ကျွဲ၊ နွားမှောင်ခိုနဲ့ ကန့်သတ်မိန့်များကြောင့် တောင်သူတွေ အကျိုးအမြတ် မရသေး

ကျွဲ၊ နွားမှောင်ခိုနဲ့  ကန့်သတ်မိန့်များကြောင့်  တောင်သူတွေ  အကျိုးအမြတ် မရသေး

၂ဝ၁၈၊ စက်တင်ဘာလ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Feature ဖြစ်ပါသည်။

ကျော်ဇေယျရေးသည်

ပေါင်းတည်

(စက်တင်ဘာ၊ ၂ဝ၁၈)

 

ရွှံ့ဗွက်အပြည့်နဲ့ နွားပွဲဈေးကွင်း ထဲမှာ နဖားကြိုးတင်းတင်းဆွဲ လို့ တန်းတွေမှာ စီစီရီရီချည် ထားခံရတဲ့ ခိုင်းနွားတွေက ကောင်ရေ ၂ဝဝ ကျော်လောက် ရှိ ပါတယ်။

ဗုဒ္ဓဟူးဈေးနေ့တိုင်း ကျင်းပတဲ့ နွားပွဲဈေးထဲမှာ  ခြေ ဗလာနဲ့ ပုဆိုးတိုတို ဝတ်ထားတဲ့ အမျိုးသားတွေဟာ ဥဒဟိုသွား လာနေကြတယ်။ နွားလာရောင်းတဲ့ တောင်သူတွေ၊ လာဝယ်ကြ တဲ့ တောင်သူတွေအပြင် နွားကို ဝယ်ရောင်းလုပ်ကြသူတွေပါပဲ။

၁၉၆၆ ကတည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေထုတ်ပြီး နွားအရောင်းအဝယ်ကို ကန့်သတ်ထားခဲ့လို့ မှောင်ခိုဈေးကွက် ကြီးစိုးနေတဲ့ မြန်မာနွားဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာမှာ တရားဝင် ပြည်ပတင်ပို့ခွင့် ပေးလိုက်တဲ့အခါ ပေါင်းတည် နွားပွဲလိုနေရာတွေဟာ တစ်ဖန် သက်ဝင်လှုပ်ရှားလာပါ           တော့တယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်စာအမှတ်(၄၉/၂ဝ၁၇)နဲ့ ကျွဲ၊ နွားအရှင်တွေကို ပြည်ပ တင်ပို့ခွင့်ပြုလိုက်တဲ့နောက် ဈေးကွက်အတွင်းမှာလည်း နွားဈေး နှုန်းဟာ သိသိသာတက်လာခဲ့တယ်။ ဒီလို အမိန့်မထုတ်ပြန်ခင် တုန်းက ကျပ် ခုနစ်သိန်းလောက်ပေါက်တဲ့ နွားတစ်ကောင်ဟာ အခုတော့ ကျပ် ၁ဝ သိန်းနဲ့ ၁၁ သိန်းကြားဝန်းကျင်အထိ နွား ဈေးတွေ မြင့်တက်လာပြီလို့ ပေါင်းတည်နွားပွဲဈေးက တာဝန်ခံ တွေနဲ့ ဝယ်ရောင်းသမားတွေက ပြောပြတယ်။

ဈေးကွက်က ပွင့်လာပြီဆိုပေမယ့် နွားမွေးတဲ့ တောင်သူ တွေနဲ့ နွားဝယ်ရောင်းသမားတွေကြား အခက်အခဲကတော့ ကြုံ နေရတုန်းပါ။

အဲဒါကတော့ ၁၉၆၆ ကတည်းက ထုတ်ပြန်ထားတဲ့ ကျွဲ၊ နွား သယ်ဆောင် ရောင်းဝယ်ခွင့် ကန့်သတ်တဲ့ အမိန့်စာအမှတ် (၂၂၁/၁၉၆၆)ဟာ တည်ဆဲအမိန့်အဖြစ် ဆက်လက်ကျန်ရှိနေတဲ့ အတွက် နွားမွေးတောင်သူဟာ ကျေးရွာအုပ်စုတစ်ခုကနေ အခြားတစ်ခုကို နွားသယ်ဆောင်မယ်ဆိုရင်တောင် ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေရဲ့  ခွင့်ပြုချက် လိုပါတယ်။

ခရိုင်တစ်ခုအတွင်းက မြို့နယ်တွေအချင်းချင်း ကူးသန်း သယ်ဆောင်မယ်ဆိုရင်တော့  အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ မြေစာရင်း၊ စည်ပင်သာယာ၊ မွေးမြူရေးနှင့် ကုသရေး ဌာနအပြင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေရဲ့  ခွင့်ပြုချက်တွေ လိုပါမယ်။ ခရိုင်ဖြတ်ကျော်သယ်ဆောင်မှုတွေ လုပ်မယ်ဆိုရင် တော့ ဒီထောက်ခံချက်တွေအပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ပါ ရမှ တရားဝင်သယ်ဆောင်မှုအဖြစ် သတ်မှတ်ခံရ မှာပါ။

Photo-Kyaw Zayya ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့က နွားပွဲဈေး

ဒါကြောင့် ဈေးကွက်သယ်ဆောင်မှုအပိုင်း၊ ကူးသန်း ရောင်းဝယ်မှု အပိုင်းတွေက အတားအဆီး အကန့်အသတ်တွေကို ဖယ်ထုတ်ပြီး ဝင်ငွေနိမ့်ပါးနေတဲ့ ကျေးလက်တောင်သူတွေရဲ့ ကျွဲ၊ နွားမွေးမြူရေး ဖွံ့ဖြိုးလာအောင် အစိုးရအနေနဲ့ စတင်ဖို့လိုပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နွားမွေးမြူရေးလေ့လာသူတွေက အကြံပြုကြပါတယ်။

