ဂေထော
မုဒုံ – ၂၀၂၀ ဧပြီ ၈ (မော်ကွန်း)
ယနေ့မနက်ပိုင်းက ကွယ်လွန်သွားသည့် လူနာအမှတ် ၁၇ ၏ သား၊ သမီးနှင့် တူမတို့ကို မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသပေးနိုင်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ကပြောသည်။
လူနာအမှတ် ၁၅ ထံမှ ၎င်း၏ခင်ပွန်း၊ သား၊ သမီးနှင့်တူမထံသို့ကူးစက်ပြီး ခင်ပွန်းဖြစ်သူမှာ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသောကြောင့် ကျန်ရစ်ခဲ့သည့် ကလေးငယ်များအား ၎င်းတို့၏မိခင်ဆေးကုသမှုခံယူနေသည့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် လူမှုရေးရှုထောင့်အရ ကူညီရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဒါက လူမှုရေးက ကြည့်တဲ့ ရှုထောင့်ပေါ့။ ပြည်မှာရှိတဲ့ ကော်မတီက ဒါလူမှုရေးအရ ကလေးတွေ အဖေမရှိတဲ့နောက်မှာ သူတို့ အမေနဲ့ ရှိစေချင်တာမျိုး တိုင်ပင်တာပါ” ဟု သူက မော်ကွန်းသို့ပြောသည်။
လောလောဆယ် ဆေးရုံလွှဲပြောင်းပေးရန်ဆုံးဖြတ်ချက်မကျသေးဘဲ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ COVID – 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ မြန်မာနိုင်ငံတွင် ပိုးတွေ့အတည်ပြုလူနာ ၂၂ ဦးနှင့် ကွယ်လွန်သူသုံးဦးရှိပြီဖြစ်သည်။
#Dailynews