“ကျပ်ငွေသုံးသောင်းက လူတိုင်းရဖို့ပဲလိုတာပါ၊ ဘာလို့ဆို ဒီအချိန်မှာတော့ ကောက်ရိုးတစ်မျှင်ပဲ”

“ကျပ်ငွေသုံးသောင်းက လူတိုင်းရဖို့ပဲလိုတာပါ၊ ဘာလို့ဆို ဒီအချိန်မှာတော့ ကောက်ရိုးတစ်မျှင်ပဲ”

ဦးမင်းမင်းလတ်၊ ဥက္ကဌ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်။

မြင့်တက်နေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်းတစ်ခုလုံးကို အစိုးရက နေအိမ်မှာနေထိုင်ရေးအမိန့်ကို စက်တင်ဘာလကတည်းက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လူစုလူဝေးအလုံးအရင်းဖြစ်နေတဲ့ စက်ရုံအလုပ်ရုံတွေကိုလည်း ပိတ်ခိုင်းထားတာကြောင့် အလုပ်သမားတွေရော အလုပ်ရှင်တွေပါ ဒုက္ခရောက်ကြရပါတယ်။

အစိုးရအနေနဲ့ လူမှုဖူလုံကြေးသွင်းထားတဲ့ အလုပ်သမားတွေကို လစာရဲ့ ၄၀ ရာခိုင်နှုန်း ထောက်ပံ့မှာဖြစ်သလို လူမှုဖူလုံကြေး မသွင်းတဲ့၊ စက်ရုံလုပ်သားမဟုတ်တဲ့ အလုပ်သမားတွေကိုလည်း ထောက်ပံ့ငွေ တစ်ဦးကိုကျပ် ၃၀,၀၀၀ ပေးဖို့ ရှိနေပါတယ်။ အစိုးရနဲ့ပြုလုပ်တဲ့ ဒီအွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဦးမင်းမင်းလတ်ကို ဆက်သွယ်မြန်းထားတာထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ဂေထောမေးသည်။

မော်ကွန်း။ ။ အလုပ်သမားအဖွဲ့သမဂ္ဂတွေနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေ အွန်လိုင်းမှာ အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာမျိုးကို ဆွေးနွေးခဲ့ကြလဲ။

ဦးမင်းမင်းလတ်။ ။ နံပတ်တစ်အနေနဲ့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေ လစာထုတ်ဖို့ ခက်ခဲတာ။ စက်ရုံ၊ အလုပ်ရုံမှာ ရှိတဲ့သူတွေက လစာသွားထုတ်ဖို့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ညိနေတယ်။ လူစုလူဝေးဖြစ်မှာပေါ့၊ သွားထုတ်လို့မရဘူးဆိုတဲ့ဥစ္စာကို သွားထုတ်လို့ရအောင် ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာအပေါ်မှာ ဆွေးနွေးတယ်။ ဒီအပေါ်မှာတော့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်လည်း ဒါကို ကူပေးမယ်၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ကျန်းမာရေးဝန်ကြီးနဲ့ သူ ဆွေးနွေးထားပါတယ်ဆိုတာပြောတယ်။ နောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဒီဟာကိုထုတ်ပြန်ပေးမယ်ဆိုတာလည်း ပြောပါတယ်။

နောက်တစ်ခုက ကြားကာလမှာပိတ်လိုက်တဲ့အတွက် လူမှုဖူလုံရေးကနေပြီးတော့ ၄၀ ရာခိုင်နှုန်း ခံစားခွင့်ပေါ့။ အလုပ်သမားတွေက ဒီအချိန်မှာအရမ်းကြပ်တည်းတော့ မြန်မြန်ဆန်ဆန်ရဖို့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ကို ကျွန်တော်တို့ပြောတဲ့အတွက် ပြည်ထောင်စုဝန်ကြီးကလည်း အမြန်ဆုံး စီစဉ်ဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းက အဓိကဖြစ်နေတာပေါ့။ ရန်ကုန်တိုင်းအတွက်ကို လူမှုဖူလုံကြေးကို သူတို့တွက်ချက်ပြီးတော့ပေးမယ်။ ဘယ်လိုစနစ်တွေနဲ့ ပေးမယ်ဆိုလို့ရှိရင် ဘဏ်အကောင့်ကနေ အလုပ်ရှင်တွေဆီကို လွှဲပေးပါမယ်။ အလုပ်ရှင်ကနေ အလုပ်သမားတွေကို ပြန်ပေးနိုင်အောင် ဒါကိုသဘောတူညီမှုရတယ်။