”တောင်သူက သူ့နွားကို နွားပွဲဈေးကို သယ်ရင်တောင် လမ်းကြေးအဖြစ် ရဲကို ငွေပေးနေရတာတွေ ဖြစ်နေတယ်”လို့ ဒီအကန့်အသတ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုးက ပြောတယ်။ သူက ပြည်သူ့လွှတ်တော်၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်ပါ။

 

ဈေးတက်ပေမယ့် အကျိုးအမြတ်မရ

နွားဈေးကောင်းရလာပေမယ့် အကျိုးအမြတ်အားလုံး ကတော့ တောင်သူတွေရဲ့ အိတ်ကပ်ထဲရောက်တာမျိုးတော့ မဟုတ်ဘူးလို့ ပေါင်းတည်နွားပွဲဈေးမှာ တွေ့ဆုံရတဲ့ နွားဝယ် ရောင်းသမားတွေနဲ့ တောင်သူတချို့က ပြောပြတယ်။

”အထူးသဖြင့် ရဲတွေပဲဗျ။ နွားပွဲဈေးတစ်ခုကနေ တစ်ခုကို ကူးဖို့ တစ်ကောင်ကို တစ်သောင်း၊ တစ်သောင်းခွဲမှ မကုန်ရင် လွယ်လွယ်နဲ့ မရောက်တော့ဘူး”လို့ ပေါင်းတည်နွားပွဲဈေးမှာ တွေ့တဲ့ နွားဝယ်ရောင်းသမား အသက် ၄၈ နှစ်အရွယ် ဦးပြုံးချို က ပြောပြတယ်။

နွားပွဲဈေးမှာ နွားလာရောင်းရင် ပိုက်ဆံပေးရသလို နွားပွဲ ဈေးက နွားဝယ်ပြီး ပြန်သွားတဲ့အခါမှာလည်း လမ်းမှာ ပိုက်ဆံ ပေးရတာတွေ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

နွားအရောင်းအဝယ်ကို အနှစ် ၃ဝ ကြာလုပ်ခဲ့တဲ့ ဦးပြုံးချို ဟာ သူကိုယ်တိုင် ရဲတွေရဲ့ ငွေတောင်းယူမှုကို မခံမရပ်နိုင်တဲ့ အဆုံး စကားများပြီး သူ့နွားတွေနဲ့အတူ ရဲစခန်းကို ရောက်ခဲ့ဖူး တယ်လို့ သူက ပြောပြတယ်။

ကျွဲ၊ နွားရောင်းဝယ်မှုတွေကြောင့် လယ်ယာလုပ်ငန်း မထိ ခိုက်စေဖို့ ရည်ရွယ်ပြီး ဟိုယခင်ကာလတုန်းက အခြေအနေအရ အကန့်အသတ်လုပ်ခဲ့ကြတာကို အပြစ်ပြောစရာမရှိပေမယ့် ဒီနေ့ အထိ ကျွဲ၊ နွားကို အကန့်အသတ်ခံထားတာကိုတော့ အစိုးရ အနေနဲ့ အမြန်ဖျက်သိမ်းပြီး တောင်သူလယ်သမားအကျိုးစီးပွား ဖော်ဆောင်မှုကို စလုပ်သင့်နေပြီလို့  မန္တလေးမြို့မှာနေတဲ့ နွား မွေးမြူရေးလေ့လာသူ ဦးမြကျော်ဦးက ပြောတယ်။

”နွားတကယ်မွေးတဲ့တောင်သူ အကျိုးခံစားရဖို့ ဒီအမိန့် တွေ မဖျက်ပေးဘဲနဲ့တော့ မရဘူး”လို့ သူက ပြောတယ်။ ဒီလို သယ်ဆောင်ရ၊ ကူးသန်းရခက်အောင်လုပ်ထားတဲ့ အမိန့်ကြေ ညာစာကြောင့် နိုင်ငံအတွင်းမှာပဲ တစ်နေရာကနေ တစ်နေရာကို နွားမျိုး သယ်ဆောင်မွေးမြူဖို့အတွက်လည်း အဟန့်အတားတွေ ဖြစ်ပေါ်ရတယ်လို့ သူက ရှင်းပြတယ်။

 

photo-Kyaw Zayya နွားပွဲဈေးအတွင်း စိတ်ကြိုက်နွားကို တောင်သူတွေ စမ်းသပ်နေကြစဉ်

”အညာမှာ ဈေးပေါတဲ့ နွားကို အောက်ဘက်မှာ အစာ ပေါတဲ့ တောင်သူက သယ်ယူပြီး မွေးမြူရောင်းချမယ်ဆိုရင် တောင် ဒီအမိန့်ကြေညာစာကြောင့် ဘယ်သူမှ မလုပ်ချင်ကြဘူး။ လုပ်ဖို့လည်း မလွယ်ဘူး”လို့ သူက ရှင်းပြတယ်။

၂ဝ၁၂မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အစိုးရထံမှာ ကျွဲ၊ နွားကို အရေးကြီး ကုန်စည် သတ်မှတ်ထားမှုကနေ ပယ်ဖျက်ပေးရမယ့် တာဝန် လည်း ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နွားမွေးမြူ ရေးလေ့လာသူတွေက ပြောကြပါတယ်။

