ကျွန်းလှ – ၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးတစ်ဒါဇင်ကြဲချခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေက မနေ့ကည ၁၂ နာရီခွဲဝန်းကျင်နဲ့ ဒီနေ့မနက်အစောပိုင်းတွေမှာ ကျွန်းလှမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ တပုတော၊ လိပ်စင်းတောင်၊ သရက်ပင်၊ အေးချမ်းသာ၊ အင်လှ စတဲ့ရွာတွေနဲ့ ရွာတွေအနီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
တပုတောရွာကိုတော့ ည ၁၂ နာရီခွဲဝန်းကျင်ကတစ်ကြိမ်၊ မနက်ကိုးနာရီဝန်းကျင်က တစ်ကြိမ်၊ စုစုပေါင်း ဗုံးလေးလုံးကြဲချခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ပျက်စီးမှု အသေးစိတ်တော့ မသိရသေးပါဘူးဗျ။ ကုန်ကားတစ်စီးနဲ့ အပြစ်မဲ့ပြည်သူနေအိမ်တချို့တော့ ထိခိုက်မှုရှိတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ ထွက်ပြေးရတဲ့ ဒေသခံ ခန့်မှန်းရှစ်ထောင်လောက်ရှိပါမယ်။ ဘာကြောင့်ပစ်တယ်ဆိုတဲ့အကြောင်းအရင်း အတိအကျမသိရပါဘူး” လို့ သူကပြောပါတယ်။
တပုတောရွာကို လေကြောင်းကဗုံးကြဲပြီးနောက် မနက် ကိုးနာရီဝန်းကျင်မှာပဲ တပုတောရွာအနီးက လိပ်စင်းတောင်နဲ့ အေးချမ်းသာရွာကြားကို ဗုံးသုံးလုံး၊ အေးချမ်းသာရွာနဲ့ အင်လှရွာကြားကို ဗုံးသုံးလုံးကြဲချပြီး ထပ်မံတိုက်ခိုက်ခဲ့ပါတယ်လို့ ဆိုပါတယ်။
“ရွာတွေပေါ်မှာ နိမ့်နိမ့်လေးပျံသွားတာ၊ ကြောက်စရာကောင်းတယ်။ ပထမအကြိမ်တော့ အထိအခိုက်မရှိဘူး။ ဒုတိယအကြိမ်တော့ ခြောက်ဘီးကားတစ်စီးပျက်ဆီးတယ်လို့ပြောတယ်။ အနီးနားရွာကလူတွေလဲ မနေရဲကြလို့ အကုန်ရှောင်ပြေးကုန်ကြပြီ” လို့ ဒေသခံတစ်ဦးရဲ့ပြောဆိုချက်ကို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီမနက်ကထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အလားတူ မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း အေးချမ်းသာရွာနဲ့ သရက်ပင်ရွာကြားကို လေကြောင်းကနေ ဗုံးနှစ်လုံးထပ်မံကြဲချခဲ့ပြီး ၁၂ နာရီဝန်းကျင်မှာတော့ MI-35 တိုက်ခိုက်ရေးရဟက်ယာဉ်နဲ့ အင်လှရွာနဲ့ အေးချမ်းသာရွာအနီးကို ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီကျေးရွာငါးရွာက ဒေသခံရှစ်ထောင်ကျော်ဟာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း တစ်လအတွင်း ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက အလယ်ခုံ၊ လိပ်စင်းတောင်၊ ချပ်သင်း၊ သရက်ခေါင်း စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေလေကြောင်းကတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ကားများ
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