နောက်တတိယအချက်အနေနဲ့ လူမှုဖူလုံရေးအကျုံးမဝင်တဲ့ လုပ်သားတွေပေါ့။ အဲဒီမှာတော့ ပန်းရံတို့၊ လက်သမားတို့ ၊ ဆောက်လုပ်ရေးလုပ်သားတွေပါမယ်၊ ကုန်တင်ကုန်ချ အလုပ်သမားတွေပါမယ်၊ နောက်ဆိုင်ကယ်ကယ်ရီဆွဲတဲ့ သူတွေပါမယ်။ အခုချိန်မှာ အလုပ်မလုပ်ရတော့ သူတို့တွေက လူမှုဖူလုံကြေး ခံစားခွင့်လည်းမရှိတဲ့အတွက် Stay at Home ကာလမှာ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေး အရမ်းခက်ခဲတယ်။ အဲဒီအတွက်လည်း အစိုးရအနေနဲ့ စီစဉ်ထားတာ ရှိတယ်ဆိုတာလည်း သူတို့ကတရားဝင်ပြောပါတယ်။ ဒီကာလအတွက် တစ်ဦးကို ၃၀,၀၀၀ ကျပ်နှုန်း ထောက်ပံ့ဖို့ကိုလည်း သူတို့ စီစဉ်‌ဆောင်ရွက်ထားပါတယ်။

မော်ကွန်း။ ။ အလုပ်သမားတွေက အလုပ်ဆင်းတဲ့ရက်ကိုပဲ လုပ်ခလစာရတဲ့အတွက် အခုပေးတဲ့ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းကရော အချို့အလုပ်သမားတွေရဲ့ စားဝတ်နေရေး၊ အိမ်ငှားခ၊ အဆောင်ငှားခတွေရှိတဲ့အတွက် လုံလောက်မှုရောရှိရဲ့လား။ အလုပ်ရှင်တွေဘက်ကရော ထပ်တိုးပေးဖို့ အစီအစဉ်ရှိရဲ့လား။

ဦးမင်းမင်းလတ်။ ။ အလုပ်ရှင်တွေဘက်က ဘာမှမရှိဘူး။ မနေ့က အစည်းအဝေးမှာလည်း အလုပ်ရှင် ဘက်ခြမ်းမပါတဲ့အတွက် အလုပ်ရှင်တွေရဲ့ သဘောထားဆန္ဒကိုမသိပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက တစ်ချို့စက်ရုံတွေမှာ ၂၀ ရာခိုင်နှုန်း ပိုပေးလိုက်တဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့က ဒေါ်ခိုင်ဇာအောင်ကတော့ အလုပ်သမားဘက်ကနေ တင်ပြတာရှိပါတယ်။ ၄၀ ရာခိုင်နှုန်းက မလောက်ငှဘူး။ အစိုးရကလည်း နိုင်ငံတော်က အခုချိန်မှာအကြပ်အတည်းဖြစ်နေတာဆိုတော့ အားလုံးဝိုင်းကူရမှာ‌ပေါ့။ အဲဒီတော့ အလုပ်ရှင်တွေကို ပြောပေးဖို့။ မေတ္တာရပ်ခံပေးဖို့ ပြောထားတာရှိပါတယ်။

မော်ကွန်း။ ။ ဒီကာလမှာ အဆောင်ငှားခ၊ အိမ်လခမပေးနိုင်တဲ့ အလုပ်သမားနဲ့ အိမ်ရှင်ကြားထဲမှာ ဖြစ်တဲ့ ပြဿနာတွေ ရှိလား။ အစ်ကိုတို့ဆီ အကူညီတောင်းတဲ့ အလုပ်သမားတွေကို ဖြေရှင်းပေးတာမျိုးရှိလား။