၂ဝ၁၂ ဥပဒေရဲ့ ပုဒ်မ ၉ အရ တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးဌာနဟာ အရေးကြီးကုန်စည်အဖြစ် လိုအပ်လို့ အမိန့် ထုတ်ပြန်ပြီးနောက် မလိုအပ်တော့တဲ့အခြေအနေမှာ ဒီလိုအမိန့် ထုတ်ပြန်သတ်မှတ်ထားတဲ့ ကုန်စည်တွေကို ဆောလျင်စွာ ပြန် လည်ပယ်ဖျက်ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်ပအထိ တင်ပို့ခွင့်ပေးထားတဲ့ ကျွဲ၊ နွားကို အရေးကြီးကုန်စည်ထဲကနေ အမြန်ပယ်ဖျက်ပေးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နွားမွေးမြူရေးလေ့လာသူတွေ က ထောက်ပြနေတာပါ။

”ဥပဒေတွေမဟုတ်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနက လက်မှတ်ထိုးရုံနဲ့ ပယ်ဖျက်နိုင်တဲ့ အမိန့်ကြေညာချက်တွေ ဖြစ် ပါတယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနက ဘာကြောင့် မလုပ် ပေးသလဲဆိုတာတော့ သူတို့ပဲသိလိမ့်မယ်”လို့ ပဲခူးတိုင်း အနောက်ခြမ်းဒေသ၊ မင်းလှမြို့နယ်အမတ်လည်း ဖြစ်တဲ့ ဒေါက် တာသန်းအောင်စိုးက မော်ကွန်းကို ပြောတယ်။

ဦးပြုံးချိုကတော့ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ဒေသမှာရှိတဲ့ ကြို့ပင်ကောက်မြို့ နွားပွဲဈေးကနေ ပေါင်းတည် နွားပွဲဈေးကို ပွဲဈေးတာဝန်ခံတွေက ထုတ်ပေးထားတဲ့ အထောက် အထားအပြည့်အစုံနဲ့ ပွဲကူးရောင်းချဖို့ နွားသယ်တာတောင်မှ လမ်းမှာငွေပေးနေရတဲ့ အခြေအနေကို အခုလို ရေရွတ်ပြတယ်။

”ကြို့ပင်ကောက် ထွက်တာနဲ့ ကြို့ပင်ကောက်ရဲကို ပေး ရပါတယ်။ ဇီးကုန်းရဲကိုပေးရပါတယ်။ နတ်တလင်းရဲကို ပေးရပါ တယ်။ ပေါင်းတည်အထဲကို ဝင်လာရင်တောင် ရဲကင်းတွေကို ပေးရပါတယ်”

”ကိုယ့်နွားကို ဒီပွဲဈေးမှာ ဈေးမကောင်းရင် ဟိုဘက်ပွဲ ဈေးကူးရောင်းတာကို ဒီလိုတွေပေးနေရတော့ နွားရောင်းရတာ၊ မရောင်းရတာအသာထား၊ အိတ်ကပ်ထဲက ငွေက အရင်ထွက်နေ တယ်”လို့ သူက ပြောတယ်။

 

ဘယ်လိုဖျက်သိမ်းနိုင်မလဲ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကတော့ ဒီအမိန့်ကြေညာစာတွေ ကို ပယ်ဖျက်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတာရှိတယ် လို့ နေပြည်တော်မှာတွေ့တော့ မော်ကွန်းကို ပြောပါတယ်။ ဒါ ပေမဲ့ ဘယ်အချိန်လောက်မှာ ဒီအမိန့်ကို ဖျက်သိမ်းသွားဖို့ ရှိ သလဲဆိုတာကိုတော့ ပြောကြားတာမျိုး မရှိပါဘူး။

”အခုလုပ်နေတာကတော့ ထွေအုပ်နဲ့ ရဲဘက်မှာ၊ အရေး ကြီးကုန်စည်က သူတို့ရဲ့ အာဏာသက်ရောက်မှုမှာ သွားမူတည် နေတော့ ဒီဟာကို ပြန်ပြင်ဖို့အတွက် ကျွန်တော်တို့ အခုဆောင် ရွက်နေပါတယ်” လို့ ဒီဌာနက òန်ကြားရေးမှူး ဦးမိုးဇော်က ပြောတယ်။

”ပယ်ဖျက်ပြီးရင်တော့ တောင်သူဟာ ကိုယ့်တိရ္ဆာန် ကိုယ့်ကျွဲနွား တစ်မြို့နဲ့ တစ်မြို့ သယ်ဆောင်ရာမှာ ပိုကောင်းလာ မယ်။ ဒါပေမဲ့လည်း စည်းကမ်းသတ်မှတ်ချက် အသစ်တွေလည်း ရှိလာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒေါက်တာသန်းအောင်စိုးရဲ့ အဆိုအရတော့ ၂ဝ၁၂ အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုများဥပဒေက ပြဌာန်းချက်တွေအရ ဒီအမိန့်တွေ ဖျက်သိမ်းနိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လက်မှတ်ထိုးရုံနဲ့ ပြီး ပြတ်တယ်လို့ ပြောပြပါတယ်။

 

နွားရောင်းရင် စိုက်ပျိုးရေးကို ထိခိုက်နိုင်သလား

မြန်မာနိုင်ငံမှာ ခိုင်းကျွဲ၊ နွားကောင်ရေ ၁၁ ဒသမ ၅ သန်း လောက် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနက လွှတ်တော်မှာဖြေတဲ့ စာရင်းတွေကို ကိုးကားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပြပါတယ်။ ဒီအထဲမှာ နွားကောင်ရေဟာ ၉ ဒသမ ၇ သန်းကျော် ပါဝင်ပါတယ်။

