သဘင်လောကထဲမှာ ရှိနေပြန်ပါရော။ ရုပ်ရှင်၊ ဂီတနယ်တွေထက် ဇာတ်သဘင်ထဲမှာ ဗလပ်တွေ ပိုအတွေ့ရများတယ်။ သူ့ကို အဓိပ္ပာယ်ဖွင့်တာက “အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင် တစ်စုံတစ်ရာအား အလေးမထား ပေါ့ပေါ့တန်တန် နေထိုင်ပြုမူပြောဆိုတတ်သူ” တဲ့။

အငြိမ့်တွေ၊ ဇာတ်တွေ ဖောဖောသီသီ ရှိတဲ့ဝန်းကျင်မှာ ဗလပ်ပေါက်တွေ တွေ့ရမြဲ။ ဗလပ်တွေလည်း အမြောက်အမြားပေါ့။ အဲဒီပတ်ဝန်းကျင်ထဲမှာ နစ်မြုပ်နေတဲ့ ချစ်စရာဆီက ရှားရှားပါးပါး အကြောင်းခြင်းရာတွေကို အခါအားလျော်စွာ စာဖတ်သူတွေ ဖတ်ကြရတဲ့အခါ ဘဝင်နှလုံးရွှင်ပြုံးကြရပါတယ်။ သူ့စာဖတ်အား၊ သူ့အတွေ့အကြုံနဲ့ သူ့ဘဝအမြင်တွေကို သူ့စာတွေမှာတွေ့ရတဲ့အခါ သဘောခွေ့ကြတယ်။ ချစ်စရာကစာရေးကောင်းတယ်။ မှတ်အားကောင်းတယ်။ ဇာတ်စာ၊ ဇာတ်စကား ကြွေတော့ ဖွယ်ဖွယ်ရာရာ ပြောတတ်တယ်။ နယ်မြေဒေသ တော်တော်များများကို အရောက်အပေါက်များပြန်တော့လည်း ဒေသန္တရ ဗဟုသုတတွေ အများကြီးပေါ့။ သူ့ရဲ့ “ကျွန်တော် သိမီ လိုက်သော လူရွှင်တော်ကြီးများ” စာအုပ်က ဈေးကွက်ထဲမှာ အနုတ်အသိမ်း များလှပါရဲ့။

mawkun-68-book_review-jpg

(၄)

အခုလာပြန်ပြီ။ ၂၀၁၉ မှာ ဤခေတ်ကြီးနှင့်အမီပေါ့။ ဟုတ်ကဲ့ Facebook မှာ တို့ထိတို့ထိ ရေးထားခဲ့တာတွေဟာ အတွေးပဒေသာစာစုများ ဖြစ်လာတယ်။ ထိပ်စီးက လောကဓံ လားဟေ့ ဝင်ခဲ့လေကွယ်တဲ့။ အဲဒါကတော့ မင်းလူရဲ့ပစ္စည်းပါ။ အချစ်လားဟေ့ ဝင်ခဲ့လေကွယ်ကို ပွားထားတာပေါ့။ မင်းလူက သာမန် သိင်္ဂါရအဖွဲ့အနွဲ့ ဖြစ်ပေမယ့် ချစ်စရာကတော့ လောကဓံကို စိန်ခေါ်လိုက်တာပါ။ မမှုဘူးဆိုတဲ့ သဘောပါပဲ။ အချိန်မရွေး လာခဲ့ ဝဲလ်ကမ်း။ ဒါဟာ သူ့ရဲ့ အားမာန်၊ သူ့ရဲ့ သတ္တိ၊ သူ့ရဲ့ စွမ်း ပကားကို သူဘယ်လောက် ယုံကြည်သလဲဆိုတာကို ပြလိုက်တာပါပဲ။ လောကဓံကို စိန်ခေါ်လိုက်တယ်။ လာခဲ့ပါ၊ ဝင်ခဲ့ပါ။ အချိန်မရွေး၊ နေရာမရွေး၊ အခါမရွေး။ ဘဝကို ဘယ်လိုပုံစံနဲ့မဆို ရဲရဲရင်ဆိုင်ရဲတဲ့ စာသမား ဗလပ်တစ်ယောက်အတွက်တော့ လောကဓံကို ပျင်းတောင်ပျင်းသေးတယ်ပေါ့။ သာမန်ဗလပ်တစ် ယောက် မဟုတ်ဘူးလေ။ စာကြမ်းပိုးဗလပ်။ ဇာတ်စာ၊ ဇာတ် စကားလောက်နဲ့ အချိုကုန်နေသူ မဟုတ်ပါဘူး။ ကိုယ်တိုင် အိုင် ဒီယာထုတ်၊ ကိုယ်တိုင် ရေးဖွဲ့၊ ကိုယ်တိုင် သီကုံး၊ ကိုယ်တိုင်ညွှန် ကြား၊ ကိုယ်တိုင် ဟစ်ကြွေး၊ ကိုယ်တိုင် သရုပ်ဆောင်တင်ဆက်။ ခုနေခါမှာတော့ ချစ်စရာဟာ သူ့နယ်ပယ်မှာ ရှေ့မီနောက်မီ ဂုရု ပေါက်စကြီးပေါ့။

(၅)

