ကျောက်မဲက စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ အစုအပြုံလိုက်သေဆုံး

ကျောက်မဲက စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ အစုအပြုံလိုက်သေဆုံး

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၀ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုထဲက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဒီမနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူတွေအစုအပြုံလိုက်သေပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ရှမ်းတော်လှန်ရေးတပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က သတင်းထုတ်ပြန်ပါတယ်။

အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိပြီး သေသူတိုးလာနိုင်တယ်လို့ SSPP က သတိပေးပါတယ်။

စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာပါ။

မန္တလေး-လားရှိုးအဓိကကားလမ်းမကြီးပေါ်မှာရှိတဲ့ နောင်ချိုမြို့ကို TNLA ထံကနေ ပြီးခဲ့တဲ့ ဇွန်လက ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီလမ်းမကြီးပေါ်က အဓိကမြို့တစ်ခုဖြစ်တဲ့ ကျောက်မဲကို ဆက်ပြီး စစ်ကြောင်းထိုးလာတာပါ။

လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်စစ်ကြောင်းတွေလည်း ပို့လွှတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီနဲ့ တိုက်နေတဲ့ TNLA တပ်အပြင် SSPP တပ်တွေလည်း အခြေစိုက်လှုပ်ရှားပါတယ်။

တိုက်နယ်အဆင့်ရှိတဲ့ နောင်ပိန်ကျေးရွာအုပ်စုက နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြား၊ နာမည်ကျော် ဂုတ်ထိပ်လျှိုကမ်းပါးရဲ့ တစ်ဖက်မှာတည်ရှိပြီး စစ်ဘေးရှောင်တွေ အများအပြားခိုလှုံနေတဲ့ ရွာဖြစ်ပါတယ်။

ဂုတ်ထိပ်လျှိုထဲက ချောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့တုန်းက လှေတွေနဲ့ဖြတ်ကူးပြီး နောင်ပိန်ရွာအစပ်ကို သူတို့ထိုးစစ်ရောက်ရှိလာပြီး တိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

အခုတော့ နောင်ပိန်ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရပြီး ပရဟိတအသင်းတွေက ဘေးလွတ်ရာကို ပို့ဆောင်ပေးနေတယ်လို့ အဲဒီကဒေသခံတချို့က ပြောပါတယ်။

နောင်ပိန်ရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံတွေက စစ်အခြေစိုက်စခန်းတွေမရှိတဲ့ ကျောက်မဲမြို့နယ် အတွင်းက နီးစပ်ရာရွာတွေကို တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ သူတို့တပ်တွေက နောင်ပိန်အစပ်နားထိ ရောက်လာပြီ။ ရွာကိုလည်း တဖြည်းဖြည်း ဝင်လာနေကြပြီပေါ့။ အဓိကတော့ နှစ်ဘက်တိုက်ပွဲကြားမှာမပိတ်အောင် အကုန်ရှောင်နေကြရပါတယ်။ နီးစပ်ရာကူညီပြီး ကယ်ထုတ်ပေးနေပါတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။

ကျောက်မဲမြို့ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ရန်ကုန်တိုင်းအခြေစိုက် တပ်မ(၁၁) လက်အောက်ခံ တပ်ရင်းတွေကို ပြီးခဲ့တဲ့သုံးရက်က ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့မှာဖော်ပြသလို TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ မိုးကုတ်မြို့ကို တစ်ပြိုင်နက် ထိုးစစ်ဆင်နေတာတွေ့ရတယ်လို့ စစ်ရေးလေ့လာသူ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA နဲ့ မဟာမိတ်တွေဟာ မန္တလေးတိုင်းက မိုးကုတ်အပါအဝင် ရှမ်းမြောက်က နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့တွေကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့တာပါ။

မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်က လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ကိုးကန့်တပ်ထံက ပြန်ရထားတဲ့ စစ်ကောင်စီဟာ စစ်တက္ကသိုလ်ရှိတဲ့ ပြင်ဦးလွင်မြို့အနီးက နောင်ချိုမြို့ကို TNLA ထံကနေ ဇွန်လထဲမှာ ပြန်ရယူခဲ့ပါတယ်။ အဲဒီနောက် နောင်ချို-လားရှိုးကြားမှာရှိတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်ယူဖို့ ထိုးစစ်တွေ ပြင်ဆင်လာတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပတ္တမြားတွင်းတွေရှိရာ မိုးကုတ်မြို့ကို ဒီရက်ပိုင်းဆက်တိုက်လေကြောင်းဗုံးကြဲနေသလို နောင်ချိုနဲ့ မိုးကုတ်ကြားက လမ်းပိုင်းတွေမှာလည်း TNLA တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ဒီလအတွင်း စစ်ကောင်စီက မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို လေကြောင်းဗုံးကြဲမှု ကိုးကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၄၀ ခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိထားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာသူတချို့

ဓါတ်ပုံ – SSPP Info

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."