ဒီနွားကောင်ရေထဲ နွားမက ၅ ဒသမ ၇ သန်းကျော်ပါဝင်ပြီး ဒီနွားမတွေမှာ ၁ ဒသမ ၇ သန်းကျော်က သားစပ်နိုင်တဲ့ အရွယ် ရောက်နွားမတွေဖြစ်တယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြပါ တယ်။ လွှတ်တော်ထဲမှာပြောထားတဲ့ ဒီစာရင်းတွေနဲ့ အပြင်မှာ တွေ့နေရတဲ့ စာရင်းတွေမှာ ကွဲလွဲမှုတွေလည်း ရှိတယ်လို့ ကိုယ် စားလှယ်တွေက ပြောပြသလို မော်ကွန်းကလည်း ကိန်းဂဏန်း အကွာအဟကို တွေ့ရှိရပါတယ်။ ကွာခြားမှုက ကောင်ရေ သန်းနဲ့ ချီတဲ့ ပမာဏဖြစ်ပါတယ်။

အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံအတွင်း တည်ရှိနေတဲ့ ကျွဲ၊ နွားကောင်ရေ ၁၁ဒသမ ၅သန်းလို့ ဆိုပေမယ့် နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မော်ကွန်းကို ထုတ်ပေးတဲ့ စာရင်းမှာတော့ ကောင်ရေ သန်း ၂ဝ ကျော်လို့ ဖော်ပြတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစာရင်းတွေကို ကိုးကားပြီး ဒီနှစ် ဇွန်လထဲမှာ ထုတ်ပြန်ထားတဲ့ မြန်မာ-တရုတ် ကျွဲနွားကုန်သွယ်မှုအစီရင်ခံစာတစ်စောင်မှာတော့ ကောင်ရေ ၁၉ သန်းဝန်းကျင်လို့ ဖော်ပြထားတယ်။

Photo-Kyaw Zayya နေပြည်တော်မှာတွေ့ရတဲ့ နွားမအုပ်တစ်အုပ်

ကိန်းဂဏန်းကွဲလွဲချက်တွေကို òန်ကြားရေးမှူး ဦးမိုးဇော် က လက်ခံပြီး တကယ့်ပြည်တွင်းမှာ ရှိနေတဲ့ ကျွဲ၊ နွားကောင်ရေ စာရင်းအတိအကျကို လာမယ့် ဒီဇင်ဘာလမှာ ထုတ်ပြန်မယ့်     တိရ္ဆာန်သန်းခေါင်စာရင်းထွက်မှ သိရမယ်လို့ မော်ကွန်းကို ပြောပါတယ်။

အစိုးရစာရင်းတွေအရ မြန်မာနိုင်ငံမှာ ကျွဲ၊ နွားကောင်ရေ အများဆုံးရှိနေတာက ရှမ်းပြည်နယ်ဖြစ်ပြီးဒုတိယအများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ကာ ကယားပြည်နယ်ကတော့ အနည်းဆုံးကောင်ရေရှိတဲ့ ဒေသပါ။

လက်ရှိ တစ်နိုင်ငံလုံးရဲ့ စိုက်ဧကအတွက် ကျွဲ၊ နွားကောင် ရေ ၁ ဒသမ ၃ သန်းလောက် ရှိရင် လုံလောက်တယ်လို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖော်ပြပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးစိုက်ဧကရဲ့ ၉ဝ ရာခိုင်နှုန်းကို ကျွဲ၊ နွားလုပ် အားနဲ့ပဲ လည်ပတ်နေရတာပါ။ ဒါပေမဲ့ ကောင်ရေ ၁၁ ဒသမ ၅ သန်းဝန်းကျင်ရှိနေတဲ့အတွက် ကျွဲ၊ နွားပြည်ပတင်ပို့မှုကြောင့် လယ်ယာလုပ်ငန်းခွင်တွေကို ထိခိုက်စရာမရှိဘူးလို့ ဒီဝန်ကြီး ဌာနက ဖော်ပြပါတယ်။

”တရားဝင်လုပ်ပေးလိုက်ခြင်းအားဖြင့် အကျိုးအမြတ်မှာ ပြန်ကြည့်တော့ တောင်သူတွေ ဈေးကောင်းရလာတယ် ဆိုတဲ့ အချက်ကလေး ရှိနေတယ်။ ပိုရမယ်၊ ဈေးကွက်ကလည်း ရှိလာ မယ်ဆိုရင် တောင်သူတွေဟာ နွားမွေးဖို့ကို ပြန်လည်စိတ်ဝင်စား လာလိမ့်မယ်”လို့ သူက ပြောတယ်။

”မှောင်ခိုလမ်းကြောင်းတွေကို မပိတ်နိုင်ဘဲနဲ့ နွား တရား ဝင် တင်ပို့ခွင့်ကိုပဲ ပိတ်လိုက်မယ်ဆိုရင် ဘာဖြစ်နိုင်သလဲဆိုတော့ နွားတွေကတော့ လျော့နေမှာပဲ။ တောင်သူလယ်သမားကျတော့ လည်း ဈေးက မရဘူး” လို့ ဒေါက်တာသန်းအောင်စိုးက ပြောတယ်။

 