အတွေးပဒေသာဆိုတဲ့ စာစု အပုဒ် ၃၀ တိတိပါတယ်။ ဒီ ၃၀ ထဲမှာ “မျက်နှာချင်းဆိုင်ပုံပြင်” နဲ့ နှစ်ပုဒ်။ “ပါးစပ်နဲ့ ရေးတဲ့ ဝတ္ထု” နဲ့ သုံးပုဒ်ဖြစ်နေတော့ သုံးပုဒ်လျှော့လိုက်တဲ့အခါ ၂၇ ပုဒ်  ဖြစ်သွားတယ်။ အားလုံးသော စာတွေကို ဟာသတွေလို့ထင်ရင် မှားပါမယ်။ အများအားဖြင့်က လူ့သဘာဝတွေကို တွေ့ရတယ်။ အချို့က ရောမတိကတွေဖြစ်တယ်။ အချို့ကျတော့ အမြီးနဲ့မတည့်တဲ့ အမောက်တွေ။ အချို့ကဘဝအမောတွေ။ အချို့ကျတော့ မျှော်လင့်ချက်ခွန်အားတွေ။ အချို့က ရှေးဟောင်းနှောင်း ဖြစ်တွေ။ အချို့ကျတော့ အမြဲထာဝရ သတိထားကြရမယ့် အသိ တရားတွေ။ အချို့က သံဝေဂကထာ။ အချို့က သင်္ခါရအလင်္ကာ။ သေချာတာတစ်ခုက အဲသဟာတွေအားလုံးဟာ ဖြတ်ညှပ်ကပ် မဟုတ်ဘဲ ချစ်စရာ့ကိုယ်တွေ့ ဇာတ်လမ်းဘဝမှတ်တမ်းတွေချည်း ပါပဲလေ။

ဇာတ်သမားဆီမှာ မှတ်သားစရာတွေ အများကြီးရှိပေမယ့် သူကိုယ်တိုင်က မှတ်မှတ်သားသား ထားရှိပါမှသာ သူတကာကို ဝေငှလို့ ရတာကိုး။ နှုတ်ဝစီနဲ့ ရုပ်အခံနဲ့ အဆိုအပြော သဟောက် သဟဲ ပျစ်ချွဲချွဲတွေနဲ့၊ ထွေလီကာလီ လှုပ်လဲ့လှုပ်လီတွေနဲ့ ပွဲချီ စိပ်စိပ် နယ်တကာရပ်တရိုး ချိတ်လာခဲ့ကြပေမယ့် အဲသဟာတွေ ကို လက်လီစိတ်ပြီး အဖြူပေါ် အနက်တင် ပုံနှိပ်စာအဖြစ် အသွင်ပြောင်းကြဖို့ မတစ်ထောင် တစ်ကောင်ဖွားလို ထူးခြားပါမှဖြစ်နိုင်မှာလေ။ သိတိုင်း တတ်တိုင်း မလုပ်နိုင်ဘူး။ နည်းနည်းကြီး ကျယ်အောင် ပြောရရင် ဇကလေးလည်း ရှိပါမှ၊ ပါရမီကလေးက လည်း ပါပါမှပေါ့။ မန္တလေးဇာတ်သဘင် မိသားစုထဲမတော့ ချစ်စရာကို တစ်မိပေါက် တစ်ယောက်ထွန်းလို့ ဆိုရပါတော့မယ်။ သူ စာအများကြီးဖတ်နိုင်တယ်။ ပြန်ပြီး နေရာတကျ အသုံးချတတ် တယ်။ သူကဘယ်ဖဲနဲ့မဆို တွဲလို့ရတဲ့ဂျိုကာပေါ့။

(၆)

ဟုတ်ကဲ့။ လောကဓံလားဟေ့လို့ အမည်တပ်ထားပေမယ့် လောကရဲ့ဒဏ်ကို ကောင်းကောင်းခံနိုင်စေမယ့် ခွန်အားဖြည့်စာ တွေနဲ့ ပြည့်နေတယ်လို့သာ မှတ်ချက်ချချင် ချလို့ရပါတယ်။ ရှုတတ်မြင်တတ် ဆင်ခြင်တတ်တဲ့ ကိစ္စကလည်း အားကျစရာကြီးပေါ့ဗျာ။ တစ်ဆက်တည်းမှာ တွေ့လိုက်ရတာက ချစ်စရာဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပူးတွဲတွဲ နေလေ့ရှိလေတော့ ခုစာအုပ်ထဲမှာ ပါသမျှ အကြောင်းအရာတွေဟာ သူ့ခေတ် သူ့အခါက သူတို့လောကထဲမှာ အထင်ကရ ရှိခဲ့သူတွေရဲ့ Profile တစ်ပိုင်းတစ်စတွေကို အရသာရှိရှိ ဖျတ်ခနဲ ဖျတ်ခနဲ လတ်လတ်ဆတ်ဆတ်  တွေ့လိုက်ရတာဟာ အလိုက်သင့် ခူးခတ်ထားတဲ့ ဟင်းပေါင်းစုံနဲ့ ထမင်းဝိုင်းကို အသာလေးဝင်ထိုင်ပြီး လွေးလိုက်ရသလို မြိန်ရေရှက်ရေ ရှိလှပါရဲ့လို့။


#mawkun #magazine #chronicle #book_review #no_68


 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."