ဦးမင်းမင်းလတ်။ ။ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဆောင်ရှင်ကလည်း လစာရမှ အဆောင်ခယူမယ်လို့ ငှားထားတာမဟုတ်ဘူး။ အဆောင်ရှင်ဘက်ကပြောတာကျတော့ လစာရမှ ပေးရတာမဟုတ်ဘူး။ လဆန်း ၅ ရက်ဆိုရင် ပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့။ အဲဒီအတွက် အလုပ်သမားတွေ အခက်အခဲဖြစ်ကြတယ်။ အရှေ့ဒဂုံမှာ မနေ့ကတောင် ပြဿနာတက်ပါတယ်။ အလုပ်သမား ၃၀ ကျော်ပေါ့။ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားက အဆောင်နေသူတွေ ဖြစ်တယ်။ လကုန်လာပြီ။ ၉ ရက်၊ ၁၀ ရက် ဖြစ်လာပြီ။ အခုချိန်ထိ မပေးဘူးဆိုတဲ့ဟာဖြစ်တော့ မနေ့က အတတ်နိုင်ဆုံးတော့ သွားရောက်ပြီး ကျွန်တော်တို့ အခြေခံသမဂ္ဂခေါင်းဆောင်နဲ့ စည်းရုံးရေးသမားတွေသွားရောက်ပြီး ခဏပေါ့၊ ခေတ္တစောင့်ဆိုင်းပေးဖို့ ကျွန်တော်တို့ ပြောပါတယ်။ အဲဒါကြောင့်မို့ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဒီကြားထဲမှာ လုပ်ခလစာ အမြန်ထုတ်ပေးဖို့ရယ်၊ အဲဒီအပြင် ၄၀ ရာခိုင်နှုန်းကို လည်း အမြန်ဆုံး ထုတ်ပေးဖို့ ပြောဆိုတာပါ။

ဘာလို့လဲဆို နှစ်ခုလုံးရမှပဲ နည်းနည်း‌လေးချောင်မယ်။ တစ်ချို့ကျ တော့လည်း လစာပဲ ရလိုက်တဲ့အတွက်ကြောင့်မို့၊ တစ်ချို့စက်ရုံတွေက ၂၁ ရက်အထိပဲ အလုပ်ဆင်းခဲ့ရတာ ရှိတယ်။ တစ်ချို့စက်ရုံတွေက ၂၃ ရက်အထိ ဆင်းခဲ့ရတာရှိတယ်။ အလုပ်ရှင်တွေကလည်း အဲဒီအပေါ်မှာပဲ လုပ်အားခ ရှင်းခဲ့တာရှိတယ်။ ပြောရရင်တော့ အခက်အခဲတွေကတော့ ရှိတယ်။ ဒါပေမဲ့ အခု ဒုတိယလှိုင်းမှာလည်း အရမ်းပြင်းထန်တယ်။ ဒါကိုတော့ လူတိုင်းသိတယ်။ အလုပ်သမားအတွက် စက်ရုံတွေ ပြန်ဖွင့်ပေးဖို့ကလည်း ကျွန်တော်တို့ပြောလို့ အဆင်မပြေပါဘူး။ အခုက ပိတ်ကို ပိတ်ထားရမှာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျော်ဖြတ်ဖို့အတွက်ကို အားလုံးက ဝိုင်းဝန်းပြီး အနစ်နာခံပြီး သွားကြရမယ်လို့ မြင်ပါတယ်။

မော်ကွန်း။ ။ လူမှုဖူလုံကြေး အကျုံးမဝင်တဲ့သူတွေကို နိုင်ငံတော်ကနေ ကျပ် ၃၀,၀၀၀ ထောက်ပံ့မယ့် အစီစဉ်ကရော လက်ရှိအလုပ်ကိုင်မလုပ်ရတဲ့ အလုပ်သမားတွေအတွက် လုံလောက်ရဲ့လား။ ဘယ်လိုမြင်မိလဲ။

