ရန်ကုန်- ၂၀၂၃ မတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်ထဲကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလို့ ကျေးရွာခုနစ်ရွာဝန်းကျင်က ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ခုလောလောဆယ်တော့ အဲဒီ့စစ်ကြောင်းက သူတို့လာခဲ့တဲ့ အင်းပတ်ကွေ့ဈေးတန်းနဲ့ ရွာသစ်ကုန်းပျူခြံကို ပြန်ရောက်သွားပြီ။ ညောင်ပင်ခြံကျေးရွာနဲ့ ဆည်ကြီးကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေ ဆန်ဆီတို့ကိုယူသွားတယ်။ ချမ်းသာကုန်းရွာရဲ့အနောက်ဘက်မှာရှိတဲ့ တောတဲတစ်လုံးမီးရှို့သွားတယ်။ နောက်ပြီးတော့ ကောက်ရိုးပုံ သုံးပုံ၊ အိမ်တွေလည်းရှို့ထားခဲ့ပေမယ့် ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြန်ဝင်တဲ့အခါမှာ အချိန်မီပြန်ငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ချမ်းသာကုန်းရွာကပြန်အဆုတ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။
“ကာကွယ်ရေးတပ်သားတွေနဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်ကနှစ်ယောက်ကျတယ်။ ကိုယ်တွေဘက်က ပြည်သူတွေကော ရဲဘော်တွေကော အထိအခိုက်မရှိဘူး” လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာစတဲ့ရွာတွေနဲ့ အနီးနားရွာတွေက ဒေသခံသောင်းချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေမကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် နေ့စဉ်စစ်ရှောင်ဦးရေတိုးလာနေပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုနေတယ်လို့ ဆိုပါတယ်။
#Dailynews