မတားနိုင်သေးတဲ့ မှောင်ခိုလမ်းကြောင်း

မြန်မာနိုင်ငံက ကျွဲ၊ နွားအရှင်တွေကို နယ်စပ်ကုန်သွယ်ရေး ဇုန်တွေအနီးက  ဖြတ်ကျော်ပြီး တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို မှောင်ခိုရောင်းချမှုခံနေရတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေမှာ ဖော်ပြတယ်။

မူဆယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးဇုန်တွေအနီးရှိ တရားမဝင်လမ်းကြောင်း ၁၆ ခုလောက်ကနေ  တရုတ်နိုင်ငံဘက်ကို ကျွဲ၊ နွားမှောင်ခိုတွေထွက်နေကြပြီး မြဝတီ နဲ့ တာချီလိတ်ကုန်သွယ်ရေးဇုန်တွေအနီးက တရားမဝင် ထွက် ပေါက် ကိုးခုလောက်ကနေ ထိုင်းနိုင်ငံဘက်ကို  ထွက်နေတာ လည်း ရှိတယ်လို့ ဒီဌာနက ဖော်ပြတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရေလမ်းရော၊ ကုန်းလမ်းကပါ မှောင်ခိုကုန်သွယ်နေ တာလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စာရင်းတွေအရ တရား ဝင်လမ်းကြောင်းကနေ ဒီသြဂုတ်အထိ ကုမ္ပဏီတွေကတစ်ဆင့် ပြည်ပကို ရောင်းချထားတာဟာ ကျွဲ၊ နွားကောင်ရေ  ၁၃ဝ,ဝဝဝ နီးပါး ရှိခဲ့ပြီးဖြစ်သလို ဆက်လက်တင်ပို့ဖို့အတွက် ကောင်ရေ ၁၄ဝ,ဝဝဝ ခန့်ကို ကျန်းမာရေး စစ်ဆေးပြီးဖြစ်ကြောင်း ဖော်ပြ တယ်။ အများစုက တရုတ်နိုင်ငံကို တင်ပို့ခဲ့တာပါ။

ထိုင်းနိုင်ငံကို ဒီနှစ် ဇူလိုင်အထိ ကျွဲကောင်ရေ ၂ဝဝ တင်ပို့ထားတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ စာရင်း မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ မော်ကွန်းက ရရှိထားတဲ့ ထိုင်းနိုင်ငံ အကောက်ခွန်ဌာနစာရင်းတွေအရ ဒီ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် တစ် နှစ်လုံး ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းကနေ ရောက် လာတဲ့ မြန်မာနိုင်ငံက ကျွဲ၊ နွားကောင်ရေဟာ တစ်သိန်းခန့် (၉၆,၃၂၉) ရှိနေပါတယ်။

တရားဝင်တင်ပို့ခွင့်ပေးထားပေမယ့် မှောင်ခိုတွေက များ နေသေးတာဟာ အောက်ခြေမှာ ကျွဲ၊ နွားသယ်ဆောင်မှုဆိုင်ရာ အကန့်အသတ်တွေ ခံထားနေရဆဲ ဖြစ်တာ၊ တရားဝင်လမ်း ကြောင်းကနေ တင်ပို့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ကျော်ဖြတ် လိုင်စင်လျှောက်နေရတာတွေကြောင့် မြန်ဆန်လွယ်ကူတဲ့ မှောင်ခိုလမ်းကြောင်းကို ကုန်သည်တွေဟာ ဆက်လက်အသုံးပြုနေပုံရတယ်လို့ ဒေါက်တာသန်းအောင်စိုးက သုံးသပ်ပါတယ်။

တရားဝင်လမ်းကြောင်းကနေ ကျွဲ၊ နွားတင်ပို့ဖို့အတွက် သက်ဆိုင်ရာ အထောက်အထားတွေ ပြည့်စုံအောင် စစ်ဆေး၊ အတည်ပြုတဲ့ လုပ်ငန်းတွေကို ကုမ္ပဏီတစ်ခုအနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ဖို့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ အရ အချိန်တစ်လခန့် လိုအပ်ပါတယ်။

”ကုမ္ပဏီကို ဌာနကနေ ဝယ်ယူစုဆောင်းခွင့်လက်မှတ် ထုတ်ပေးလိုက်ချိန်ကစပြီး တရုတ်နယ်စပ် မူဆယ် ဈေးကွက် အထိ ရောက်သွားဖို့အတွက် လုပ်ရတဲ့လုပ်ငန်းစဉ် အဆင့်ဆင့် အတွက် အချိန် တစ်လလောက်ကြာပါတယ်” လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန òန်ကြားရေးမှူး ဦးမိုးဇော်က ရှင်းပြတယ်။

မှောင်ခိုလမ်းကြောင်းတွေက ကျွဲ၊ နွားတွေ ထွက်ခွာနေတာ ကို လက်ခံပြီး သူတို့ဌာနအင်အားနဲ့ ဒီပြဿနာကို မတားနိုင်ဘူး လို့ ဦးမိုးဇော်က ပြောပါတယ်။

ဒါ့အပြင် မှောင်ခိုလမ်းကြောင်းတွေဟာ နယ်မြေမတည် ငြိမ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာ ဒေသတွေကနေ ထွက်ခွာနေတာ ဖြစ်တဲ့အတွက် တားဆီးနိုင်ဖို့ အခက်အခဲ ရှိ တယ်လို့ သူက ဆိုပါတယ်။

