ကျောက်တော် – ၂၀၂၄ ဇန်နဝါရီ ၁၁ (မော်ကွန်း)
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး ဗုံးသုံးကြိမ်ကြဲချတာကြောင့် အနည်းဆုံး အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကျောက်တော်မြို့မစျေးတန်းအပါအဝင် မြို့သစ်ရပ်ကွက်နဲ့ရှမ်းရွာရပ်ကွက်တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁၅ လုံး ဝန်းကျင်ကြဲချ တိုက်ခိုက်တာလို့ ပြောကြပါတယ်။
” စျေးမှာ လူတွေစည်ကားနေတုန်းအချိန် လာချတာ။ ပထမတစ်ကြိမ်လာချပြီးလို့ ထိခိုက်သူတွေကို လိုက်ရှာနေကြတုန်း နောက်တစ်ကြိမ်လာချတယ်။ ကျွန်တော်တို့လည်း စျေးထဲကနေ ကားနဲ့အပြေးမြန်သွားလို့ အသက်ရှင်သေးတာ။ ကျွန်တော်တို့မျက်မြင်တွေ့ခဲ့ရတဲ့ အလောင်းက ခြောက်လောင်းပါ။ ကျွန်တော်တို့လည်း ထွက်ပြေးလာရတော့ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတိအကျမသိခဲ့ရဘူး” လို့ အခင်းဖြစ်စဥ်နေရာမှာရှိနေခဲ့တဲ့ မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိဗုံးကြဲခံလိုက်ရတဲ့ နေရာတွေဟာ လူစည်ကားတဲ့ ရပ်ကွက်တွေဖြစ်တာကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ ပျက်စီးမှုတွေ များပြားနိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။
” ဆောက်လုပ်ရေးရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းရုံးမှာလည်း ကျတယ်။ အကုန်လုံးပျက်စီးသွားတယ်။ ပြီးတော့ ရွှေဆိုင်တန်းမှာလည်း သပ်သပ်တစ်လုံးလာကျတာ။ လူများတဲ့ နေရာတွေချည်းပဲ ကျသွားတာဆိုတော့ အထိအခိုက်ကတော့များနိုင်တယ်” လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်ကလည်းသတင်းထုတ်ပြန်ထားပေမယ့် ထိခိုက်သေဆုံးသူစာရင်းအတိအကျကို စစ်ဆေးပြီးမှ ထုတ်ပြန်သွားမယ်လို့ ဖော်ပြပြထားပါတယ်။
ဒီလ ၉ ရက်တုန်းကလည်း AA ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားများစွာ သေဆုံးထိခိုက်ခဲ့ရပါသေးတယ်။
ကျောက်တော်မြို့ကို AA က ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်ကစလို့ သိမ်းပိုက်ရရှိထားတာဖြစ်ပြီး ယခုတစ်ကြိမ် အပါအဝင် AA ကထိန်းချုပ်ပြီးနောက်ပိုင်း သုံးကြိမ်အထိ စစ်ကောင်စီက ဗုံးကြဲခဲ့ပြီ ဖြစ်ပါတယ်။

ပုံစာ- ဒုတိယအကြိမ် ဗုံးကြဲခံရစဉ်က ကျောက်တော်မြို့ မြင်ကွင်းနဲ့ ကျောက်တော်မြို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- ပေးပို့

