ခင်ဦး-၂၀၂၃ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ဒေသခံ တစ်သောင်းဝန်းကျင် စားနပ်ရိက္ခာနဲ့ဆေးဝါးများ အခက်အခဲဖြစ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အဓိကကတော့ စစ်ဘေးရှောင်များတဲ့အတွက် စားစရာပေါ့၊ အချိန်မှန်မစားရဘူး။ အဝတ်အထည်ပိုင်းကလည်း အခက်အခဲဖြစ်တယ်။ နေစရာဆိုတာကတော့ တောတွေထဲမှာလည်းနေရတယ်၊ တချို့ကတော့ အနီးရွာတွေကစာသင်ကျောင်းတွေမှာနေကြတယ်။ စစ်ရှောင်တွေထဲမှာ မီးနေသည်တို့ သက်ကြီးရွယ်အိုတွေတို့ပါတော့ ဆေးဝါးအခြေအနေကတော်တော်လေးအခက်အခဲဖြစ်တယ်”လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်အရေး ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေအနေနဲ့လည်း စစ်ကိုင်းတိုင်းကို ဆေးဝါးနဲ့စားနပ်ရိက္ခာတွေပို့ရာမှာ စစ်ကောင်စီတပ်တွေက အစစ်ဆေးပိုတင်းကြပ်တာကြောင့် အခက်အခဲတွေကြုံနေတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မင်းကံကြီး၊ လက်ပံ့လှ၊ လောင်းရှည် စတဲ့ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ပတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအင်အားတစ်ရာဝန်းကျင်ဟာ လက်ရှိအချိန်အထိ လောင်းရှည်ရွာထဲမှာ တပ်စွဲထားတာကြောင့် အနီးနားကရွာခြောက်ရွာဝန်းကျင်က ဒေသခံထောင်နဲ့ချီပြီးထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
Photo -ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