”တိရ္ဆာန်နဲ့ တိရ္ဆာန်ထွက် ပစ္စည်း တရားမဝင်ကုန်သွယ်မှု တားဆီးရေးဆိုတဲ့အဖွဲ့တွေကို မြို့နယ်တွေအလိုက် ဖွဲ့ထားတယ်။ ခရိုင်အလိုက်၊ တိုင်းအလိုက်တွေလည်း ဖွဲ့ထားပါတယ်။ ဒီအဖွဲ့တွေ မှာ ကျွန်တော်တို့ ဝန်ထမ်းတွေက အတွင်းရေးမှူးတွေပါ။ ဥက္ကဋ္ဌ ကတော့ ထွေအုပ်တွေပါ”လို့ မှောင်ခိုလမ်းကြောင်းတားဆီးရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေကို သူက ရှင်းပြတယ်။

အစိုးရထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ပြည်ပ တင် ပို့ခွင့်မပေးခင်ကတည်းက ကျွဲ၊ နွားကောင်ရေ သိန်းနဲ့ချီကာ နှစ်စဉ် မှောင်ခိုလမ်းကြောင်းကနေ ထွက်နေတယ်ဆိုတဲ့ စာရင်း ဇယားတချို့ကိုလည်း မော်ကွန်းက တွေ့ ခဲ့ရပါတယ်။

လက်ရှိ ကျွဲ၊ နွားကောင်ရေကနေ နှစ်စဉ်တိုးပွားနှုန်းက ၁ ဒသမ ၁ သန်းလောက်ရှိတဲ့အတွက် ပြည်တွင်းစားသုံးမှုအတွက် ကောင်ရေ လေးသိန်းလောက်ကို နုတ်ပြီး ပြည်ပကို ကျန်တဲ့ ကောင်ရေကို တင်ပို့နိုင်တဲ့အတွက် တရားဝင်ခွင့်ပြုလိုက်တာလို့ ပြီးခဲ့တဲ့ လွှတ်တော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၂ဝဝ၃ တုန်းကထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ တိရ္ဆာန် မျိုးစိတ်ရင်းမြစ်ဆိုင်ရာအမျိုးသားအစီရင်ခံစာမှာကတည်းက နိုင်ငံအတွင်း နွားကောင်ရေဟာ ၁၁ ဒသမ ၆ သန်းလောက် ရှိနေ တယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အဲဒီအစီရင်ခံစာ မှာ ဖော်ပြထားတဲ့အတွက် ဒီပမာဏကနေ ပုံမှန်တိုးပွားနေတဲ့ နွားကောင်ရေစာရင်းအရဆိုရင် ပိုတောင်များနေရမှာပါ။ ဒါပေမဲ့ အခုနောက်ဆုံး လွှတ်တော်ကို အစိုးရပြောထားတဲ့ စာရင်းတွေ အရ နွားကောင်ရေဟာ ၉ ဒသမ ၇ သန်းကျော်အထိ လျော့ကျ သွားပါပြီ။

ကိန်းဂဏန်ဆိုင်ရာအထောက်အထားတွေအရ တိုးပွားနေ ရမယ့် ကျွဲ၊ နွားကောင်ရေစာရင်းဟာ ဘာကြောင့် မတိုးရသလဲ ဆိုတဲ့ မေးခွန်းကိုတော့ မွေးမြူရေးဆိုင်ရာဆရာဝန်လည်းဖြစ် တဲ့ ဒေါက်တာသန်းအောင်စိုးက အခုလို သုံးသပ်ပါတယ်။

”အဲဒီကာလတွေကတည်းက မှောင်ခိုတွေ အလုံးအရင်းနဲ့ ထုတ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ မဟုတ်ရင် ကောင်ရေက တိုး လာနေရမှာလေ”

Photo-Kyaw Zayya ပေါင်းတည်နွားပွဲဈေးမှာ ရောင်းချဖို့ ဈေးကွက်တင်လာတဲ့နွားများ

တရားဝင် တင်ပို့ခွင့်ပေးထားတဲ့ အခုကာလအထိ သူရ ထားတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံဘက်ကို ရောက် သွားတာဟာ တရားဝင်စာရင်းထက် တရားမဝင်လမ်းကြောင်း တွေက ဝင်နေတဲ့ စာရင်းက အဆပေါင်းများစွာ ပိုများနေတယ်လို့ သူက ပြောပြတယ်။

တရားမဝင်ကုန်ကူးမှုတွေများနေတာဟာ မြန်မာမျိုးရင်း နွားတွေ မျိုးပြုတ်သွားမယ့် ပြဿနာအထိ ရှိနိုင်တယ်လို့  ဦးမြ ကျော်ဦးက ထောက်ပြပါတယ်။

”မှောင်ခိုသမားဆိုတာက အခု အစိုးရ သတ်မှတ်သလို နွားထီးပဲ တင်ပို့မယ်ဆိုတာမျိုး ဘယ်သူမှ စောင့်စည်းမှာ မဟုတ် ဘူး။ ရရင် ရသလို နွားမလည်း ကူးမှာပဲ။ နွားမတွေကို မှောင်ခို ကူးခံရရင် ကြာရင် နွားမျိုးပါ ပြုတ်လိမ့်မယ်”လို့ ဦးမြကျော်ဦးက သတိပေးတယ်။

အခြားစိုက်ပျိုးရေး ဖွံ့ဖြိုးသလို နွားမွေးမြူရေးလည်း ဖွံ့ဖြိုးကြတဲ့ တိုင်းပြည်တွေမှာဆိုရင် သူတို့နွားမျိုး မပျောက်သွား ဖို့ နွားမတွေကို မတို့မထိရဲကြအောင် ဥပဒေ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းပြီး ကာကွယ်ကြတယ်လို့ ဦးမြကျော်ဦးက ရှင်းပြတယ်။

