ကျောက်တော်- ၂၀၂၄ ဇန်နဝါရီ ၁၃ ( မော်ကွန်း)
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ပြီးခဲ့တဲ့စနေနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူ အရပ်သားကိုးဦး ထိတိုးလာသလို ဒဏ်ရာရသူလည်း ၃၀ အထိ ရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
” ဒဏ်ရာပြင်းထန်သူတွေ အရမ်းများပါတယ်။ သွေးသွင်းဖို့ သွေးရှာမရတာရယ်။ ဆေးဝါးအဆင်မပြေတာရယ်ကြောင့် သေဆုံးသူတွေက ထပ်တိုးလာနိုင်ခြေရှိနေပါတယ်” လို့ ကျောက်တော်မြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ဒီလ ၁၁ ရက် ၊မနက် ၉ နာရီကျော်မှာ ကျောက်တော်မြို့ပေါ်က လူစည်ကားတဲ့ ဓညဝတီလမ်းမကြီး၊ မြို့မစျေးတန်း၊ မြို့သစ်ရပ်ကွက်နဲ့ ရှမ်းရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူတွေ များခဲ့တာပါ။ အဆိုပါဗုံးကြဲခံရမှုကြောင့် လူနေအဆောက်အအုံတချို့လည်း ပျက်စီးသွားခဲ့ပါတယ်။
” ပထမအလုံးကြီးတစ်လုံးချတုန်းက အဖွဲ့အစည်းက ရုံးတစ်ရုံးကို အရင်ချတာ။ ဗုံးချသံကြားတော့ စျေးကလူတွေအကုန်ကြောက်လန့်ထွက်ပြေးနေတုန်း စျေးကိုလာချတာ။ တကယ်လို့ စျေးကိုသာ အရင်ချခဲ့ရင် ထိခိုက်မှုကတော့ မတွေးရဲစရာပါပဲ။ အခုလည်း မြို့ခံတွေက ကြောက်လန့်ပြီး လူများတဲ့နေရာတွေကိုတောင် မသွားရဲကြတော့ဘူး” လို့ အထက်ပါကျောက်တော်ဒေသခံက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်တော်မြို့မဈေးကို ယာယီပိတ်ထားရသလို မြို့တွင်းမှာလည်း အသွားအလာ ရှင်းလင်း တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။
ရခိုင်မှာ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ဒီနှစ်အစပိုင်းကတည်း က AA ထိန်းချုပ် မြို့ရွာတွေကို ဆက်တိုက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲနေတာဖြစ်ပြီး ဒီသီတင်းပတ်နှစ်ခုအတွင်းမှာ အရပ်သားထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာလည်း ရာနဲ့ချီလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြေပုံမြို့နယ်က ကမ်းထောင်း ကြီးမြို့နဲ့ ရမ်းဗြဲမြို့နယ်က ကျောက်နီမော် ရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ တို့ကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး ချင်းတောင်ပိုင်းက ပလက်ဝမြို့အပါအဝင် ကျန် ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို AA က သိမ်းပိုက်ထားပါတယ်။

ပုံစာ- လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲခံထားတဲ့ ကျောက်တော်မြို့က ရပ်ကွက်တစ်ခု(ယခင်အကြိမ်က ပုံဖြစ်သည်)
ဓါတ်ပုံ- ပေးပို့

