ကျွန်းလှ – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကြာတကန်ရွာကို အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ နေ့လယ် ၁၂း၀၀ နာရီကျော်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျွန်းလှမြို့ပေါ်က ခြေမြန်တပ်ရင်း ၃၆၈ က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျွန်းလှမြို့အရှေ့ဘက် နှစ်မိုင်အကွာက ကြာတကန်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်မီးရှို့ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
“ပထမတစ်ခါက တောထဲ စစ်ရှောင်တဲရှို့ခံရတာ၊ စစ်ရှောင်တွေကတော့လှည့်ပတ်ရှောင်နေရတာပါ၊ ခုထိထွက်ပြေးရတုန်းပါဗျ၊ ဝင်လို့မရသေးပါဘူး၊စစ်ကြောင်းကလည်း အဝေးကြီးမသွားဘူး၊အဲဒီနားတင် ပတ်သွားနေတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းရှိနေသေးတာကြောင့် ရွာသားတွေထွက်ပြေးနေရပြီး မီးလောင်ပျက်စီးတဲ့နေအိမ်အရေအတွက်ကိုအတည်မပြုနိုင်သေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ဇန်နဝါရီ ၆ရက်နဲ့၇ရက်တုန်းကလည်း ကြာတကန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာနားက စစ်ရှောင်တဲတွေကိုမီးရှို့ဖျက်ဆီးကာစပါးတင်းတစ်ထောင်ကျော်ကိုလည်းသယ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ပထမအကြိမ်စစ်ကြောင်းထိုးခံရချိန်မှာ ကြာတကန်ရွာက ဒေသခံရွာသားနှစ်ဦးလည်းပစ်သတ်ခံခဲ့ရပြီး ကြာတကန်ရွာအနီးက ထန်းပင်ကုန်းရွာကို
လည်းထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၅၉လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်ထိ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးစစ်ကိုင်းတိုင်းမှာ ၃၆,၆၆၇ လုံးပျက်စီးခဲ့ရတယ်လို့ Data for Myanmar က ဇန်နဝါရီ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။
#Dailynews