ဦးမင်းမင်းလတ်။ ။ မဖြေဘဲနဲ့လည်း အများသိနေတဲ့ မေးခွန်းပါပဲ။ ကျပ်ငွေ ၃၀,၀၀၀ ဆိုတာ မလောက်ဘူး။ ဒါပေမဲ့ ကျပ်ငွေ ၃၀,၀၀၀ က လူတိုင်းရဖို့ပဲ လိုတာပါ။ ဘာလို့ဆို ဒီအချိန်မှာတော့ ကောက်ရိုးတစ်မျှင်ပဲ။ အဲဒီတော့ လူတွေ မစားရဘူး။ အလုပ် မလုပ်ရဘူး။ မလုပ်ရတဲ့အတွက် စားဝတ်နေရေး ကြပ်တည်းနေကြတယ်။ အဲဒီအချိန်မှာ ငွေ ၃၀,၀၀၀ က ဘာပဲဖြစ်ဖြစ် ကောက်ရိုးတစ်မျှင်ပေါ့။ အဲဒီအတွက်ကို ကျွန်တော်တို့အနေနဲ့ အစိုးရကိုကျေးဇူးတင်တယ်။ အခုချိန်မှာ နိုင်ငံတော်အနေနဲ့လည်း အရမ်းအကြပ်အတည်း ဖြစ်နေတယ်။ ဝိုင်းဝန်းပြီးတော့ပဲ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျပ်ငွေ ၃၀,၀၀၀ သည် လောက်ခြင်း၊ မလောက်ခြင်းဆိုတာထက် တကယ် အခက်အခဲဖြစ်နေတဲ့ သူတွေ၊ အလုပ်သမားတွေ လက်ထဲကို ရောက်ဖို့ အဓိကထားပြီး ဆောင်ရွက်ရပါမယ်။

မော်ကွန်း။ ။ ထောက်ပံ့ငွေ ကျပ် ၃၀,၀၀၀ ကရော အစိုးရကနေ အလုပ်သမားအားလုံးကို ဘယ်လို ပုံစံမျိုးနဲ့ လျှောက်ခိုင်းပြီး ဘယ်တော့လောက်ပေးမှာလဲ။

ဦးမင်းမင်းလတ်။ ။ မနေ့ကအစည်းအဝေးအရတော့ အစောဆုံး၊ အမြန်ဆုံးလုပ်ဖို့ ရည်ရွယ်တာကတော့ ကျွန်တော်တို့ အောက်တိုဘာဒုတိယပတ်မှာ စတင်ပြီးပေးနိုင်အောင် ဆောင်ရွက်မယ်ဆိုတာ ပြောပါတယ်။ အလုပ်သမားတွေကို များများသိစေချင်တယ်။ မသိတော့ သွားပြီးတော့မတင်ထားဘူး၊ ကျန်နေခဲ့တယ်၊ မရဘူးဆိုတာ ဖြစ်နေမှာပဲ စိုးရိမ်တယ်။ တကယ်လိုအပ်နေတဲ့သူလက်ထဲ အမှန်တကယ် ရောက်စေချင်တယ်။ စက်မှုဇုန်အတွင်းမှာရှိတဲ့ အလုပ်သမားတွေဆိုရင် ဇုန်ကော်မတီမှာ စာရင်းပေးရပါလိမ့်မယ်။ စက်မှုဇုန်ပြင်ပမှာရှိနေတဲ့ လူတွေဆိုရင် အလုပ်သမားရုံးတွေမှာ သွားရောက် စာရင်းပေးရပါလိမ့်မယ်။

မော်ကွန်း။ ။ ထောက်ပံ့ငွေက ရန်ကုန်တတိုင်းလုံးဆို ဘယ်လောက်ထောက်ပံ့ဖို့ လျာထားလဲ။
ဦးမင်းမင်းလတ်။ ။ ကျပ်ငွေ ၂၀ ဘီလီယံကျော်ပါ။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."