လက်ရှိအချိန်အထိ နွားမတွေကို ဥပဒေတစ်ခုသတ်မှတ်ပြီး ကာကွယ်ပေးတဲ့စနစ် ဒီနိုင်ငံမှာ မရှိသေးဘူးလို့ နွားမွေးမြူရေး လေ့လာသူတွေက ပြောပါတယ်။ ဒါပေမဲ့ သားသတ်လိုင်စင် စည်း ကမ်းချက်တွေမှာတော့ အသက် ၁၆ နှစ်အထက်၊ သို့မဟုတ် မျိုး မပွားနိုင်တဲ့အခြေအနေနဲ့ ကိုယ်အင်္ဂါချို့တဲ့လို့ လုပ်ငန်းခွင် အသုံး မချနိုင်တဲ့ နွားမတွေကိုပဲ သတ်ခွင့်ပေးထားတယ်လို့ သူတို့က ရှင်းပြတယ်။

”တကယ်မြေပြင်မှာတော့ ခွင့်ပြုချက်ပေးရသူနဲ့ လိုင်စင် သမား နားလည်မှုနဲ့ လုပ်နေကြတာပါပဲ။ အကောင်းပကတိနွားကို ဝယ်လာပြီး လိုင်စင်စည်းကမ်းချက်နဲ့ ညီအောင် ဒုက္ခိတဖြစ် အောင် နွားကို အရင်ညှဉ်းပန်းပြီးမှ ခွင့်ပြုချက်ယူသွားကြတာ တွေလည်းရှိတယ်”လို့ တစ်ချိန်တုန်းက အစိုးရဝန်ထမ်းအဖြစ် သားသတ်သမားတွေအတွက် ကျွဲ၊ နွား ကျန်းမာရေး စစ်ဆေးပေး ခဲ့ဖူးတဲ့ အတွေ့အကြုံကို အခြေခံလို့ ဒေါက်တာသန်းအောင်စိုးက ပြောပြတယ်။

ပေါင်းတည်ဒေသဘက်မှာတော့ နွားဟာ တဖြည်းဖြည်း ရှားလာတဲ့ ကုန်ပစ္စည်းဖြစ်လာပြီလို့ တောင်သူတွေနဲ့ နွားဝယ် ရောင်းသမားတွေက ဆိုကြပါတယ်။ နွားထီးတွေဟာ ပြည်ပဈေး ကွက်ပို့ကုန်ဖြစ်လာတဲ့နောက် ပြည်တွင်းသားသတ်သမားတွေ ဆိုရင် နွားမတွေဘက်ကို ခြေဦးလှည့်နေတာကြာခဲ့ပြီလို့ ပေါင်း တည်နွားပွဲဈေးမှာ တွေ့ ခဲ့တဲ့ နွားဝယ်ရောင်းသမားတွေက ရှင်း ပြတယ်။

”အခုဆိုရင် အရှင်ဈေးကွက်က နွားထီးတွေကို ဈေး ကောင်းပေးဝယ်တော့ ပြည်တွင်းအသားဈေးကွက်အတွက် သား သတ်သမားတွေက  နွားမတွေဘက်ကိုလှည့်လာကြပြီ။ အခု သားသတ်က နွားမကို တစ်ပိဿာ ရှစ်ထောင်ဈေးလောက်နဲ့ ရွာ အထိ ဆင်းဝယ်နေကြတာမျိုး ဖြစ်နေပြီ” လို့ ဒီဒေသအတွင်း လှည့်လည်သွားလာနေတဲ့ နွားဝယ်ရောင်းသမား ဦးပြုံးချိုက ပေါင်းတည် နွားပွဲဈေးမှာတွေ့တော့ ပြောပြတယ်။

ဦးမြကျော်ဦးကတော့ က္ဘာ့ဒုတိယအများဆုံးအမဲသား တင်ပို့နေတဲ့ အိန္ဒိယလိုနိုင်ငံမှာဆိုရင် နွားမျိုး ထိန်းသိမ်းကာကွယ် ဖို့ သူတို့ရဲ့ မျိုးရင်းနွားမတွေကို ဥပဒေပြဋ္ဌာန်းအပြည့်အဝကာကွယ် ပေးကြတယ်လို့ ပြောပြတယ်။ ဒါကြောင့် စဉ်ဆက်မပြတ် နွားမွေး မြူရေးကနေ ဝင်ငွေရှာဖွေနိုင်ဖို့ နွားမတွေကို ပြည်တွင်းမှာ စနစ် ကျတဲ့ အကာအကွယ်တွေ ဖော်ဆောင် ထိန်းသိမ်းသင့်တယ်လို့ သူက ဆိုပါတယ်။

 

ဈေးကွက်သာ  ဖော်ပါ၊ တောင်သူ နွား မွေးမှာ

လက်ရှိ မြန်မာနိုင်ငံက ကျွဲ၊ နွားတင်ပို့ရောင်းချခွင့်ပေး လိုက်ပေမယ့် တစ်ဖက်ဈေးကွက်ရှိတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေက တော့ တရားဝင် တင်သွင်းခွင့်ပေးထားတာ မဟုတ်သေးပါဘူး။ ဒီက သယ်သွားတဲ့ ကျွဲ၊ နွားကို နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ဝယ်သူကို စောင့်ပြီး ရောင်းချနေရတဲ့ အခြေအနေလို့ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ နွားမွေးမြူရေးလေ့လာသူတွေက ပြောပြတယ်။

