ကျောက်မဲ-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တအောင်းတပ် TNLA တို့ ဒီနေ့လည်း ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်ကနေရာတချို့မှာ TNLA တပ်တွေ စိုးမိုးထားနိုင်ပြီလို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတချို့က မော်ကွန်းကိုပြောပါတယ်။
ကျောက်မဲမြို့ပေါ်မှာ မနေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့လည်း မနက် ၉ နာရီဝန်းကျင်ကစလို့ တိုက်ပွဲဖြစ်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“TNLA ကတော်တော်လေးလွှမ်းမိုးထားတယ်။ အခုကရန်ကင်း(၂)ရပ်ကွက်နဲ့ စစ်တပ်နဲ့နီးစပ်ရာ ရဲစခန်းနဲ့နီးစပ်ရာ အဲဒီနားလေးတိုက်ပွဲတွေဖြစ်နေတာ။ အခုကငြိမ်နေပြီဗျ။ သေနတ်သံတွေတော့ မကြားရဘူး။ လက်နက်ကြီးသံ တစ်ချက်တစ်ချက်တော့ ကြားနေရတယ်။ (ကျောက်မဲမြို့မရဲစခန်းကို) သိမ်းလိုက်ပြီလို့ကြားတယ်။ ဒါကြောင့်မို့တိုက်ပွဲငြိမ်သွားတာလား မသိဘူး” လို့ သူကပြောပါတယ်။
TNLA တပ်ဖွဲ့တွေဟာ ကျောက်မဲမြို့အခြေစိုက် အမှတ် ၃၅၂ အမြောက်တပ်ရင်းနဲ့ မြို့မရဲစခန်းကို သိမ်းပိုက်လိုက်ပြီလို့ မြို့ခံတချို့က ပြောပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် မြို့တွင်းမှာ အရပ်သားထိခိုက်သေဆုံးမှုလည်း တိုးလာနေတယ်လို့ ကျောက်မဲမြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
“မနက်၁၀နာရီဝန်းကျင်က သွားသယ်တာ။ (မြို့ထဲမှာ)မိုင်းထိတာ၊ သုံးယောက်ပေါ့နော်။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ တစ်ယောက်ကတော့ ခြေထောက်ပဲထိတာ။ နှစ်ယောက်ကတော့ လည်ပင်းမျက်နှာကိုထိတာ၊ နောက်တစ်ယောက်က ကလေးထိတာ။ ကလေးက အကြောတွေဘာတွေပြတ်သွားတဲ့ပုံစံပေါ့နော်။ အဲဒါကသုံးယောက်။ ပြီးခဲ့တဲ့ နှစ်နာရီလောက်က (၁၂နာရီဝန်းကျင်) တော့ အိမ်ပေါ်မှာ (လက်နက်ကြီး)တစ်လုံးကျတယ်။ အဲဒါတော့ မိသားစုငါးယောက်။ လေးယောက်ကသေတယ်။ တစ်ယောက်ပဲလွတ်တာ” လို့ သူကပြောပါတယ်။
အဲဒီအပြင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်လို့ အကူအညီတောင်းထားတဲ့ နေရာသုံးနေရာရှိပေမယ့် တိုက်ပွဲကြောင့် သွားမကူညီနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
မနေ့က မြို့ပေါ်မှာ တိုက်ပွဲစဖြစ်တုန်းကလည်း အမျိုးသားတစ်ဦးလက်နက်ကြီးထိမှန်သေဆုံးသလို အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းကျည်ဆန်ထိမှန်သေဆုံးခဲ့တာကြောင့် ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲအတွင်း သေဆုံးသူ ခြောက်ဦးအထိရှိလာနေပါပြီ။
ဒါပေမယ့် တိုက်ပွဲဖြစ်နေလို့ သွားမကယ်ဆယ်နိုင်သေးတဲ့နေရာတွေရှိသေးတာကြောင့် ထိခိုက်သေဆုံးသူဦးရေဟာ ဆက်တိုးလာနိုင်သေးတယ်လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ပေါ်နဲ့ မြို့ရဲ့အနီးပတ်ဝန်းကျင်မှာ မနေ့ကမနက်ကစလို့ တိုက်ပွဲဖြစ်နေတာကြောင့် မြို့ခံတွေဟာ ထွက်ပြေးတိမ်းရှောင်စရာမရှိလို့ နေအိမ်တွေမှာဘဲ တံခါးပိတ်နေကြတယ်လို့မြို့ခံတစ်ဦးက ပြောပါတယ်။
TNLA တပ်မဟာ (၂) ထိန်းချုပ်ရာဒေသတွေဖြစ်တဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA အဖွဲ့တွေဟာ မနေ့ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အဲဒီက ဒေသခံအများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီဒေသတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်ဆောင်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဟိုင်ဂင်သဘောတူညီချက်ကို ဖောက်ဖျက်ပြီး TNLA ထိန်းချုပ်ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာလို့ လူထုအနေနဲ့ ထိခိုက်နစ်နာမှုတွေရှိလာရင် အကောင်းဆုံးခုခံကာကွယ်သွားမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က Ta’ang TV နဲ့အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
ပုံစာ-တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျောက်မဲမြို့တွင်းမှာ ဆိုင်တွေပိတ်ပြီး ခြောက်ကပ်နေပုံ။
ဓာတ်ပုံ-MDY Image

