ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၂
ပြည်တွင်းစားသုံးနေတဲ့ ကြက်သွန်နီဈေးနှုန်း အမြင့်ပိုင်းမှာဆက်လက်ရှိနေတယ်လို့ ကြက်သွန်နီ လက်လီ၊ လက်ကား ရောင်းဝယ်နေသူတွေဆီကပြောပါတယ်။
ကြက်သွန်နီ အဓိကထွက်နေတဲ့ ဆိပ်ဖြူ၊ မုံရွာထွက် ကြက်သွန်နီဈေးဟာ လက်ရှိမှာ တစ်ပိဿာကို ၃,၁၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကြက်သွန်နီဈေးနှုန်းဟာ ပြည်ပဝယ်လိုအားမြင့်တက်မှုနဲ့ ပြည်တွင်းစားသုံးမှုမြင့်တက်တဲ့ ကာလတွေမှာ ဈေးမြင့်တက်လေ့ရှိပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ဈေးနှုန်းမြင့်တက်ဖွယ်ရှိတယ်လို့ ကြက်သွန်နီ လက်ကားကုန်သည်တွေက ပြောပါတယ်။
ကြက်သွန်နီဈေးဟာ ဩဂုတ်လအတွင်းက တစ်ပိဿာကို ၂,၉၀၀ ကျပ်ဝန်းကျင်ကနေ ၃,၇၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့ပြီးနောက် ယခုလ လဆန်းပိုင်းမှာ တစ်ပိဿာကို ၂,၉၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းသွားရာက ယခုရက်ပိုင်းမှာ ဈေးပြန်လည်မြင့်တက်ခဲ့တာလို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ကြက်သွန်နီ လက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
“အရှေ့လမှာတုန်းက တရုတ်တို့ အိန္ဒိယဘက်က အဝယ်လိုက်ပြီး ဈေးအမြင့်ဆုံးရောက်ပြီး ပြန်ကျလာတာ။ အခုကတော့ သီတင်းကျွတ်ကာလနီးလာလို့ ပြန်တက်လာတယ်။ နှစ်တိုင်းပေါ့ သီတင်းကျွတ်ပွဲတော်ကာလနီးရင် ကြက်သွန်နီဈေးက တက်လေ့ရှိတယ်။ မနှစ်ကဆို တစ်ပိဿာကို (ကျပ်) ၄,၀၀၀၊ ၃,၈၀၀ လောက်ထိ တက်သွားသေးတယ်။ အလှူတွေများပြီး အဝယ်လိုက်လာတဲ့အခါ ဈေးလည်း လိုက်တက်လာတာပေါ့” လို့ ၎င်းက ပြောပါတယ်။
ယခုသီတင်းပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆိပ်ဖြူနဲ့ မုံရွာဒေသထွက် ကြက်သွန်နီကား အစီး ၂၀ ဝင်ရောက်ထားပြီး ကြက်သွန်နီပိဿာပေါင်း တစ်သိန်းနှစ်သောင်းကျော် ဝင်ရောက်ထားတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ကုန်အဝင်အထွက်စာရင်းတွေအရ သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းကထွက်ရှိတဲ့ ကြက်သွန်နီကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေကို တင်ပို့နေပြီး ပြည်ပက ဝယ်ယူမှုနဲ့ ပြည်တွင်းစားသုံးမှုပမာဏ အတက်အကျပေါ်မူတည်ကာ ဈေးအတက်အကျ ဖြစ်နေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဒီတစ်ပတ်အတွင်း မူဆယ်ဘက်မှာအဝင်ဆုံးကုန်က ကြက်သွန်နီလို့တောင်ပြောလို့ရအောင် ပြည်ပအမှာတွေ တော်တော်တက်လာတယ်။ အဲ့ဒါကြောင့် ဝယ်လိုအားများတော့ ဈေးကတက်သွားတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်အတွင်း ကြက်သွန်နီအပြင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စတဲ့ ပဲအမျိုးမျိုးရဲ့ ဈေးနှုန်းတွေ မြင့်တက်နေကာ ကြက်သွန်ဖြူဈေးကတော့ အနည်းငယ်ကျဆင်းနေတယ်လို့ သိရပါတယ်။
ပုံစာ – ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီသိုလှောင်ရုံ
ဓာတ်ပုံ – Kyaw latt
#Dailynews