ဒါကြောင့် ရသင့်ရထိုက်တဲ့ ကျွဲ၊ နွားပေါက်ဈေးထက် ဈေး နှိမ်ဝယ်ယူကြတာတွေကို နိုင်ငံသားကုန်သည်တွေက ခံကြရ တယ်လို့ သူတို့က ဆိုပါတယ်။ ဒီအတွက် အစိုးရအနေနဲ့ ကျွဲ၊ နွား ကုန်သွယ်မှုပြုနေတဲ့ နိုင်ငံတွေနဲ့ အစိုးရချင်း စီးပွားရေး သဘော တူညီချက်တွေဖော်ဆောင်ပြီး နိုင်ငံတကာပေါက်ဈေးနှုန်းတွေ အတိုင်း ကိုယ့်ရဲ့ ရောင်းကုန်တွေ ရရှိလာအောင် ဖော်ဆောင်သင့် တယ်လို့ သူတို့က ဆိုပါတယ်။

”အခုဖြစ်နေတာက ဒီကနေတော့ တရားဝင်ထွက်တယ်။ ဟိုဘက် ဝယ်တဲ့ဆီကျတော့ မှောင်ခိုသွင်းနေရသေးတုံး။ ဝယ်တဲ့ နိုင်ငံတွေရဲ့ အစိုးရတွေက တရားဝင် ဝယ်နေတာ မဟုတ်ဘူး။ ဒီတော့ အစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပေးမှု အပိုင်း ကို လုပ်ကိုလုပ်ပေးမှ ရမယ်”လို့ ဒေါက်တာသန်းအောင်စိုးက ပြောတယ်။

”အစိုးရက ဦးဆောင်လုပ်ပေးမှ ကိုယ့်ပြည်တွင်းက နွား တွေဟာ ဈေးနှိမ်မခံရမှာ” လို့လည်း ဆိုပါတယ်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက òန်ကြားရေးမှူး ဦးမိုးဇော်ကတော့ တရုတ်နိုင်ငံနဲ့ တရားဝင်တင်ပို့ရောင်းချနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင် ရွက်နေတာရှိသလို သူတို့ဌာနအနေနဲ့လည်း တရုတ်၊ ယူနန်နယ် က တိရ္ဆာန်စစ်ဆေးရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတာ ရှိ တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အားလုံးဟာ စတင်ဆဲ အခြေအနေသာဖြစ်ပြီး ဘယ်တော့လောက် ဖြစ်လာမလဲဆိုတာကို အခု မပြောနိုင်သေး ဘူးလို့ မော်ကွန်းကို ပြောတယ်။

ပြည်ပကိုတင်ပို့ခွင့်အတွက် သတ်မှတ်ထားတာကတော့ တစ်ကြိမ်သယ်ရင် အများဆုံး အကောင် ၁ဝဝ သတ်မှတ်ထားပြီး အသက် ငါးနှစ်အထက် ကျွဲ၊ နွားအထီးတွေကိုသာ တင်ပို့ခွင့်ရှိ ပါတယ်။ ပြီးတော့ တင်ပို့မယ့် ကုမ္ပဏီတွေဟာ ခရိုင်တစ်ခုအတွင်း ယာယီစုဆောင်းခွင့်ပြုပေးထားတဲ့ နေရာမှာသာ ကျွဲ၊ နွားကို စုဆောင်းဝယ်ယူခွင့်ရှိပြီး သင်းကွပ်ပြီးမှ တင်ပို့ခွင့်ပေးပါတယ်။

လက်တလော ကျွဲ၊ နွားတင်ပို့ခွင့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုင်စင်ထုတ်ပေးထားတဲ့ ကုမ္ပဏီပေါင်း ၁,ဝဝဝ ကျော်အထိရှိနေပြီး ပုံမှန်အားဖြင့် နေ့စဉ် ကောင်ရေ ၅ဝဝ ကနေ ၁,ဝဝဝ ကြား တရားဝင်လမ်းကြောင်းကနေ သွားနေတယ်လို့ သြဂုတ်နှောင်းပိုင်းက တွေ့တော့ ဦးမိုးဇော်က မော်ကွန်းကို ပြော ပါတယ်။

အစိုးရအနေနဲ့ မူဝါဒတွေရေးဆွဲတဲ့အခါ ခြံအကျယ်ကြီး တွေခတ်၊ စားကျက်မြေအကျယ်ကြီးတွေ တောင်းပြီး မွေးချင်ကြ တဲ့ လုပ်ငန်းရှင်တွေကို စဉ်းစားတာထက် ကျွဲ၊ နွားအများဆုံး ပိုင် ဆိုင်ထားတဲ့ နိုင်ငံအနှံ့က တောင်သူတွေရဲ့ စီးပွားရေး တိုးတက်ဖို့ အတွက် ရည်ရွယ်တဲ့ မူဝါဒမျိုးတွေ ဖြစ်သင့်တယ်လို့ ဦးမြကျော် ဦးက ပြောတယ်။

”နွားဘယ်လိုမွေးရမယ်ဆိုတာ သိတဲ့လူတွေ အများကြီးရှိ နေတဲ့ တိုင်းပြည်မှာ နွားမွေးဖို့ခက်နေတာ။ နွားမွေးဖို့ စိတ်ဝင်စား မှု နည်းနေတာ ဘာကြောင့်လဲဆိုတာကို အဖြေရှာပြီး ဖြေရှင်း ပေးရတော့မယ်”လို့ သူက ဆိုပါတယ်။

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

website: www.mawkun.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."