ကျောက်မဲ – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ အထပ်ရပ်ကွက်၊ တပ်ကုန်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို မနေ့ည ၈း၀၀ နာရီအချိန်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။
မိုင်းလုံမြို့အထပ်ရပ်ကွက်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို TNLA တပ်တွေက မနေ့မနက် ၅:၀၀ အချိန်ကစတင်ပြီးဝင်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
” မနေ့မနက် ၅း၀၀ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေကော သေနတ်သံတွေကောကြားရတာ၊မကြာဘူး လေယာဥ်နဲ့ဗုံးနှစ်လုံးလာကြဲတယ်၊ တပ်ကုန်းဘေးကိုကြဲတော့ အဲဒီနားကအိမ်ထိတယ်၊အမျိုးသမီးတစ်ဦးဆိုရင် အူတွေပါထွက်ကျပြီးသေတာ၊ အိမ်တွေလည်းမီးလောင်တယ် “လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
မိုင်းလုံတပ်စခန်းကို TNLA တပ်က မနက် ၅း၀၀ နာရီက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ည ၈း၀၀ နာရီအချိန်မှာ စစ်တပ်ဘက်က တပ်ပျက်ပြီးထွက်ပြေးတာကြောင့် စခန်းသိမ်းပိုက်နိုင်ခဲ့တာလို့ TNLA ဘက်ကထုတ်ပြန်ထားပါတယ်။
” ဘယ်ကမှစစ်ကူမလာဘူး၊ တနေကုန် ဘယ်ဘက်ကမှမလာဘူး၊ လေယာဥ်ပဲနှစ်ခါလာတယ်၊ ၁၈မိုင်တံတားလည်းကျိုးသွားပြီ၊ ခုတော့ မြို့ကို TNLA ကထိန်းချုပ်လိုက်ပြီ”လို့ လက်ရှိနေထိုင်နေသူ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က လေယာဥ်နဲ့ထပ်မံဗုံးလာကြဲမှာ စိုးရိမ်တာကြောင့်အထိုင်တပ်စခန်းဘေးနေအိမ်ကလူတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦးထိမှန်သေဆုံးခဲ့ပြီး နေအ်ိမ် သုံးလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
မိုင်းလုံအထိုင်တပ်စခန်းကနေ ၈၀မမ ၊၆၀မမ လက်နက်ကြီး၊ လက်နက် ၁၃လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျရှုံးသွားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ မိုင်းလုံအထိုင်စစ်စခန်း
ဓါတ်ပုံ – TNLA

